သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ လူ့အခွင့်အရေး ကော်မရှင် အားနည်းမှု SAPA ဝေဖန်


Solidarity for Asian People's Advocacy (SAPA) Working Group on ASEAN
Solidarity for Asian People's Advocacy (SAPA) Working Group on ASEAN
အာဆီယံနိုင်ငံတွေက လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုတွေအပေါ် အာဆီယံ အစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်ရဲ့ အကာအကွယ်ပေးမှု အားနည်းလွန်းတယ်လို့ အာဆီယံဒေသတွင်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်ပြောဆိုလိုက်ပါတယ်။ လတ်တလော လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်နေတဲ့ မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံတွေ မှာ ကော်မရှင်ရဲ့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးဆောင်ရွက်ချက်တွေ ဟာလည်း ဟန်ပြသက်သက်သာဖြစ်တယ်လို့ အစီရင်ခံစာ ထုတ်ထောက်ပြ လိုက်ကြတာပါ။ ကော်မရှင်ရဲ့ နှစ်အလိုက်လုပ်ဆောင်ချက်တွေအပေါ် သုံးသပ်ချက်နဲ့ပတ်သက်လို့ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးပါမယ်။

မကြာသေးခင်နှစ်တွေအတွင်းက မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပါအဝင် ထိုင်း၊ လာအို၊ ကမ္ဘောဒီယားစတဲ့ အာဆီယံနိုင်ငံများ အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အာဆီယံ အစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် အနေနဲ့ အစိုးရတွေကို တင်ပြတာ၊ ထိထိရောက်ရောက် ကာကွယ်ဖြေရှင်းပေးတာမျိုး မလုပ်ခဲ့ဘူးလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက လူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ဆောင်မှုများ အပေါ်သုံးသပ်ချက် အစီရင်ခံစာ ထုတ်ပြန်ပြီး ဝေဖန်ထောက်ပြ လိုက်တာဖြစ်ပါတယ်။

လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေအပေါ် ပြည်သူတွေဘက်ကနေ တိုင်ကြားသတိပေးမှု၊ နောက် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ အကြံပြုချက်တွေအပေါ်မှာလည်း ကော်မရှင်အနေနဲ့ အရေးတယူလုပ်မှု အားနည်းလွန်းတယ်လို့ ညီမျှခြင်း မြန်မာ (Equality Myanmar) ဒါရိုက်တာဦးအောင်မျိုးမင်းက ဗွီအိုအေကို ပြောပါတယ်။

"ထိုင်းနိုင်ငံ နဲ့ လာအိုနိုင်ငံမှာ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးအတွက် လုပ်ဆောင်နေတဲ့ လူနှစ်ဦးက ထူးဆန်းစွာ ပျောက်ဆုံးသွားပါတယ်။ အများစုကတော့ ဒါကတော့ အစိုးရရဲ့လက်ချက်လို့ စွပ်စွဲကြတယ်။ သူတို့နှစ်ယောက်ပျောက်ဆုံးသွားခြင်းကိုယ်တိုင်က လူ့အခွင့်အရေး ကာကွယ်မြှင့်တင်နေသူတွေရဲ့ လုံခြုံမှုကို အစိုးရက ကာကွယ် မပေးနိုင်ဘူးဆိုတဲ့ အချက်တစ်ခုကို ပထမဦးဆုံးထောက်ပြချင်ပါတယ်။ နောက်တစ်ခု ကတော့ မြေယာသိမ်းဆည်းမှုတွေ အများကြီးဖြစ်နေတဲ့ ကိစ္စတွေ ရှိနေပါတယ်။ မြန်မာနိုင်ငံမှာလည်း မြေယာသိမ်းဆည်းမှုဖြစ်တယ်။ ကမ္ဘောဒီးယားမှာလည်းဖြစ်တယ်။

မကြာမီက လာအို နိုင်ငံမှာလည်း ဒါမျိုးတွေ ဖြစ်နေတဲ့အတွက် ဒါတွေနဲ့ပါတ်သက်ပြီးတော့ အာဆီယံပြည်သူလူထုတော်တော်များများက ဒါတွေကို ခံစားနေရတာဖြစ်တယ်။ အဲဒါနဲ့ပါတ်သက်ပြီးတော့ လူ့အခွင့်အရေးကော်မရှင်က ဘာမှ အရေးယူဆောင်ရွက်မှုမရှိပါဘူး။

နောက်တစ်ခုကတော့ အခုပဲလက်ရှိဖြစ်ခဲ့တဲ့ ကမ္ဘောဒီးယားနိုင်ငံအတွင်းမှာ ဒီ အလုပ်သမားတွေက ဖိနှိပ်မှုကို ဆန္ဒပြတဲ့အပေါ် အကြမ်းဖက် ပစ်ခတ်မှုကြောင့် သေကြေတာ ပျက်စီးခဲ့တာတွေဖြစ်တယ် ။ ထို့အတူပဲ ထိုင်းနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြမှုအပေါ်မှာ သူတို့ ဒီလိုပဲ ပစ်ခတ်မှုတွေ ရှိတဲ့အတွက် သေဆုံးခဲ့ရတာဖြစ်တာက ဒါက အာဆီယံဒေသအတွင်းက သက်ဆိုင်တဲ့ ထူးခြားတဲ့ လူ့အခွင့်အရေး အခြေအနေတွေဖြစ်ပါတယ်။

အဲဒီကိစ္စကို လူ့အခွင့်အရေးကော်မရှင်က ဘာမှ ထိထိရောက်ရောက် ဝင်ရောက်ပြီးကာကွယ်ပေးတာ ဖြေရှင်းပေးတာ ဒါနဲ့ပါတ်သက်ပြီး တင်ပြပြီးတော့ အစိုးရတွေကို တားဆီးတာမရှိခဲ့ခြင်းဟာ တကယ့်ကိုမကောင်းတဲ့ လက္ခဏာတစ်ရပ်ဖြစ်နေပါတယ်။"

အာဆီယံအစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်ရဲ့ ငါးနှစ်ပြည့်နှစ်ပတ်လည်ဖြစ်တဲ့ ၂၀၁၄မှာပဲ မြန်မာနိုင်ငံကလည်း အာဆီယံအသင်းကြီးရဲ့ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ရမယ့် အချိန်ဖြစ်နေတာကြောင့် ဒီကော်မရှင်ရဲ့ အရင်နှစ်တွေက လုပ်ဆောင်ခဲ့မှုတွေကို ပြန်လည်သုံးသပ်ပြီး လိုအပ်ချက်တွေကို လုပ်ဆောင်နိုင်အောင် တင်ပြထားတာဖြစ်တယ်လို့ ညီမျှခြင်း မြန်မာ (Equality Myanmar) ဒါရိုက်တာ ဦးအောင်မျိုးမင်းကဆက်ပြောပါတယ်။

"အိမ်ရှင်နိုင်ငံက တကယ့်ကို လူ့အခွင့်အရေးကာလ ဒေသအတွင်းမှာ လူတိုင်းကလေးစားပြီး စွမ်းအားရှိတဲ့ လူ့အခွင့်အရေးကော်မရှင် တစ်ရပ် ပေါ်လာဖို့အတွက် ပြုပြင်မှုတွေ ပြောင်းလဲမှုတွေကို အင်တိုက်အားတိုက် ဦးဆောင်ပြီးဆွေးနွေးစေချင်ပါတယ်။ ဒါမှသာ ကျနော်တို့ မြန်မာနိုင်ငံက အရင်လို အစိုးရမဟုတ်ဘဲနဲ့ ကိုယ့်နိုင်ငံအတွက်သာမကဘဲ ဒေသဆိုင်ရာ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးကို တကယ့်ကိုစွမ်းစွမ်းတမံ လုပ်ဆောင်တဲ့ အစိုးရအဖြစ် အာဆီယံပြည်သူတွေက လေးစားလာမှာဖြစ်ပါတယ်"

အာဆီယံဒေသတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်ပေါ်လာတဲ့အခါမှာ အစိုးရများဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်ရှိရက်နဲ့ ထိထိရောက်ရောက် ကိုင်တွယ် မဖြေရှင်းပေးနိုင်တာကတော့ ကော်မရှင်ဟာ “ဟန်ပြသက်သက်သာဖြစ်တယ်”ဆိုတာ ပေါ်လွင်ထင်ရှားစေတယ်လို့ သူကဝေဖန်လိုက်ပါတယ်။

"ကော်မရှင် ပေါ်ပေါက်ခဲ့ပြီးတော့ တိုင်ကြားမှုတွေကို အရေးမယူဘူးဆိုရင် ဒါက စက္ကူကျားတစ်ခုပါပဲ။ အင်အားကောင်းတဲ့ လူ့အခွင့်အရေးကော်မရှင် မဖြစ်တဲ့အတွက် အာဆီယံပြည်သူလူထုက ဒီ ကော်မရှင်ကို ဘယ်သူမှလည်း တန်ဖိုးထားလာမှာ မဟုတ်ပါဘူး။ သူ့ကိုလည်း ဘယ်သူမှ အားကိုးထားတာ မဖြစ်လာတော့ပါဘူး။ ဒါပေမယ့် လူ့အခွင့်အရေး ချိုးဖောက်ချင်တဲ့ တစ်ချို့သော အစိုးရတွေအတွက် ဒါက သူတို့အတွက် အခွင့်အလမ်း တစ်ရပ်ပါ ။

တကယ်လို့ နိုင်ငံတကာကပြောလာမယ်ဆိုလို့ရှိရင် ကျနော်တို့ဆီမှာ လူ့အခွင့်အရေးကော်မရှင် ရှိသားပဲလို့ပြောပေမဲ့ ဒီလူ့အခွင့်အရေးကော်မရှင်က ထိရောက်တဲ့ အရေးယူမှု လုပ်ဆောင်နိုင်မှု မဖြစ်တဲ့အတွက် ကျူးလွန်တဲ့ အစိုးရတွေအတွက် ဟန်ပြသက်သက် ကာကွယ်ပေးထားတဲ့ အရာပဲဖြစ်နေတာ အာဆီယံ ၁၀ နိုင်ငံလုံးမှာရှိတဲ့ ပြည်သူပြည်သားတွေ အားလုံးအတွက် တကယ့်ကိုမဖြစ်သင့်တဲ့ အရာပဲဖြစ်ပါတယ်။"

Still Window Dressing “ဟန်ပြသက်သက်သာဖြစ်ဆဲ” လို့ အမည်ပေးထားတဲ့ ဒီအစီရင်ခံစာကို အာဆီယံဒေသ အတွင်းရှိ အရပ်ဖက် လူထုအဖွဲ့အစည်းများ ပါဝင်တဲ့ Solidarity for Asian People’s Advocacy – Task Force on ASEAN and Human Rights (SAPA TFAHR) အဖွဲ့က ပြင်ဆင်ရေးသား ထားတာဖြစ်ပြီး အာဆီယံချာတာ အရ ပေါ်ပေါက်လာခဲ့သော အာဆီယံ အစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်ရဲ့၂၀၁၁ ခုနှစ်မှ၂၀၁၃ ခုနှစ်အတွင်း လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်ခဲ့မှုတွေကို သုံးသပ် တင်ပြထားတာဖြစ်ပါတယ်။
XS
SM
MD
LG