သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS လက်ကျန် ချေမှုန်းရေးတိုက်ပွဲ ပြင်းထန်နေဆဲ


ဆီးရီးယား နိုင်ငံတွင်း အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့ရဲ့ နောက်ဆုံး လက်ကျန် ခြေကုပ် ရယူထားရာ Baghuz မှာ ဒုတိယမြောက်နေ့ ဖြစ်တဲ့ မနေ့ တနင်္ဂနွေနေ့ တနေ့လုံး တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

အမေရိကန် ထောက်ပံ့တဲ့ တပ်ဖွဲ့တွေကို ဟန့်တားနိုင်ဖို့ အတွက် အကြမ်းဖက်ဝါဒီ အဖွဲ့က တိုက်ခိုက်ရေးသမားတွေက ကားဗုံးတွေ နောက် လူသားဒိုင်းတွေကို အသုံးပြုနေပါတယ်။ အမေရိကန် ထောက်ပံ့ထားတဲ့ ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့တွေနဲ့ ချိတ်ဆက်မှုရှိတဲ့ လူမှုကွန်ယက်တွေမှာ မျှဝေထားတဲ့ ဗွီဒီယိုတွေထဲမှာတော့ IS တို့ ထိန်းချုပ်ထားတဲ့ ဆီးရီးယား အရှေ့မြောက်ပိုင်းက ရွာထဲက နေရာတဝိုက်မှာ မီးလောင်နေပြီး မည်းညစ်နေတဲ့ မီးခိုးလုံးကြီးတွေ ထွက်နေတာကို တွေ့ရပါတယ်။

Baghuz မှာ ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ ပြီးခဲ့တဲ့ ၂ ရက်တာအတွင်း လေကြောင်း တိုက်ခိုက်မှုတွေ အတွင်း ကားဗုံးတွေ အတော်များများကို ဖျက်စီးပစ်ခဲ့ကြောင်း SDF အဖွဲ့ ပြောခွင့်ရ Mustafa Bali က တွစ်တာ လူမှုကွန်ယက်မှာ ရေးသားပါတယ်။ ဆီးရီးယား ဒီမိုကရက် တပ်ဖွဲ့တွေကို ပစ်မှတ်ထား တိုက်ခိုက်မယ့် ကားဗုံးတွေကိုလည်း SDF တိုက်ခိုက်ရေး သမားတွေက ဖျက်စီးခဲ့ကြောင်းလည်း ရေးသားခဲ့ပါတယ်။

IS ကို ချေမှုန်းရေး အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ တာဝန်ရှိသူတွေကတော့ တိုက်ပွဲ အခြေအနေ ပြင်းထန်တယ်ဆိုတာကို အတည်ပြုပါတယ်။ လိုအပ်သလို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့လည်း VOA ကို ပြောပါတယ်။ ISIS တို့က အပြစ်မဲ့ အရပ်သားတွေကို လူသားဒိုင်းတွေ အဖြစ် အသုံးပြုနေဆဲလို့ ညွန့်ပေါင်းအဖွဲ့က ယုံကြည်ထားပြီး ဒါဟာဆိုရင် စစ်ပွဲ ဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာ ဖြစ်တယ်လို့လည်း ဗိုလ်မှူးကြီး Sean Ryan က ပြောပါတယ်။

IS တို့ဘက်က လူသားဒိုင်းတွေ အသုံးပြုတဲ့ နည်းလမ်းက အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း IS ထိန်းချုပ်ရာ ဒေသတွင်းက အရပ်သား အားလုံးကို မရွှေ့ပြောင်းရသေးခင်မှာ တိုက်ပွဲတွေ မစဘူးလို့ ပြောထားတဲ့ SDF တပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်တွေနဲ့တော့ ကွဲလွဲနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG