သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်း ဘာသာရေး ခွဲခြားဖိနှိပ်မှုရှိနေဆဲ


မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံအရ ဘာသာရေး လွတ်လပ်ခွင့်ကို အာမခံထားပေမယ့်လည်း ဘာသာရေးအရ ခွဲခြားဆက်ဆံမှုတွေ ရှိနေတုန်းပဲလို့ ဘာသာပေါင်းစုံ ချစ်ကြည်ရေး လှုပ်ရှားနေသူတွေက ရှုမြင်နေပါတယ်။ မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံကို ကမ္ဘာမှာ အဆိုးရွားဆုံး ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှုနိုင်ငံတွေအဖြစ် တနင်္လာနေ့က ထုတ်ပြန်တဲ့ USCIRF နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် စောင့်ကြည့်ရေး အမေရိကန်ကော်မရှင် ရဲ့ ၂၀၁၉ခုနှစ် အစီရင်ခံစာမှာ ဖေါ်ပြထားတာပါ။ မအိသန့်စင် တင်ဆက်ပေးပါလိမ့်မယ်။

USCIRF က ထုတ်တဲ့ အဲဒီ အစီရင်ခံစာထဲမှာ စိုးရိမ်စရာ အကောင်းဆုံး နိုင်ငံစာရင်းတွေထဲမှာ မြန်မာလည်းပါဝင်သလို မြန်မာအိမ်နီးချင်း တရုတ်နိုင်ငံကိုလည်း ထည့်သွင်းထားပါတယ်။ ဝီဂါမူဆလင်ကို ထိန်းသိမ်းရေး စခန်းတွေမှာ ပိတ်ထားပြီး ညှင်းပန်းနှိပ်စက်မှုတွေ လုပ်ဆောင်နေတဲ့ တရုတ်နိုင်ငံဟာ ဘာသာရေး လွတ်လပ်ခွင့်ချိုးဖောက်မှု အဆိုးရွားဆုံးနိုင်ငံဖြစ်ကြောင်း နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့် စောင့်ကြည့်ရေး အမေရိကန်ကော်မရှင် USCIRF ကော်မရှင်နာ Gary Bauer က ပြောပါတယ်။

“ဝီဂါမူဆလင်တွေအပေါ်မှာသာမက တိဘက်ဗုဒ္ဓဘာသာဝင်တွေ၊ ဖလွန်ဂေါင်း (Falun Gong) လို အဖွဲ့မျိုးတွေ၊ တရားဝင်မှတ်ပုံတင်ထားတဲ့ ဘုရားကျောင်းတွေကအစ ဘာသာရေး လွတ်လပ်ခွင့်ချိုးဖောက်မှု ရှိနေတာပါ။ တရုတ်ကွန်မြူနစ် အစိုးရမဟုတ်တဲ့ တခြားတခုခုအပေါ် တရုတ်နိုင်ငံသားတယောက် သက်ဝင်ယုံကြည်တာကို တရုတ်အစိုးရက တွေ့ရင်တွေ့သလို ခြိမ်းခြောက်မှုတွေ လုပ်ဆောင်ပြီး ဒီလို တခြားယုံကြည်မှုပျောက်အောင် နည်းမျိုးစုံနဲ့ လုပ်ဆောင်ပါတယ်။”

USCIRF ရဲ့ ၂၀၁၉ခုနှစ်အစီရင်ခံစာမှာ ဖေါ်ပြထားတဲ့ Tier 1 အဆင့် CPCs အထူးစိုးရိမ်ဖွယ်ရာ နိုင်ငံစာရင်း တွေထဲမှာ- အမေရိကန်နိုင်ငံခြားရေးဌာနက ၂၀၁၈ခုနှစ်က CPCs အဖြစ် သတ်မှတ်ထားတဲ့ မြန်မာ၊ တရုတ်၊ အီရီထရီယာ၊ အီရန်၊ မြောက်ကိုရီးယား၊ ပါကစ္စတန်၊ ဆော်ဒီအာရေဗျ၊ ဆူဒန်၊ တာဂျစ်ကီစတန်၊ တာမီနီစတန် စတဲ့ နိုင်ငံပေါင်း ၁၀ နိုင်ငံအပါအဝင် အရင် CPCs စာရင်းထဲ မပါဝင်သေးတဲ့ ဗဟိုအာဖရိက သမ္မတ နိုင်ငံ၊ နိုင်ဂျီးရီးယား၊ ရုရှား၊ ဆီရီးယား၊ ဥဘာကစ်စတန်နဲ့ ဗီယမ်နမ်တို့ ပါဝင်ပါတယ်။

၁၉၉၉ ခုနှစ်ထဲက အထူးစိုးရိမ်ဖွယ်ရာ နိုင်ငံစာရင်း CPCs မှာ ထည့်သွင်းခံရတဲ့ မြန်မာနိုင်ငံရဲ့ ဘာသာရေးလွတ်လပ်ခွင့်ဟာ အဆိုးဘက်လမ်းကြောင်းကို ဦးတည်နေတဲ့အတွက် ဒီစာရင်းမှာ ဆက်ပြီး ထည့်သွင်းသွားဦးမှာ ဖြစ်ကြောင်း USCIRF ကော်မရှင်နာ Gayle Manchin က VOA မြန်မာပိုင်းကို ပြောပါတယ်။

အထူးသဖြင့် ပြီးခဲ့တဲ့နှစ်က ရိုဟင်ဂျာ မူဆလင်တွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ မြန်မာအစိုးရ၊ စစ်တပ်နဲ့ အခြားအဖွဲ့အစည်းတွေကနေ တာဝန်ခံမှု၊ တာဝန်ယူမှု လုံးဝမရှိတဲ့အပြင် ဒီလို မကျူးလွန်ခဲ့ပါဘူးလို့လည်း သူတို့က ငြင်းဆန်နေတာဖြစပြီး အထူးသဖြင့် ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှု အဆင့်ထိကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေကြောင့် မြန်မာနိုင်ငံကို CPCs စာရင်းထဲမှာ ဆက်လက်ထည့်သွင်းရတာလို့ Manchin က VOA ကို ပြောခဲ့ပါတယ်။ ရိုဟင်ဂျာဆိုတဲ့နာမည်ကို အသိအမှတ် ပြုမထားတဲ့ မြန်မာအစိုးရကတော့ ရခိုင်ပြည်နယ်က ထွက်ပြေးသွားရတဲ့ ဒုက္ခသည်တွေ နေရပ်ရင်းကို ပြန်နိုင်ရေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတွင်း ဘာသာပေါင်းစုံချစ်ကြည်ရေးမှာ ဦးဆောင်လှုပ်ရှားနေသူတဦးဖြစ်တဲ့ ဦးအေးလွင်ကတော့ မြန်မာနိုင်ငံဟာဖွဲ့စည်းပုံအရ ဘာသာရေးလွတ်လပ်ခွင့်ကို အာမခံထားပေမယ့် လက်တွေ့မှာ အခုအချိန်အထိ ဘာသာရေးအရ ခွဲခြားကန့်သတ်မှုတွေ ရှိနေတုန်းပဲလို့ ဗွီအိုအေကို ပြောပါတယ်။

"မြန်မာပြည်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတိုင်းမှာ ၇၄ ဥပဒေတောင်မှ ဒီအသိအမှတ်ပြုထားသော ဘာသာကြီး ၄ ရပ်စလုံးဟာ ဘာသာကို အကြောင်းပြု၍ မည်သူတဦးတယောက်ကိုမျှ ခွဲခြားဆက်ဆံမှု မရှိစေရဆိုတဲ့ဟာ ပါပါတယ်။ စာထဲမှာပါတဲ့ဟာကတော့ လက်တွေ့မှာ မဖြစ်သေးတာကတော့ အသေအချာပါ။ အခုထက်ထိလည်း မဖြစ်သေးပါဘူး။ အများကြီး လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ အထူးသဖြင့် ကျနော်တို့ အစ္စလာမ်ဘာသာဝင်များ ဥပမာဆိုလို့ရှိရင် ကျနော်တို့ ကိုးကွယ်ဖို့အတွက်ဆိုရင် ဝတ်ပြုဖို့အတွက် လူဦးရေက တိုးပွားလာတယ်။

၁၉၆၂ ခုနှစ်က အစပြု၍ ဗလီတလုံးမှ အသစ်စတင်ပြီးတော့ ဆောက်လို့ မရသေးပါဘူး။ နောက်အရေးအခင်းတွေ ဖြစ်လိုက်ပြီဆိုလျှင်လည်းပဲ အဲ့ဒါ ဘာသာရေး အဆောက်အဦးတွေကို တိုက်ခိုက်ခံရတဲ့ အခါကျတော့ အဲ့ဒီဘာသာရေး အဆောက်အဦးတွေကို ပိတ်တယ်။ ပိတ်ပြီးရင် ပြန်ဖွင့်ဖို့ ကိစ္စရပ်တွေကိုလည်း မဖွင့်ရသေးဘူး။ နောက်တခါ ဒီဘာသာရေးအဆောက်အဦးတွေက တရားဝင်လုပ်တာ မဟုတ်ဘူး... စတဲ့ အကြောင်းပြချက်တွေ ပါတယ်။ လက်တွေ့ကတော့ ကိုးကွယ်တဲ့သူများရှိသော်လည်း ကိုးကွယ်စရာနေရာများ မရှိဘူး။ ဒီအခက်အခဲတွေ ရှိနေတယ်။ ပိတ်နေတာတွေလည်း မဖွင့်သေးပါဘူး။ ဒါက ဝတ်ပြုကိုးကွယ်မှုနဲ့ ပတ်သက်လို့ပါ။

နောက်တခါ ကျနော်တို့ နိုင်ငံသားဖြစ်ရေး ကိစ္စတွေမှာလည်းပဲ ပြည်မမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်များဟာ ဘယ်လောက်ပဲ လူကြီးတွေနဲ့ တွေ့ဆုံတဲ့ နေရာမှာ ပြောပြော အစ္စလာမ် ဘာသာဝင်ဆိုတာနဲ့ သွေးနှောဆိုပြီးတော့ တခါမှ ကမ္ဘာမှာ မကြားဘူးတဲ့ နာမယ်တွေတပ်ပြီးတော့ အဲ့ဒါတွေနဲ့ ထုတ်ပေးတဲ့သူလည်း ထုတ်ပေးတယ်။ ထုတ်မပေးတဲ့လူလည်း ထုတ်မပေးဘူး။ အဲ့လို မှတ်ပုံတင်မရတဲ့ အခါကျတော့ ကလေးတွေ ပညာသင်ကြားရေးမှာလည်း အခက်အခဲရှိတယ်။ Passport တွေဘာတွေ လျှောက်တဲ့ နေရာမှာလည်း အခက်အခဲရှိတယ်။"

ဗုဒ္ဒဘာသာအများစုရှိတဲ့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကို အခြေခံတဲ့ အမျိုးသားရေး လှုပ်ရှားမှုတွေကလည်း အခုနှစ်ပိုင်းတွေအတွင်း အားကောင်းလာပါတယ်။ ဒါဟာ တဖက်မှာ အခြားဘာသာခြားတွေကို ဖိနှိပ်ကန့်သတ်ဖို့ တွန်းအားပေးသလိုလည်း ဖြစ်လာတယ်လို့ ဘာသာပေါင်းစုံ ချစ်ကြည်ရေး လှုပ်ရှားသူတွေက ယူဆကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG