သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်း ရေဘေးသင့် ဒေသခံ ၈ ဦး ဖမ်းဆီးခံရ


စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးတဝိုက်က တုံရွာအပါအဝင် ရွာပေါင်း ၅၀ လောက်ဟာ အသက်အန္တရာယ်ကြုံရတဲ့အထိ ရေဘေးကိုခံစားနေရသလို တချို့နေရာတွေမှာ မြစ်ရေဆက်ပြီးတိုးလာနေတယ်လို့ ဆိုပါတယ်။ ရေဘေးအန္တရာယ်ကြီးလာတဲ့အတွက် စီမံကိန်းကို ကာထားတဲ့ မြေတံတိုင်းကြီးကို ဖောက်ချပေးဖို့ တောင်းဆိုတဲ့ ရေဘေးသင့် ဒေသခံ ၈ ဦးကိုလည်း အာဏာပိုင်တွေက ဖမ်းသွားခဲ့ပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် လက်ပံတောင်းတောင်အနီးတဝိုက် ကြေးနီစီမံကိန်းဧရိယာမှာ ပါဝင်တဲ့ကျေးရွာတွေမှာ အသက်အန္တရာယ်ရှိနိုင်တဲ့အထိ ချင်းတွင်းမြစ်ရေတွေဝင်လာတဲ့အတွက် ဒေသခံတွေက ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။ ဒီနေ့မှာ တုံရွာတရွာလုံး ရေနစ်မြုပ် သွားတာကြောင့် တခြားရေဘေးသင့် ကျေးရွာတွေက ဒေသခံတွေက စိုးရိမ်ပူပန်နေပြီး ကယ်ဆယ်ရေးစခန်းမှာ သွားနေနေရပါတယ်။

ဒီအတွက် တုံရွာနဲ့တခြားကျေးရွာတွေက ရေဘေးသင့်ပြည်သူ ၈ ဦးဟာ ကြေးနီစီမံကိန်းကို ကာရံထားတဲ့မြေနံရံတွေကို ဖောက်ထုတ်ပေးဖို့ တောင်းဆိုတာကြောင့် အာဏာပိုင်တွေက ဖမ်းဆီးသွားခဲ့ကြောင်း ထိန်းသိမ်းခံရတဲ့အထဲမှာပါတဲ့ မစန္ဒာက ပြောပါတယ်။

“ဟုတ်ပါတယ်၊ ကျမတို့ကို ဖမ်းသွားပါတယ်။ ကျမတို့က ဝမ်ပေါင်ကုမ္ပဏီရယ်၊ လောပုံကိုယ်တိုင် ….. ဝမ်ပေါင်က လူဆိုရင် ၁၈ ပေလောက်ရှိမှာပေါ့ လူ ၃ ရပ်စာလောက်၊ ခြားထားတဲ့တာရိုးကြီး ဖျက်ချပေးမှသာလျှင် ကျမတို့ ဒေသခံတွေ အသက်အန္တရာယ် စိုးရိမ်နေရတဲ့အတွက်ပေါ့နော်။ ဒီတာရိုးကြီးကို ဖောက်ချပေးပါ၊ ဧကပေါင်း ၇,၈၀၀ ကို တားထားတဲ့ မြေတမံဖောက်ချပေးပါလို့ ပြောတဲ့ဟာကို ကျမတို့ကို ဖမ်းသွားပါတယ်ရှင့်။ အခါတိုင်းဆိုလို့ရှိရင် ချင်းတွင်းမြစ်ရေတက်လာပြီဆိုရင် လက်ပံတောင်းတောင်ခြေအထိ ရောက်ပါတယ်ရှင့်။ အခုဥစ္စာက …ကနေ တာရိုးကြီး - သူတို့စီမံကိန်းဧရိယာထဲကို ရေမဝင်ရအောင်လို့ တာရိုးကြီးကာထားတဲ့အတွက် ကျမတို့ဒေသတွေ ပိုပြီး ရေဘေးဒုက္ခကြုံနေရတာပါရှင့်။ မြေကြီးတွေနဲ့ကာထားတာ ဒုကြီးတွေမှ အကြီးကြီးတွေပါ။ သူတို့ထဲကို ရေမဝင်နိုင်အောင်ပါရှင့်။ သူတို့ထဲမှာတော့ လက်ရှိမှာ အလုပ်လုပ်နေပါတယ်ရှင့်။ စီမံကိန်းဆက်ပြီး လုပ်နေပါတယ်ရှင့်။ ကျမတို့တွေကတော့ ရေဘေးကြုံနေရပါတယ်ရှင့်။ အရင်ရက်တွေကဆို ထမင်းငတ်တာ ၂ ရက်ရှိပါပြီရှင့်။ ကျမတို့ဒေသခံတွေ။”

ဒေသခံတွေကတော့ ရေဘေးကြုံရတဲ့ပြဿနာဟာ ကြေးနီစီမံကိန်းလုပ်ဖို့ ကာထားတဲ့ မြင့်မားတဲ့ မြေတံတိုင်းကြီးတွေကြောင့် အနိမ့်ပိုင်းကရွာတွေမှာ ချင်းတွင်းမြစ်ရေတွေ တိုးလာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် စီမံကိန်းကိုကာကွယ်ထားတဲ့ မြေတံတိုင်းကြီးကို ဖောက်ချပေးဖို့အတွက် ဝမ်ပေါင်ကုမ္ပဏီ တာဝန်ရှိသူတွေ လာတဲ့အခါ တောင်းဆိုခဲ့တာပါ။ စီမံကိန်းလုပ်နေတဲ့ မြန်မာ ဝမ်ပေါင်ကုမ္ပဏီကတော့ မြေစိုက်၊ တာလပတ်ကာတဲ့ ယာယီ အဆောက်အဦးတွေနဲ့ ကယ်ဆယ်ရေးတွေ ဒီနေ့ စတင်ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဒေသခံတချို့သာ သွားရောက်နေကြပြီး ဒေသခံ အများစုကတော့ တနိုင်တပိုင်လုပ်ထားတဲ့ ကယ်ဆယ်ရေးနေရာတွေမှာပဲ နေထိုင်ကြပါတယ်။ လက်ပံတောင်းတောင်ဒေသက ရေဘေးသင့်ကျေးရွာတွေက ပြည်သူတွေဟာ ရုတ်တရက် ချင်းတွင်းမြစ်ရေတိုးလာတဲ့အတွက် အစားအစာ အသုံးအဆောင်တောင် သယ်ချိန်မရဘဲ အသက်လုပြီး ထွက်ပြေး နေရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

“ကျမတို့ရေကြီးတဲ့အတွက် ကွမ်းခြံတွေလည်းပျက်စီးပါတယ်၊ အိမ်သုံးပစ္စည်းတွေလည်း ပျက်စီးပါတယ်။ ….ထွက်ပြေးလာရတာပါရှင့်။”

လက်ရှိမှာတော့ စစ်ကိုင်းတိုင်းဟာ သဘာဝဘေးဒဏ် ဆိုးဝါးစွာခံနေရတဲ့ တိုင်းနဲ့ပြည်နယ် ၄ ခုထဲက တခုအဖြစ် အစိုးရက ကြေညာထားပါတယ်။ ပြီးခဲ့တဲ့ရက်ကတော့ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကို မြန်မာသမ္မတနဲ့ အာဏာပိုင်တွေလာရောက်ပြီး ရေဘေးသင့်ပြည်သူတွေကို ကြည့်ရှုခဲ့ပါတယ်။ အခု စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်ထဲမှာတော့ ရေဘေးသင့်ရွာပေါင်း ၅၀ ထက်မနည်းရှိနေတယ်လို့ ဆိုပါတယ်။ ဒီထဲမှာ စီမံကိန်းနဲ့ အနီးဆုံး တုံရွာနဲ့ အနီးအနားက ကျေးရွာအတော်များများဟာ နေလို့ထိုင်လို့မရအောင် ရေနစ်မြုပ်ခဲ့တာကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်ပူပန်ပြီး အခုလို တောင်းဆိုမှုတွေဖြစ်လာတာပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာ ဝမ်ပေါင်ကုမ္ပဏီနဲ့ ဆားလင်းကြီးရဲစခန်းက တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူးရှင်။

XS
SM
MD
LG