သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Republican ပါတီညီလာခံ တတိယနေ့အကြောင်း သိကောင်းစရာ


ရီပတ်ဘလစ်ကန်ရဲ့ ညီလာခံကို Ohio ပြည်နယ် Cleveland မှာ ဒေသစံတော်ချိန် တနင်္လာနေ့က စတင်ကျင်းပနေရာမှာ အခုဆိုရင် တတိယမြောက်နေ့အဖြစ် စတင်ကျင်းပနေပါတယ်။ ဒီကနေ့ ညီလာခံရဲ့ ထူးခြားမှုတွေနဲ့ ပတ်သက်ပြီးတော့ ညီလာခံကျင်းပရာနေရာမှာ သွားရောက် သတင်းယူနေတဲ့ ဗွီအိုအေမြန်မာပိုင်းဌာနက ဝိုင်းတော်သား ကိုအောင်လွင်ဦးကို ဦးစံမိုးေ၀ က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး - ကိုအောင်လွင်ဦးရေ - ဒီနေ့က ဒီ ရီပတ်ဘလစ်ကန် ညီလာခံမှာ တတိယနေ့ ညီလာခံဆိုတော့ စိတ်ဝင်စားစရာ ဘယ်ပုဂ္ဂိုလ်တွေ တက်ကြသလဲ။ နောက်ပြီးတော့ ဘာတွေပြောဖို့ ပြင်ဆင်ထားကြသလဲ။ အဲဒီဟာတွေ ဘာများ သိရသလဲ ခင်ဗျ။

ဖြေ - ဟုတ်ကဲ့။ ကျနော်တို့သိရသလောက် ဆိုရင်တော့ ဒီညီလာခံမှာ ဒုတိယ သမ္မတလောင်း အဖြစ် လျာထားခံရတဲ့ Mike Pence အပါအဝင်ပေါ့။ သမ္မတလောင်း ရွေးပွဲတွေတုန်းက သူနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ဖူးတဲ့ Texas ပြည်နယ် အမတ်လောင်း Ted Cruz၊ နောက် Florida ပြည်နယ်က Marco Rubio၊ နောက်တစ်ခါ သူနဲ့ သမ္မတလောင်းရွေးပွဲမှာ ဝင်ပြိုင်ဖူးတဲ့ Wisconsin ပြည်နယ်က အုပ်ချုပ်ရေးမှူး Scot Walker၊ နောက်တခါ အမျိုးသမီး အာကာသယာဉ်မှူးဟောင်း၊ Ilene Collins၊ ဒေါ်နယ်ထရမ့်ရဲ့ သား Eric Trump တို့က စကားပြောကြမှာ ဖြစ်ပါတယ်။ ဒီလိုပဲ ဒုတိယသမ္မတလောင်းအဖြစ် ရွေးုချယ်ခံရနိုင်တယ်ဆိုပြီး အစောပိုင်းမှာ သတင်းတွေထွက်ခဲ့ဖူးတဲ့ အောက်လွှတ်တော်ဥက္ကဌဟောင်း Newt Gingrich တို့လို ထိပ်တန်း ရီပတ်ဘလစ်ကန် ခေါင်းဆောင်တွေလည်း အခုညပွဲမှာ စကားပြောကြမှာ ဖြစ်ပါတယ်။ ဒီနေ့ည အခမ်းအနားကို သူတို့ နာမည်ပေးထားတာကတော့ Make America First again ပေါ့နော်။ အမေရိကန်ကို နပါတ် ၁ ဖြစ်အောင် ဘယ်လိုပြန်လုပ်ကြမလဲ ဆိုတော့ အမေရိကန်ကို ဦးဆောင်မှုပေးမယ့် အပိုင်းတွေကို အဓိက ဆွေးနွေးဖြစ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီနေရာမှာတော့ အထူးသဖြင့် Indiana ပြည်နယ် အုပ်ချုပ်ရေးမှူး Mike Pence အနေနဲ့ကတော့၊ ဒေါ်နယ်ထရမ့်က ရီပတ်ဘလစ်ကန်ပါတီထဲမှာ သမ္မတဖြစ်ခဲ့ပြီး၊ တချိန်တုန်းက နာမည်ကြီးခဲ့ဖူးတဲ့ ရော်နယ်ရေဂင်နဲ့ နှိုင်းယှဉ်ခိုင်းနှိုင်းပြီးတော့ ပြောနိုင်တယ် ဆိုပြီးတော့ သတင်းတွေ ကြိုထွက်နေတာ ရှိပါတယ်။

မေး - ဟုတ်ကဲ့။ မနေ့တုန်းက ဒေါ်နယ်ထရမ့်ကို သမ္မတလောင်းအဖြစ် ရီပတ်ဘလစ်ကန် ပါတီကနေ ရွေးချယ်ခံလိုက်ရပြီဆိုတော့၊ အရင်နှစ်တွေကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အငြင်းပွားစရာတွေ အပြန်အလှန် ပြောဆိုခဲ့ကြတာတွေ ရှိပါတယ်။ အခုကျတော့ရော ဒီလို ရွေးချယ်ခံလိုက်ပြီး နောက်ပိုင်းမှာ အငြင်းပွားစရာတွေ ပြောဆိုကြတာ ရှိသေးလား။

ဖြေ - အခြေအနေကတော့ ဆူဆူပူပူ ဖြစ်လောက်တဲ့ အထိ ဖြစ်ချင်မှ ဖြစ်မယ်။ ဒါပေမယ့် အဖုအထစ် ကလေးတွေတော့ ရှိနိုင်ပါသေးတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သမ္မတလောင်း ရွေးပွဲတွေမှာ ဝင်ပြိုင်သွားတဲ့ John Kasich ဆိုရင် ဒီညီလာခံက သူ့ရဲ့ ပြည်နယ်မှာ ကျင်းပနေတာပဲ။ အိုဟိုင်းအိုး ပြည်နယ်က သူ အုပ်ချုပ်ရေးမှူး လုပ်ခဲ့တဲ့ ပြည်နယ်ပဲ။ ဒါပေမဲ့လည်း ဒီညီလာခံမှာ သူလာစရာ မလိုဘူး။ သူရှိဖို့ မလိုဘူးဆိုပြီး ပြောထားပြီး သူမလာဘူးဆိုတော့ တစုံတရာ သပိတ်မှောက်တဲ့ သဘောမျိုး ဖြစ်နေတယ်။ နောက်တခုကလည်းပဲ သူနဲ့ပြိုင်ဘက်ဖြစ်ခဲ့ဖူးတဲ့ Ted Cruz ကလည်းပဲ နောက်ဆုံးအချိန်အထိ သူ့ကို ထောက်ခံမှု ပေးမထားသေးဘူးဆိုတော့ အခု ဒီနေ့ညမှာ ထောက်ခံမှု ပေး မပေး ဆိုတာလည်း အခုအချိန်ထိတော့ မသေချာသေးဘူး။ ဒါကလည်း စောင့်ကြည့်ရမယ့် ကိစ္စဖြစ်တယ်။ နောက်တခုကလည်း ထပ်ပြီး ထူးခြားတာ တခုက သူနဲ့ ပြိုင်ဘက်ဖြစ်ခဲ့ဖူးတဲ့ Florida ပြည်နယ်က အထက်လွှတ်တော် အမတ် Marco Rubio ကလည်း အစောပိုင်းမှာတုန်းက တက်မယ်လို့ ပြောပြီးတော့ အခုမှ ဗွီဒီယိုနဲ့ပဲ မက်ဆေ့စ်ပို့မယ်လို့ ပြောနေတော့ သဘောကတော့ ဒေါ်နယ်ထရမ့်ကို ထောက်ခံမှု ပေးမယ့်အပိုင်းမှာ အားလုံးကတော့ မျှော်လင့်ထားသလောက် အင်တိုက်အားတိုက် ဖြစ်မယ်မထင်ဘူး။ ဆိုတော့ ထောက်ခံမှုကတော့ အပြည့်အ၀ ရမယ့် အလားအလာတော့ မမြင်ရဘူးပေါ့။

မေး - နောက်ပြီးတော့ ဒီ ညီလာခံရဲ့ ပြင်ပမှာကော့ အရင်နေ့တွေတုန်းက ဆန္ဒပြမှုတွေ ဘာတွေရှိတယ် ကြားရမယ်။ အခု ဒီနေ့မှာကော အခြေအနေက ဘယ်လိုရှိသလဲ ခင်ဗျ။

ဖြေ - ဆန္ဒပြပွဲတွေကတော့ ညီလာခံ မစခင်ကတည်းကကို ဆန္ဒပြပွဲတွေကို လုပ်နေကြတာ ဒီနေ့အချိန်အထိပါပဲ။ ဒီဆန္ဒပြပွဲတွေကတော့ တော်တော့်ကို များတယ်။ နေရာ တော်တော်များများမှာ ဖြစ်နေကြတာ။ ဒါပေမဲ့ အာဏာပိုင်တွေက ညီလာခံလုပ်တဲ့ အခမ်းအနားတွေနဲ့ ဝေးနိုင်သမျှဝေးအောင် အကာအရံ အတားအဆီးတွေနဲ့ ကာရံပိတ်ဆို့ထားတော့ ဆန္ဒပြတဲ့သူတွေ ထင်သလောက်တော့ သူတို့မလှုပ်ရှားနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ ဒါပေမဲ့လည်း ဒီကြားထဲမှာပဲ အခုရက်ပိုင်းမှာ ဆန္ဒပြပွဲတွေက အရှိန်မြှင့်ပြီးတော့ လုပ်လာတာ ရှိပါတယ်။ အခု ကျနော်ပြောနေတဲ့ အချိန်အတွင်းမှာတင်ပဲ ဆန္ဒပြပွဲတပွဲကို အာဏာပိုင်တွေက ရှင်းပြီးတော့ လူတချို့ကို ဖမ်းတာဆီးတာတွေလည်း ရှိနေပါတယ်။ တခုရှိတာကတော့ စောစောပိုင်းမှာ မျှော်လင့်ထားသလိုမျိုး အကြမ်းပတမ်းဖြစ်တာမျိုး သွေးထွက်သံယို ဖြစ်တာတွေ ဖြစ်လာမယ့် အရှိန်အဟုန်မျိုးတော့ မရှိပါဘူး။ ဒါပေမဲ့လည်း ဆန္ဒပြပွဲတွေက တော်တော် ကြီးကြီးမားမားကို ရှိနေဆဲပါပဲ။

မေး -နောက်ပြီးတော့ မနက်ဖြတ်ဆိုလို့ရှိရင် ညီလာခံနောက်ဆုံးနေ့ပေါ့နော်။ ညီလာခံနောက်ဆုံးနေ့မှာ ဘာတွေ စီစဉ်ထားတယ်လို့များ ကြိုသိထားတာ ရှိသလဲ ခင်ဗျ။

ဖြေ - ညီလာခံ နောက်ဆုံးနေ့မှာ သူတို့ နာမည်ပေးထားတာကတော့ Make America One Again ပေါ့။ အမေရိကန်ကို တစည်းတလုံးတည်းဖြစ်အောင် လုပ်ရမယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြောကြမှာပါ။ သူတို့က ပါတီတွင်းမှာကော အမေရိကန် တခုလုံးကိုရော စည်းလုံးညီညွတ်အောင် လုပ်ရမယ်ဆိုပြီးတော့ ပြောထားတာဆိုတော့ ဖြစ်နိုင်စရာ အလားအလာ ရှိတာကတော့ နိုင်ငံရေးအရ အမေရိကန်ပြည်ထောင်စုမှာ သဘောထားတွေ ကွဲလွဲတဲ့ ကိစ္စတွေက ဒီမိုကရက်ပါတီက အုပ်ချုပ်မှုတွေ ညံ့ဖျင်းလို့ဆိုပြီးတော့ စွပ်စွဲနေတာမျိုးတွေလည်း ရှိတယ်ဆိုတော့ Make America One Again ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သူတို့လက်ထက်ကျရင်တော့ အမေရိကန်ကို တစုတစည်းတည်း ဒီလိုမျိုး သဘောထားကွဲတာ လွဲတာမျိုးတွေ မရှိအောင် လုပ်မယ်ဆိုပြီးတော့ ခေါင်းစဉ်မျိုးတွေနဲ့ ပြောတာဆိုတာတွေလည်း ရှိလာနိုင်ပါတယ်။ အခု ရှိတာကတော့ လေးရက်ကြာ ညီလာခံ အဆုံးသတ်တဲ့ နေ့ကျရင်တော့ ဒေါ်နယ်ထရမ့် ကိုယ်တိုင်တက်ပြီးတော့ သမ္မတလောင်းအဖြစ်နဲ့ တရားဝင် လက်ခံတဲ့ မိန့်ခွန်းစကားကို ပြောဖို့လည်း ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG