သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်တဲ့ စိုးရိမ်ဖွယ်ရာ နိုင်ငံများစာရင်းမှာ မြန်မာပါဝင်


USCIRF နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့် စောင့်ကြည့်ရေး အမေရိကန်ကော်မရှင် ရဲ့ ၂၀၁၉ခုနှစ် အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲ
USCIRF နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့် စောင့်ကြည့်ရေး အမေရိကန်ကော်မရှင် ရဲ့ ၂၀၁၉ခုနှစ် အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲ

မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံကို ကမ္ဘာမှာ အဆိုးရွားဆုံး ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုနိုင်ငံတွေအဖြစ် မနေ့ တနင်္လာနေ့က ထုတ်ပြန်တဲ့ USCIRF နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့် စောင့်ကြည့်ရေး အမေရိကန်ကော်မရှင် ရဲ့ ၂၀၁၉ခုနှစ် အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုထိ ဖိနှိပ်ညှင်းပန်းမှုတွေ ကျူးလွန်ခဲ့တဲ့လုပ်ရပ်မှာ တာဝန်ရှိသူတွေကို ICJ နိုင်ငံတကာတရားရုံးတင် အရေးယူနိုင်ဖို့ ဒီနှစ် အစီရင်ခံစာမှာ အကြံပြုထားကြောင်း ကော်မရှင်နာ Gayle Manchin က ဗွီအိုအေကိုပြောပါတယ်။

ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံတင်ပြမှာပါ။

နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့် စောင့်ကြည့်ရေး အမေရိကန်ကော်မရှင် USCIRF ဟာ အမေရိကန်အစိုးရရဲ့ မူဝါဒချမှတ်ရေးဆိုင်ရာ အကြံပေး အဖွဲ့ဖြစ်သလို ဒီမိုကရက်နဲ့ ရီပါပလင်ကန် ပါတီကြီးနှစ်ခုလုံးက အဆိုပြုထားသူတွေနဲ့ ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့ အဆင့်မြင့် စုံစမ်းရေးကော်မရှင်ဖြစ်ပါတယ်။

ကမ္ဘာနိုင်ငံအသီးသီးမှာ ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်တဲ့ နိုင်ငံတွေကို စောင့်ကြည့် စုံစမ်းပြီး နှစ်စဉ် အစီရင်ခံစာ ထုတ်ပြန်နေရာမှာ ၂၀၁၉ခုနှစ် အစီရင်ခံစာအတွက် ကမ္ဘာမှာ အဆိုးရွားဆုံး ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုနိုင်ငံတွေ ထဲ မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံကိုဖေါ်ပြထားပြီး အထူး စိုးရိမ်ဖွယ်ရာ နိုင်ငံတွေစာရင်း Tier 1 အဖြစ် သတ်မှတ် ဖေါ်ပြထားပါတယ်။ မြန်မာနိုင်ငံကို အထူးစိုးရိမ်ဖွယ်ရာ နိုင်ငံစာရင်း CPCs မှာ သတ်မှတ်ဖေါ်ပြရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်လို့ USCIRF ကော်မရှာနာ Gayle Manchin က ဗွီအိုအေကို အခုလိုရှင်းပြပါတယ်။

“တကယ်တမ်းမှာတော့ ၁၉၉၉ ခုနှစ်ကတည်းကစပြီး အမေရိကန်နိုင်ငံခြားရေးဌာနကနေ မြန်မာနိုင်ငံကို အထူးစိုးရိမ်ဖွယ်ရာ နိုင်ငံစာရင်း CPCs မှာ ထည့်သွင်းသတ်မှတ်ခဲ့သလို၂၀၁၈ခုနှစ် နိုဝင်ဘာလ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာလည်း ဆက်ပြီး ဖေါ်ပြခဲ့ပါတယ်။ USCIRF အနေနဲ့လည်း ၂၀၁၉ခုနှစ်အတွက် မြန်မာနိုင်ငံကို ဆက်လက်ပြီး CPCs စာရင်းမှာထည့်သွင်းသတ်မှတ်ဖို့ အကြံပြုထားပါတယ်။ ဘာကြောင့်လည်းဆိုတော့ မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်ဟာ အဆိုးဘက်လမ်းကြောင်းကို ဦးတည်နေပါတယ်။ ပြီးခဲ့တဲ့နှစ်ကဆိုရင် အထူးသဖြင့် ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ မြန်မာအစိုးရ၊ စစ်တပ်နဲ့ အခြားအဖွဲ့အစည်းတွေကနေ တာဝန်ခံမှု၊ တာဝန်ယူမှု လုံးဝမရှိတဲ့အပြင် ဒီလို မကျူးလွန်ခဲ့ပါဘူးလို့လည်း သူတို့က ငြင်းဆန်နေတာဖြစ်ပါတယ်။ လူ့အခွင့်အရေး၊ ဘာသာရေးအရ ခွဲခြား ဖိနှိပ်ခံရသူတွေအတွက် တရားမျှတမှုရဖို့ဆိုတာ မျှော်လင့်ချက် အနည်းငယ်ပဲရှိပါတယ်။ အထူးသဖြင့် ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားမှု အဆင့်ထိကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေကြောင့်ဖြစ်ပါတယ်။ ဒီအချက်တွေဟာ မြန်မာနိုင်ငံကို CPCs စာရင်းထဲမှာ ဆက်လက်ထည့်သွင်းဖို့ အဓိကအကြောင်းအရင်းတွေဖြစ်ပါတယ်။”

ဒါကြောင့် ၂၀၁၉ခုနှစ် အစီရင်ခံစာမှာ မြန်မာနိုင်ငံက လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားမှုထိ ပြစ်မှုကျူးလွန်သူတွေကို ICJ နိုင်ငံတကာတရားရုံးတင် စစ်ဆေးနိုင်ရေး အမေရိကန်အစိုးရအနေနဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ USCIRF ကအကြံပေးထားကြောင်း Gayle Manchin က ပြောပါတယ်။

“ ဖိနှိပ်ညှင်းပန်းမှုတွေ ကျူးလွန်ကြောင်း သက်သေအထောက်အထား အချက်အလက်တွေ စုဆောင်း ရယူမှုကို ဆက်ပြီးလုပ်ဆောင်ဖို့၊ ပြစ်မှုကျူးလွန်သူတွေကို အသေအချာ အပြစ်ပေးအရေးယူနိုင်ရေး သက်သေအထောက်အထားတွေ စုဆောင်းဖို့ ကြိုးပမ်းအားထုတ်နေတဲ့ လူတွေကို အကူအညီပေးဖို့၊ ဒဏ်ခတ်အရေးယူမှုတွေချမှတ်ဖို့၊ အစိုးရနဲ့ စစ်တပ်က တာဝန်ရှိသူတွေရော၊ သီးခြား အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေကိုပါ အရေးယူနိုင်ရေး ကုလသမဂ္ဂနဲ့ ပူးပေါင်းပြီး ခုံရုံးဖွဲ့ပြီး(ICJ) International Court of Justice နိုင်ငံတကာ တရားရုံးတင်နိုင်ရေး ကြိုးပမ်းအားထုတ်ဖို့၊ ဒီလိုလုပ်ဆောင်ဖို့အကြံပြုရတာလည်း မြန်မာအစိုးရကိုယ်တိုင် တရားမျှတမှုရအောင် ဆောင်ရွက်နိုင်မှာ မဟုတ်လို့ပါ။ ဒီလိုရက်စက်ကြမ်းကြုတ်မှုနဲ့ပတ်သက်တဲ့ အခြေအနေတချို့အတွက်တရားမျှတမှုရရေး နိုင်ငံတကာအနေနဲ့ ဝိုင်းဝန်းဆောင်ရွက်လာဖို့လည်း ဖြစ်ပါတယ်။”

နောက်ထပ် အရေးပါတဲ့ အကြံပြုချက်တခုအဖြစ် ၂၀၁၆ခုနှစ် အောက်တိုဘာလက သမ္မတ အိုဘားမား လက်ထက် ရုပ်သိမ်းခဲ့တဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုရဲ့ National Emergency အရေးပေါ်အက်ဥပဒေ ကို ပြန်ပြီး ပြဌာန်းဖို့ ပါဝင်ကြောင်း Gayle Manchin ကပြောပါတယ်။

“ ဒီအကြံပြုချက်တွေ ကျမတို့ရေးတဲ့နေရာမှာ မျှော်လင့်ချက်တွေရှိနေပါတယ်။ ဥပမာ ဘာသာရေးလွတ်လပ်ခွင့်ကို ပြင်းပြင်းထန်ထန်ချိုးဖောက်မှုကို အဓိကထားပြီးမြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန်ပြည်ထောင်စု အရေးပေါ်အက်ဥပဒေ ကို ပြန်ပြီး ပြဌာန်းတာမျိုးပါ။ အဲဒီလိုပြဌာန်းရမှာလည်း ဒီလို ရက်ရက်စက်စက် ကျူးလွန်မှုတွေဟာ လူသားထုအပေါ် ရာဇဝတ်ကျူးလွန်မှု မြောက်တဲ့အဆင့် ဒါမှမဟုတ် လူမျိုးတုန်း သတ်ဖြတ်တဲ့ အဆင့်ထိ ရောက်နေတယ်ဆိုတာ အသေအချာ အဓိပ္ပါယ်ဖွင့်ဆို သတ်မှတ်ချက် ရှိရမှာဖြစ်ပါတယ်။”

တဖက်မှာလည်း မြန်မာနိုင်ငံမှာ ဘာသာရေး၊ လူမျိုးရေးနဲ့ ပတ်သက်တဲ့ သည်းခံစိတ်ကင်းမှု ကို တိုက်ဖျက်တာ၊ အားလုံးပါဝင်မှုနဲ့ ခွဲခြားမှုပပျောက်ရေး တိုးမြှင့်ဆောင်ရွက်တာ စတာတွေမှာ အကူအညီပေးရေး မြန်မာ အစိုးရအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့လည်း အမေရိကန်အစိုးရကို အကြံပြုထားကြောင်း Gayle Manchin က ဆိုပါတယ်။

အထူးသဖြင့် လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှု ပြန့်ပွားနေတဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဖြစ်လာစေတဲ့ ဆိုရှယ်မီဒီယာတွေကနေတဆင့် အမုန်းတရားပွားများစေတာတွေကို တိုက်ဖျက်ဖို့ မြန်မာအစိုးရနဲ့ ပူးပေါင်း အကူအညီပေးရေး အရေးပါကြောင်း Gayle Manchin ကဗွီအိုအေကိုပြောပါတယ်။

USCIRF ရဲ့ ၂၀၁၉ခုနှစ်အစီရင်ခံစာမှာ ဖေါ်ပြထားတဲ့ Tier 1 အဆင့် CPCs အထူးစိုးရိမ်ဖွယ်ရာ နိုင်ငံစာရင်း တွေထဲမှာ- အမေရိကန်နိုင်ငံခြားရေးဌာနက ၂၀၁၈ခုနှစ်က CPCs အဖြစ် သတ်မှတ်ထားတဲ့ မြန်မာ၊ တရုတ်၊ အီရီထရီယာ၊ အီရန်၊ မြောက်ကိုရီးယား၊ ပါကစ္စတန်၊ ဆော်ဒီအာရေဗျ၊ ဆူဒန်၊ တာဂျစ်ကီစတန်၊ တာမီနီစတန် စတဲ့ နိုင်ငံပေါင်း ၁၀ နိုင်ငံအပါအဝင် အရင် CPCs စာရင်းထဲ မပါဝင်သေးတဲ့ ဗဟိုအာဖရိက သမ္မတ နိုင်ငံ၊ နိုင်ဂျီးရီးယား၊ ရုရှား၊ ဆီရီးယား၊ ဥဘာကစ်စတန်နဲ့ ဗီယမ်နမ်တို့ ပါဝင်ပါတယ်။

Tier 1 အဆင့် လောက်မဆိုးတဲ့ Tier 2 အဆင့် နိုင်ငံပေါင်း ၁၂ နိုင်ငံထဲမှာတော့- အာဖဂန်နစ္စတန်၊ အာဇာဘိုင်ဂျန်၊ ဘာရိန်း၊ ကျူဘား၊ အီဂျစ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီရတ်၊ ကာဇာကစ်စတန်၊ လာအိုစ်၊ မလေးရှားနဲက တူရကီနိုင်ငံတွေ ပါဝင်ပါတယ်။

ဘာသာရေး အကြမ်းဖက်မှုအဖွဲ့အစည်းတွေအဖြစ် အီရတ်နဲ့ ဆီရီးယားမှာရှိနေတဲ့ IS စစ်သွေးကြွအဖွဲ့၊ အာဖဂန်နစ္စတန်က တာလီဘန်အဖွဲ့၊ ဆိုမာလီးယားက al-Shabab နဲ့ ဒီနှစ်အတွက် အတွက် အကြမ်းဖက်အဖွဲ့အစည်းအသစ် နှစ်ခုအဖြစ် ရီမင်နိုင်ငံက ဟူသီသူပုန်အဖွဲ့နဲ့ ဆီရီးယားနိုင်ငံက Tahrir al-Sham အဖွဲ့တို့ ကို သတ်မှတ်ဖေါ်ပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG