သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီလဝါစီမံကိန်းမှာ နစ်နာမှု JICA အေဂျင်စီကို ဒေသခံတွေ အရေးဆို


စစ်ရေးလေ့ကျင့်မှုအတွက် ဂျပန်ရေတပ်သင်္ဘော သီလဝါဆိပ်ကမ်းကို ရောက်လာချိန် မြန်မာအရာရှိများ တန်းစီစောင့်ဆိုင်းနေစဉ်။ (စက်တင်ဘာ ၃၀၊ ၂၀၁၃)
စစ်ရေးလေ့ကျင့်မှုအတွက် ဂျပန်ရေတပ်သင်္ဘော သီလဝါဆိပ်ကမ်းကို ရောက်လာချိန် မြန်မာအရာရှိများ တန်းစီစောင့်ဆိုင်းနေစဉ်။ (စက်တင်ဘာ ၃၀၊ ၂၀၁၃)
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့အနီး သီလဝါ အထူးစီးပွားရေးဇုံ တည်ဆောက်ရာမှာ ဒေသခံတွေ ဆုံးရှုံးနစ်နာခဲ့ရတာတွေကို ဖြေရှင်းပေးဖို့ စီမံကိန်းမှာ အဓိကပါဝင်ခဲ့တဲ့ ဂျပန်ဖွံ့ဖြိုးရေးအေဂျင်စီကို လယ်သမားအရေး လှုပ်ရှားသူတွေ ဂျပန်နိုင်ငံအထိ သွားရောက် တောင်းဆိုခဲ့ကြပါတယ်။ ဂျပန်အပြည်ပြည်ဆိုင်ရာ ကော်ပိုရေးရှင်း အေဂျင်စီ (JICA) နဲ့ တိုကျိုမြို့မှာ တွေ့ဆုံဆွေးနွေးပြီး စီမံကိန်းကာလမှာ နစ်နာမှုတွေကို စုံစမ်းစစ်ဆေး ဖြေရှင်းဖို့လည်း တိုက်တွန်းခဲ့ကြတာပါ။ အခြေအတင်ဖြစ်စရာတွေ ကြုံခဲ့ရတဲ့ သီလဝါ စီမံကိန်းနဲ့ ပတ်သက်လို့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

သီလဝါအထူး စီမံကိန်းကို အကောင်အထည်ဖော် တည်ဆောက်တဲ့နေရာမှာ ဒေသခံတွေရဲ့ ထိခိုက်နစ်နာမှုတွေကနေ အကာအကွယ် မပေးနိုင်ဘူးဆိုတဲ့ ကန့်ကွက်လွှာကို ဒေသခံလယ်သမားတွေရဲ့ ကိုယ်စားလှယ်တွေက ဂျပန်နိုင်ငံ၊ တိုကျိုမြို့ အခြေစိုက် JICA ရဲ့ စုံစမ်းစစ်ဆေးရေး အရာရှိလက်ထဲ ကိုယ်တိုင်ပေးအပ်ခဲ့ကြတာဖြစ်ပါတယ်။ ဒေသခံတွေရဲ့ တောင်းဆိုချက်အပေါ် JICA အနေနဲ့ အလေးထား ဆောင်ရွက်ပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း သီလဝါလူမှုဘဝ ဖွံ့ဖြိုးရေးအဖွဲ့က ဦးဆောင်ကော်မတီဝင် ဦးမြလှိုင်က ပြောပါတယ်။

“တိုကျိုမြို့ကိုလာပြီး JICA ရဲ့အကြီးအကဲပုဂ္ဂိုလ်တစ်ဦးရဲ့လက်ထဲကို ထည့်လိုက်ခြင်းအားဖြင့် ယခုလက်ရှိ ဟက်တာ ၄၀၀ မှာ ခံစားနေရတဲ့ ဒေသခံတွေရဲ့ထိခိုက်ခံစားရမှုတွေကို အချိန်မီ ကုစားနိုင်ဖို့နဲ့ ဒုတိယဆက်လက်အကောင်အထည်ဖော်မယ့် ဟက်တာ ၂ ထောင်မှာ ဆောင်ရွက်မယ့် ကိစ္စတွေအတွက်ကိုလည်း အခုလို တင်ပြခြင်းအားဖြင့် JICA အနေနဲ့လည်း သူ့ရဲ့မူဝါဒတွေနဲ့အညီ ကျနော်တို့ကို ဆောင်ရွက်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

စီမံကိန်းအကောင်အထည်ဖော်ရာမှာ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးအရ နစ်နာဆုံးရှုံးမှုတွေ ရှိခဲ့သလို၊ ပွင့်လင်းမြင်သာမှုတွေ အားနည်းတာ၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ကော်ပိုရေးရှင်း အေဂျင်စီ (JICA) ရဲ့ စံနှုန်းတွေနဲ့အညီ ဆောင်ရွက်ဖို့နဲ့ တာဝန်ယူဖို့ ပျက်ကွက်ခဲ့တယ်လို့လည်း ဒေသခံတွေနဲ့ လှုပ်ရှားသူတွေက စွပ်စွဲခဲ့ကြတာပါ။ ဂျပန်နိုင်ငံရဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေကို စောင့်ကြည့်လေ့လာနေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းဖြစ်တဲ့ မဲခေါင်စောင့်ကြည့်ရေးအဖွဲ့က Minari Tsuchikawa ကတော့ JICA အနေနဲ့ အမြန်ဆုံးစုံစမ်းစစ်ဆေး တာဝန်ယူဖို့ တောင်းဆိုထားတယ်လို့ ပြောပါတယ်။

သူပြောသွားတာက - ဒေသခံတွေရဲ့ ကန့်ကွက်စာကို လက်ခံရရှိခဲ့တဲ့ JICA အေဂျင်စီက စုံစမ်းစစ်ဆေးသူတွေအနေနဲ့ စီမံကိန်းဒေသက လယ်သမားတွေရဲ့ တိုင်တန်းချက်တွေကို ကနဦးလေ့လာစိစစ်ရမှာဖြစ်ပြီး ဒေသခံတွေ တကယ်ပဲ ထိခိုက်နစ်နာမှုရှိမရှိ တစ်လအတွင်း စုံစမ်းစစ်ဆေးပြီး လိုအပ်သလို ဆောင်ရွက်ပေးရမှာ ဖြစ်တဲ့အကြောင်း ပြောဆိုသွားတာပါ။

ဒေသခံတွေအနေနဲ့ သီလဝါအထူးစီမံကိန်းဇုံကို ဆန့်ကျင်နေတာမျိုး မဟုတ်ဘဲ ထိခိုက်နစ်နာမှုတွေနဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ပျက်ကွက်တာတွေကို တင်ပြနေတာသာ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့လည်း အရင်က တင်ပြချက်တွေကို JICA က တုံ့ပြန်မှုမရှိတဲ့အတွက်လည်း အခုလို ဂျပန်နိုင်ငံက အေဂျင်စီအထိ တင်ပြရတာ ဖြစ်တယ်လို့လည်း စီမံကိန်းအတွင်း ဆုံးရှုံးနစ်နာခဲ့ရသူ တစ်ဦးဖြစ်တဲ့ ဦးကျော်ကျော်က ပြောပါတယ်။

“ကျနော်တို့က အခု တောင်းဆိုချင်တာကတော့ ကျနော်တို့ မြန်မာနိုင်ငံသည် ၂၀၁၂ လယ်ယာမြေ ဥပဒေရှိသလို ဂျပန်သည် သူတို့ JICA Guide line ရှိပါတယ်။ အခု လက်ရှိ ခံစားနေရတဲ့ ဒေသခံလယ်သမားတွေအားလုံးသည် မူလအဆင့်အတန်းထက် မနိမ့်ကျသော အဆင့်အတန်းဆိုတာ JICA Guide Line တွေမှာ ပါပါတယ်။ ကျနော်တို့က သီလဝါစီးပွားရေးဇုံကြီးကို ကန့်ကွက်နေတာ မဟုတ်ပါဘူး။ တားဆီးနေတာ မဟုတ်ပါဘူး။ အားလုံးကို သဘောတူပါတယ်။ ဒါပေမယ့် ဒေသခံလယ်သမားတွေကို ဥပဒေဘောင်အတွင်းက ပြန်လည်နေရာချထားရေးနဲ့ပတ်သက်လို့ လျော်ကြေးနှုန်းနဲ့ ပတ်သက်လို့ ဥပဒေဘောင် ရှိပါတယ်။ ဥပဒေအတိုင်း ကျနော်တို့ လိုချင်ပါတယ်။ ဘယ်ရွေ့ ဘယ်လောက်ဆိုတာကို ကျနော်တို့ မသုံးနှုန်းပါဘူး။ ဥပဒေအတိုင်း ကျနော်တို့ လိုချင်ပါတယ်။”

သီလဝါအထူးစီးပွားရေးဇုံစီမံကိန်းကို ၂၀၁၃ နှစ်မှာ စတင်အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး မြန်မာ သီလဝါ အထူးစီးပွားရေးဇုံ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ လီမိတက်မှ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုအဖြစ် မြန်မာနိုင်ငံသားများမှ ၅၁ရာခိုင်နှုန်း ပါဝင်မြှုပ်နှံမှာဖြစ်ပြီး JICA ဂျပန်အပြည်ပြည်ဆိုင်ရာ ကော်ပိုရေးရှင်း အေဂျင်စီအပါအဝင် မစ်ဇူဘီရှီ၊ ဆူမီတိုမိုနဲ့ မာရူဘယ်နီစတဲ့ ဂျပန်ကုမ္မဏီတွေက ၄၉ % ရင်းနှီးမြှုပ်နှံထားကြပါတယ်။
XS
SM
MD
LG