သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ ကလေးသူငယ်ကာကွယ်ရေး ထည့်သွင်းသင့်


ကလေးငယ်နဲ့ လက်နက်ကိုင် ပဋိပက္ခများဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Virginia Gamba (ဇွန်၊ ၂၁၊ ၂၀၁၈)
ကလေးငယ်နဲ့ လက်နက်ကိုင် ပဋိပက္ခများဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Virginia Gamba (ဇွန်၊ ၂၁၊ ၂၀၁၈)

အကြမ်းဖက် အစွန်းရောက် ဝါဒီအဖွဲ့တွေက တိုက်ပွဲတွေမှာ ကလေးတွေကို အသုံးပြုမှု ကြီးထွားလာနေပြီး နိုင်ငံတကာနဲ့ သက်ဆိုင်တဲ့ အခြေအနေ တရပ် ဖြစ်လာနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို တင်သွင်းလိုက်တဲ့ ကလေးငယ်တွေနဲ့ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အစီရင်ခံစာက ဖော်ပြပါတယ်။

တချိန်တည်းမှာဘဲ မြန်မာ အပါအဝင် ငြိမ်းချမ်းရေး ဆွေးနွေးနေကြတဲ့ နိုင်ငံတွေ အနေနဲ့ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးမှုတွေမှာ ကလေးငယ်တွေကို အကာအကွယ်ပေးရေး ကိစ္စကို ထည့်သွင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းပါတယ်။ ဗွီအိုအေ သတင်းထောက် Lisa Schlein ဂျီနီဗာကနေ သတင်းပေးပို့ထားပါတယ်။ မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။

ကလေးတွေဟာ စစ်ပွဲတွေရဲ့ အဓိက သားကောင် ဖြစ်လာနေပြီလို့ ကလေးငယ်နဲ့ လက်နက်ကိုင် ပဋိပက္ခများဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Virginia Gamba က ပြောဆိုလိုက်ပါတယ်။ အစိုးရတွေနဲ့ သူပုန် လက်နက်ကိုင် အဖွဲ့တွေက ကလေးစစ်သား စုဆောင်းမှုတွေ ရှိနေချိန်မှာဘဲ အထူးစိုးရိမ်စရာ အခြေအနေသစ် တခု ဖြစ်ထွန်းလာနေတယ်လို့လည်း ထောက်ပြပါတယ်။

အကြမ်းဖက် အစွန်းရောက် အဖွဲ့တွေမှာ နိုင်ငံစုံ ပါဝင်ပတ်သက်လာတဲ့ သဘောသဘာ၀ အရ နိုင်ငံစုံက ကလေးငယ်တွေကို နိုင်ငံခြားသား တိုက်ခိုက်ရေး သမားတွေ အဖြစ် စုဆောင်းမှုလည်း ပေါ်ပေါက်လာတယ်လို့လည်း အထူးကိုယ်စားလှယ် Gamba က ပြောပါတယ်။

"ခန့်မှန်းခြေ ၂၀၁၁ ခုနှစ် ကတည်းကစလို့ နိုင်ငံ ၁၂၀ တို့က တိုက်ခိုက်ရေးသမား ၃ သောင်းကနေ ၄ သောင်း ၂ ထောင်လောက်ဟာ အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့၊ နောက် al-Qaida အဖွဲ့တို့နဲ့ ဆက်စပ်တဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းဖို့ အီရတ်နဲ့ ဆီးရီးယားကို သွားခဲ့ကြပါတယ်။ ဒီထဲမှာ ကလေးငယ်တွေလည်း သိသိသာသာ ပါဝင်ခဲ့ပါတယ်။"

နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေးတွေ အတွင်း အကြမ်းဖက် အစွန်းရောက် အဖွဲ့တွေနဲ့ ပက်သတ်မှု စွဲချက်နဲ့ အဖမ်းခံရတဲ့ ကလေးငယ် အရေအတွက်ကလည်း များလာတယ်လို့လည်း အထူးကိုယ်စားလှယ် Gamba က ပြောပါတယ်။

ဒီကလေးတွေကို ဒုက္ခရောက်ကြရသူတွေ အဖြစ် စောင့်ရှောက်ကြရမယ့် အစား ရာဇဝတ်မှု ကျူးလွန်သူတွေလို ရက်ရက်စက်စက် ပြုမှုခံရတယ်လို့လည်း ထောက်ပြသွားပါတယ်။ ဒီကလေးတွေကို ပြန်လည်ထူထောင်ရေး အတွက် စောင့်ရှောက်ကူညီပေးပြီး လူ့အသိုင်းအဝိုင်းမှာ ပြန်လည်ပေါင်းစည်းနိုင်အောင် ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းပါတယ်။ တချိန်တည်းမှာဘဲ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ ကလေးငယ်တွေကို အကာအကွယ်ပေးရေး ထည့်သွင်းဆောင်ရွက်ဖို့ ကုလ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်က တိုက်တွန်းပါတယ်။

"ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း ကလေးငယ်တွေကို အကာအကွယ်ပေးရေး ကိစ္စကို အထူးဦးစားပေးအဖြစ် ထည့်သွင်းဆောင်ရွက်ခဲ့ပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အစပိုင်းကတည်းက ဒီကိစ္စ ပါဝင်မှုဟာဆိုရင် ကလေးတွေကို အကာအကွယ်ပေးရေး အတွက် အရေးကြီးရုံတင် မဟုတ်ပါဘူး သက်ဆိုင်ရာ အဖွဲ့တွေကြား ယုံကြည်မှုကိုလည်း တည်ဆောက်နိုင်ပါတယ်။

ဗဟိုအာဖရိက သမ္မတနိုင်ငံ၊ မြန်မာ၊ တောင်ဆူဒန်၊ ဆူဒန်နဲ့ ယီမင်နိုင်ငံတို့က လက်ရှိ ဆောင်ရွက်နေကြတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဒါမှမဟုတ်လည်း အလားတူ ကနဦး ဆောင်ရွက်မှုတွေဟာ ဒီအတွက် အရေးကြီးတဲ့ အရှိန်တရပ် ဖြစ်ပြီး ကျမ အနေနဲ့လည်း ကလေးငယ်တွေကို အကာအကွယ်ပေးရေးဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ချန်ထားလို့ မရတဲ့ ကဏ္ဍ တခုအဖြစ် တိုက်တွန်းဆောင်ရွက်နေပါတယ်။

နောက် လုံခြုံရေး ကောင်စီရဲ့ ပန်ကြားချက် အတိုင်းဘဲ ငြိမ်းချမ်းရေး အတွက် ကြားဝင် ညှိနှိုင်းသူတွေ အနေနဲ့ ကလေးငယ်တွေကို အကာအကွယ်ပေးရေး ကိစ္စကို သူတို့ရဲ့ ကြိုးပမ်းမှုတွေမှာ ထည့်သွင်းဆောင်ရွက်လာရေး လမ်းညွှန်ချက် တရပ် ပေါ်လာရေးလည်း ဆောင်ရွက်နေပါတယ်။"

မြန်မာနိုင်ငံတွင်း ကလေးစစ်သား စုဆောင်း အသုံးပြုနေတဲ့ လက်နက်ကိုင် အဖွဲ့တွေ အဖြစ် ကုလသမဂ္ဂက စာရင်းပြုစုထားတဲ့ အထဲမှာ မြန်မာ စစ်တပ်၊ ကချင် လက်နက်ကိုင် အဖွဲ့ KIA၊ ကရင် လက်နက်ကိုင် အဖွဲ့တွေ ဖြစ်တဲ့ DKBA၊ KNLA ၊ KNU-KNLA ငြိမ်းချမ်းရေး ကောင်စီ၊ Karenni Army ၊ SSA –South နဲ့ UWSA ၀ လက်နက်ကိုင်တို့ ပါဝင်ပါတယ်။

ကမ္ဘာတလွှား ပြီးခဲ့တဲ့နှစ် ပဋိပက္ခတွေ အတွင်းမှာတော့ စာသင်ကျောင်းတွေ တိုက်ခိုက်ခံရမှုနဲ့ စာသင်ကျောင်းတွေကို စစ်ရေးကိစ္စ အတွက် အသုံးပြုမှုတွေ သိသိသာသာ တိုးလာပြီး ဒါဟာဆိုရင် ကလေးတွေရဲ့ ပညာသင်ကြားခွင့် ဆုံးရှုံးစေတဲ့ အခြေအနေမျိုးလို့လည်း ကလေးငယ်နဲ့ လက်နက်ကိုင် ပဋိပက္ခများဆိုင်ရာ ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်က ပြောဆိုသွားပါတယ်။

ပဋိပက္ခ ဒေသတွေမှာဆိုရင် ပြန်ပေးဆွဲခံရမယ့်အရေး၊ စစ်သား စုဆောင်းခံရမယ့် အရေးနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမယ့် အရေးတို့ကြောင့် ကလေးတွေ ကျောင်းတက်ဖို့ ကြောက်ရွံ့နေကြတယ်လို့လည်း ပြောပါတယ်။ ပဋိပက္ခ အခြေအနေတွင်း ကလေးငယ်တွေ ပြန်ပေးဆွဲခံရမှုကလည်း တိုးလာတယ်လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူက သတိပေး ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG