သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းမှန်တွေမထုတ်ဖေါ်နိုင်အောင် အကွက်ဆင်ဖမ်းဆီးခဲ့ဟု အဖမ်းခံသတင်းထောက်ဆို


(Htet Aung Khant)
(Htet Aung Khant)

သတင်းတွေမှန်မှန်ကန်ကန် မထုတ်ဖော်နိုင်အောင် မမှန်မကန်နည်းတွေသုံးကာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဖမ်းဆီး ခံ ရိုက်တာ သတင်းထောက်တွေ ကဆိုလိုက်ပါတယ်၊အစိုးရဘက်ကတော့ဖမ်းဆီးခံသတင်းထောက်တွေကို နိုင်ငံတော် လျို့ဝှက်အက်နဲ့တရားစွဲဖို့ တရားရုံးကို တင်ခဲ့ပေမယ့် သတင်းထောက်တွေနဲ့ အတူဖမ်းထားတယ်လို့ ထုတ်ပြန်ထားတဲ့ ရဲတွေကိုတော့ တရားစွဲဆိုဖို့တင်ပြလာတာမရှိပါဘူး။ အဖမ်းခံထားရတဲ့ သတင်းသမားတွေ အာမခံရ ဖို့ ရှေ့နေတွေ ဘက်က တင်ပြထားပါတယ်။ ဒီသတင်းကိုကိုယ်တိုင်သွားရောက်မေးမြန်းခဲ့တဲ့ သတင်းထောက်မေခ ကပြောပြမှာပါ။

ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်တရားရုံးမှာ အစိုးရဘက်ကနေ ဖမ်းဆီးခံ ရိုက်တာ သတင်းသမား တွေကို နိုင်ငံတော်လ ျှို့ဝှက်အက်နဲ့ တရားစွဲဖို့ တရားရုံးကိုတင်ပြလာ တာမှာဖမ်းဆီးခံ ရိုက်တာသတင်းသမား ကို သက်ဦးမောင်(ခ) ကိုဝလုံးဘက်က အခုလိုပြောဆိုလိုက်တာပါ။

“သတင်းတွေကို မှန်မှန်ကန်ကန်ရေးသားပြောဆိုခွင့်မရနိုင်အောင်လို့ အခုလိုမျိုး ကျနော်တို့ကို မမှန်ကန်တဲ့ နည်းလမ်းသုံးပြီးတော့ ဖမ်းဆီးအရေးယူတာဖြစ်တယ်လို့ ကျနော်ပြောချင်ပါတယ်။"

ကိုကျော်စိုးဦး(ခ) ကိုမိုးအောင် ကလည်း ဖမ်းဆီးခံရတာနဲ့ပတ်သတ်လို့ ပြောပြလာခဲ့တာဖြစ်ပါတယ်။

“ကျနော်တို့ဘာမှ ချိုးဖောက်ခဲ့တာလည်းမရှိဘူး သတင်းမီဒီယာသမားအလုပ်ပဲ ကျနော်တို့လုပ်ခဲ့တာ။”

အမှုကို ဒုရဲမှုး ဦးယုနိုင်က တရားလိုလုပ်ကာ တရားရုံးကို တင်ပြလာတာ ဖြစ်ပြီးဒီလို တင်ပြလာတာမှာသတင်းသမား တွေကို အင်တာဗျူးပေးပြီး အချက်အလက်တွေ ပေးခဲ့လို့ ပုဒ်မအတူတပ်ကာ ဖမ်းဆီးထားတယ်လို့ အစိုးရ ထုတ်ပြန် ထားတဲ့ ရဲအရာရှိ ၂ဦးမပါပါဘူး။ ဒီပြင် သူတို့ကို သတင်းသမားတွေနဲ့အတူ ရုံးထုတ်လာတာ လဲမရှိခဲ့ပါဘူး။ ဒါပေမယ့် လည်း ဒီရဲ၂ဦးကို သက်သေ အနေနဲ့ စစ်ဆေးနိုင်ဖို့ အစိုးရဘက်က တင်ပြလာတယ်လို့ သတင်းသမားတွေရဲ့ ရှေ့နေ ဦးသန်းဇော်အောင် ကပြောပါတယ်။

“ကျနော်မေးပါတယ် တရားခွင်မှာ မေးတဲ့အခါကျတော့ တရားရုံးက ဒီဟာကို တရားခွင်မှာတင်လာတော့ ရဲ ၂ ယောက်က ပါမလာဘူး တရားလိုလည်း ဒီနေ့မလာဘူး။ ဒါပေမယ့် ကျနော်တို့ သက်သေစာရင်းကို ပြန်ကြည့်တဲ့အခါမှာတော့ သတင်းစာမှာပါတဲ့ ရဲမှူး မိုးရန်နိုင်နဲ့ တပ်ကြပ်ခင်မောင်လင်း တို့က သက်သေစာရင်းထဲမှာ ပြန်ပါမလာတာတွေ့ရတယ်။”

ရဲတာဝန်ရှိသူတွေနဲ့ ညစာစားရင်းတေ့ွဆုံဖို့ ဖိတ်ကြားခံရပြီးနောက် ချိန်းဆိုထားတဲ့ညမှာပဲ သတင်းထောက် ၂ ယောက် ဖမ်းဆီးခံလိုက်ရပြီး မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ပုဒ်မတပ်ခံရတာဟာ အကွက်ဆင်တာ များ လား ဆိုတဲ့ တွက်ဆမှုတွေလည်း ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေပေမယ့် အစိုးရ ဘက်ကလည်း ဒါကို တိတိကျကျ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။ သတင်းသမားတွေကတော့ ဒီအချက်အလက်စာရွက်တွေ ဖွင့်မကြည့်ရသေးခင် အဖမ်းခံရတယ်လို့ ဆိုထားပါတယ်။

သတင်းသမားတွေရဲ့ ရှေ့နေ ဦးသန်းဇော်အောင်ကတော့ အမှုနဲ့ပတ်သတ်လို့ အမှန်တရားတခုရအောင် ရင်ဆိုင်သွား မယ်လို့ ပြောလိုက်ပါတယ်။

“စွပ်စွဲခံရသူနဲ့ ကျနော်တို့တွေ့ပါတယ်။ တွေ့တဲ့အခါ သူတို့တွေရဲ့ ပြောကြားချက်တွေနဲ့ တရားခွင်ရဲ့ တင်လာတဲ့ အမှုတွဲမှာ နည်းနည်းကွဲလွဲချက်တချို့ရှိတယ်။ ရှိတော့ ကျနော်တို့က ဥပဒေနဲ့အညီ တရားခွင်မှာ အမှန်တရားပေါ်ပေါက်အောင် ဖော်ထုတ်သွားမယ် အဓိကတော့ တခါတလေကျတော့လည်း ပုတ်သင်ဥတူးရင်း ညောင်မြစ်ပေါ်တာလည်း ဖြစ်နိုင်တာပေါ့နော် ကျနော်တို့ကတော့ အမှန်တရားကို ရှာသွားမှာပါ။”

အစိုးရ ထုတ်ပြန်သလို နိုင်ငံတော် လုံခြုံရေး စာရွက်စာတမ်း တွေရယူကာ နိုင်ငံကို ရောင်းစားတဲ့သူတွေ မဟုတ် တာ ကြောင့် အမြန်ဆုံးလွှတ်ပေးဖို့ မိသားစုဝင်တွေကတော့ တောင်းဆိုနေကြပါတယ်။

“သမီး သူစားမယ့်ဥစ္စာလေး စားခွင့်ရမယ်ဆိုတော့ ဖွယ်ဖွယ်ရာရာလေး ချက်ပေးပါတယ်။ အခုတော့ သူစားလည်းမစားလိုက်ရဘူး။ သမီးတို့တွေနဲ့ လည်း နွေးနွေးထွေးထွေး စကားတောင်သိပ်ပြီးမပြောလိုက်ဘူး။ ကလေးကိုလည်း နွေးနွေးထွေးထွေးမပြောလိုက်ရဘူး။ သမီးယောကျ်ားက မဟုတ်တာမလုပ်ဘူးဆိုတာ သမီးယုံကြည်တယ်၊ သမီးယောကျ်ားက မှန်တာပဲ လုပ်မှာ မဟုတ်တာ မလုပ်ဘူး။”

ကိုကျော်စိုးဦး(ခ) ကိုမိုးအောင်ဇနီး မချစ်စု က အစိုးရစွပ်စွဲမှုမမှန်ဘူးလို့ပြောခဲ့တာပါ။

အဖမ်းခံထားရတဲ့ သတင်းသမားတွေ အာမခံရ ဖို့ ရှေ့နေတွေ ဘက်က တင်ပြထားပြီး ဒါကို နောက်လာမယ့် ဇန်နဝါရီ ၂၃ရက်နေ့ ရုံးချိန်းမှသာ ၂ဖက်ကြားနာပြီးမှသာ အာမခံရမရ ဆုံးဖြတ်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG