အစ္စလာမ်အစွန်းရောက် IS အဖွဲ့ကို နည်းလမ်းပေါင်းစုံနဲ့ နှိမ်နင်းတိုက်ခိုက်နေပြီး ဒီစစ်ပွဲကို အနိုင်ရမယ်လို့ ယုံကြည် တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန အဆင့်မြင့် တာဝန်ရှိသူတဦးက ပြောလိုက်ပါတယ်။ အကြမ်းဖက်ဝါဒကို ကမ္ဘာ့နိုင်ငံ တွေပူးပေါင်းပြီး နှိမ်နင်းနေတဲ့အခြေအနေ၊ အမေရိကန်ကို အကြမ်းဖက် တိုက်ခိုက်ခံရနိုင်တဲ့ အလားအလာ၊ အကြမ်းဖက်ဝါဒကို အမြစ်ပြတ်ချေမှုန်းလို့ ရနိုင်မလား စတာတွေနဲ့ ပတ်သက်ပြီး Alhurra သတင်းဌာနနဲ့ သီးခြား တွေ့ဆုံ မေးမြန်းခန်းမှာ အမေရိကန် နိုင်ငံခြားရေးဌာန၊ လက်ထောက် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Richard Stengel က အဲဒီလိုပြောသွားတာပါ။ ကိုကျော်ကျော်သိန်း က ကောက်နှုတ် တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုကို ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့မှာ အကြမ်းဖက် တိုက်ခိုက်ခံရပြီးချိန်ကတည်းက စတင်ခဲ့ တဲ့ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်ဝါဒ ဆန့်ကျင်နှိမ်နင်းရေးစစ်ပွဲမှာ အာရပ်ဘ်နိုင်ငံတွေရဲ့ ပါဝင် လုပ်ဆောင်မှုနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဌာန၊ ပြည်သူ့သံတမန်ရေးရာ လက်ထောက်ဒုဝန်ကြီး Richard Stengel က အခုလိုပြောပါတယ်။
“ပြောမယ်ဆိုရင်တော့ အကြမ်းဖက်ဝါဒက လူတွေကို ညီညွတ်အောင် လုပ်လိုက်ပုံရပါတယ်။ ဒီလိုပြောလိုက်တော့ ထူးဆန်းပြီး လူတွေကြိုက်ချင်မှ ကြိုက်ပါလိမ့်မယ်။ တကယ်လဲ စက်တင်ဘာ ၁၁ ရက်မှာဖြစ်ခဲ့တာက အကြမ်းဖက်ဝါဒကို ဆန့်ကျင် တာမှာ ကမ္ဘာပေါ်ကလူတွေ ညီညွတ် သွားစေပါတယ်။ အမေရိကန်ပြည်ထောင်စုဟာလဲ အကြမ်းဖက်ဝါဒဒဏ်ကို ခံရတဲ့နိုင်ငံ ဆိုတာ သူတို့နားလည်သွားစေပါတယ်။ အာရပ်ဘ်ကမ္ဘာကလူထုနဲ့ ကျနော်တို့ရဲ့ မဟာမိတ်ဖြစ်မှုနဲ့ ချစ်ကြည်မှုဟာ အဲဒီအချိန် ကတည်းကစလို့ တိုးတက်လာတယ်လို့ ကျနော်ပြောချင်ပါတယ်။”
အစ္စလာမ်အစွန်းရောက် IS အဖွဲ့ကို နည်းလမ်းပေါင်းစုံနဲ့ ရင်ဆိုင်နေပြီး စစ်မြေပြင်မှာ တိုက်ခိုက်တာ၊ လေကြောင်းကနေ တိုက် ခိုက်တာ၊ ၀ါဒဖြန့်နည်းလမ်းသုံးတာ စတာတွေပါဝင်တယ်လို့ လက်ထောက် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Richard Stengel က ပြောပါတယ်။ လွန်ခဲ့တဲ့ တနှစ်မှာ ISIS အဖွဲ့ စပေါ်လာကတည်းက ဆိုရင် ဒီအဖွဲ့ကို နှိမ်နင်းတဲ့နိုင်ငံတွေပိုများလာပြီး ဂျော်ဒန်၊ အီဂျစ်နဲ့ ဆော်ဒီအာရေး ဘီးယားနိုင်ငံတွေမှာ လူမှုကွန်ယက်မီဒီယာတွေကနေ တန်ပြန် ၀ါဒဖြန့်လုပ်ဆောင်နေသလို အခုဆိုရင် အာရပ်ဘ် စော်ဘွားများ ပြည်ထောင်စု UAE နဲ့ အမေရိကန်ပူးတွဲပြီးတော့ Sawab Center ဆိုတာကို ထူထောင်ပြီးတော့ တန်ပြန် ၀ါဒဖြန့် လုပ်ငန်းလုပ်ဖို့ စီစဉ်ထားတယ်လို့ မစ္စတာ Stengel ကပြောပါတယ်။
ပြင်သစ်နဲ့ ကူဝိတ်နိုင်ငံတွေမှာ အကြမ်းဖက်တိုက်ခိုက်ခံရပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စုမှာလဲ အကြမ်းဖက်တိုက်ခိုက်ခံရ နိုင်တဲ့အန္တရာယ် ပိုများလာသလားဆိုတဲ့မေးခွန်းတွေ ထွက်လာပါတယ်။ လက်ထောက်ဒုဝန်ကြီး Stengel ကတော့ ဘေး အန္တရာယ်ကနေ ကင်းလွတ်တဲ့နိုင်ငံဆိုတာ မရှိဘဲ နိုင်ငံအားလုံးဟာ တိုက်ခိုက်ခံရနိုင်ခြေရှိတဲ့ ပစ်မှတ်တွေဖြစ်နေတာပါပဲလို့ ဆိုပါ တယ်။ ဒါပေမဲ့လဲ အရှေ့အလယ်ပိုင်းဒေသကနိုင်ငံတွေ ရင်ဆိုင်နေရသလိုမျိုးတော့ အမေရိကန် ရင်ဆိုင်နေရတာ မဟုတ်ပါဘူးလို့ မစ္စတာ Stengel ကပြောပါတယ်။
“အဲဒီဒေသမှာက ကိုယ့်နယ်စပ်မှာ အကြမ်းဖက်အဖွဲ့ရှိနေ၊ ရှေ့တိုး လာနေပြီး နိုင်ငံတခုထူထောင်ဖို့ ကြိုးစားနေတာပါ။ ဒါကြောင့် အဲဒီမှာ ပြဿနာက ပိုဆိုးရွားပါတယ်။ ဒါပေမဲ့လဲ နိုင်ငံတိုင်းမှာတော့ ပြဿနာရှိနေတာပါပဲ။ အမေရိကန်ကသွားတဲ့ ပြည်ပတိုက်ခိုက်သူတွေလဲ ရှိနေတာပါပဲ။ ဒါကြောင့်လဲ ဒီကိစ္စဟာ နိုင်ငံတိုင်းအနေနဲ့ စိုးရိမ်မှုထားဖို့ လိုတဲ့ကိစ္စဖြစ်ပါတယ်။”
အကြမ်းဖက်ဝါဒနှိမ်နင်းရေး စစ်ပွဲကို အနိုင်ရပါဦးမလား၊ ဘယ်လိုနည်းလမ်းနဲ့များ အနိုင်ရပါ့မလဲဆိုတဲ့ မေးခွန်းကိုတော့ မစ္စတာ Stengel က အကြမ်းဖက်ဝါဒနှိမ်နင်းရေးစစ်ပွဲလို့ ပြောဆိုတာကိုက မှားယွင်းခေါ်ဆိုမှုတခုပါလို့ ပြောပါတယ်။
“အကြမ်းဖက်တယ်ဆိုတာ နည်းလမ်းတခုပါ။ အခုဖြစ်ရပ်မှာဆိုရင် ISIL အဖွဲ့ကသုံးနေတဲ့ နည်းလမ်းတခုဖြစ်ပါတယ်။ ကျနော်က အကြမ်းဖက်ဝါဒနှိမ်နင်းရေးစစ်ပွဲမှာ ပါဝင်နေတာမဟုတ်ပါဘူး။ ကျနော်က IS အဖွဲ့ကို နှိမ်နင်းရေးစစ်ပွဲမှာ ပါဝင်နေတာ ပါ။ အဲဒီစစ်ပွဲကို အနိုင်ရမယ်ဆိုတာတော့ ကျနော် လုံးဝ ယုံကြည်ပါတယ်။”
အကြမ်းဖက်ဝါဒ ဘယ်လို ပုံစံမျိုးပဲဖြစ်ဖြစ် အမြစ်ပြတ်သွားမယ်၊ IS အဖွဲ့ရဲ့ ဘယ်လိုအယူဝါဒမျိုးမဆို ပျောက်ကွယ်သွားမယ်လို့ ပြောမယ်ဆိုရင်တော့ လက်တွေ့ကျမှာမဟုတ်ပါဘူးလို့ မစ္စတာ Stengel ကပြောပါတယ်။ ဒါပေမဲ့လဲ ပြင်းထန်တဲ့၊ ပိုပိုကြီးထွားလာ တဲ့ခြိမ်းခြောက်မှုမျိုး ဖြစ်မလာအောင်တော့ တန်ပြန်လုပ်ဆောင်နိုင်ပြီး အခုကိုပဲ အဲဒီအခြေအနေ ရောက်နေပါပြီလို့ အမေရိကန် နိုင်ငံခြားရေးဌာန လက်ထောက်ဒုဝန်ကြီး Richard Stengel ကပြောပါတယ်။