သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Rio အိုလံပစ်ရောက် မြန်မာအားကစားသမားများ အခြေအနေ


Rio အိုလံပစ်ရောက် မြန်မာအားကစားသမားများ
Rio အိုလံပစ်ရောက် မြန်မာအားကစားသမားများ

ဘရာဇီးနိုင်ငံမှာ ကျင်းပနေတဲ့ ရီယိုအိုလံပစ်အားကစားပြိုင်ပွဲမှာ မြန်မာအားကစားအဖွဲ့ဟာ ဆုတံဆိပ် တခုမှ မရခဲ့ပေမယ့်လည်း ၊ အားကစားနည်း ၃ မျိုးကိုတော့ အားရကျေနပ်မှုရှိတယ်လို့ မြန်မာအိုလံပစ်အားကစားအဖွဲ့ခေါင်းဆောင်က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အိုလံပစ်ပြိုင်ပွဲလို နိုင်ငံတကာ အားကစားပြိုင်ပွဲတွေမှာ အောင်မြင်မှုမရတာဟာ တနိုင်ငံလုံးအတိုင်းအတာ နဲ့ အောက်ခြေအဆင့်ပြိုင်ပွဲတွေမှာ ထူးချွန်တဲ့အားကစားသမားတွေ ထွက်ပေါ်လာတာနည်းတာကြောင့်ဖြစ်တယ်လို့လည်း ပြောပါတယ်။ ရီယိုအိုလံပစ်အားကစားပြိုင်ပွဲမှာ မြန်မာက အားကစားနည်း ၅ မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ မနေ့က နောက်ဆုံးပြိုင်ခဲ့တဲ့ ပြေးခုန်ပစ်ပြိုင်ပွဲနဲ့ ပတ်သက်ပြီး မြန်မာအားကစားအဖွဲ့ခေါင်းဆောင် ဦးသက်လွင်ကို ကိုရန်နိုင်က ဆက်သွယ်မေးမြန်းတဲ့အခါမှာ သူကအခုလို ပြောပါတယ်။

ဦးသက်လွင်။ ။ ကျနော်တို့ မနေ့ကတုန်းက ကိုစန်းနိုင် မီတာ ၅၀၀၀ ပြိုင်ပါတယ်ခင်ဗျ။ သူ့အတွဲမှာက ၂၇ ယောက်ပြိုင်တာ သူက ၂၄ အဆင့်ရပါတယ်။ စံချိန်ကတော့ ၁၅ မိနစ် ၅၁ စက္ကန့်ပါ။ ဒါပေမဲ့ သူ့ရဲ့ အကောင်းဆုံးစံချိန်တော့ မဝင်ပါဘူး။ နောက်တစ်ယောက် ဆွေလီမြင့်ကတော့ ၆၅ ယောက်မှာ ၆၂ အဆင့်ရပါတယ်။ သူရတဲ့စံချိန်ကတော့ ၂ မိနစ် ၁၆ ဒဿမ ၉၈ ဖြစ်ပါတယ်။ သူလဲပဲ မြန်မာပြည်မှာရတဲ့ အကောင်းဆုံး စံချိန်ကိုမရပါဘူး။

ကိုရန်နိုင်။ ။ ဟုတ်ကဲ့သူတို့က ဘာဖြစ်လို့ အကောင်းဆုံစံချိန်မရကြတာလဲ။

ဦးသက်လွင်။ ။ ဒီမှာလက်ရှိရှိတဲ့ ရာသီဥတုတို့ စသဖြင့်ပေါ့ ။ ကျန်းမာရေးကတော့ ကောင်းတယ်၊ တကယ်ပြေးတဲ့အခါကျတော့ Fit ဖြစ်တာမဖြစ်တာတော့ ရှိမှာပေါ့။ ပြေးတယ်ဆိုတာကလည်း ခြေလှမ်း ၂ လှမ်း ၃ လှမ်းလောက်ကွာတာနဲ့တင်ပဲ စံချိန်က ပြောင်းသွားတာကိုး။

ကိုရန်နိုင်။ ။ ကျနော်တို့ မြန်မာအားကစားအဖွဲ့က ပွဲတွေက အကုန်လုံးပြီးသွားပြီဆိုတော့ အခြေအနေက ဘယ်လိုပါလဲ။ ဘယ်လောက်အထိ အားရကျေနပ်မှုရှိပါသလဲ။

ဦးသက်လွင်။ ။ ကျနော်တို့လာပြိုင်တာ အားကစားနည်း ၅ မျိုးပေါ့ ၊ ၅ မျိုးမှာ ၃ မျိုး ကတော့ အားရစရာကောင်းတာပေါ့ ။ ၂ နည်းကတော့ ကျနော်တို့ အားနည်းနေသေးတယ်။ ကျနော်တို့ ဆက်လက်လုပ်ဆောင်ရဦးမှာပေါ့ ။ အဲဒီ ၂ မျိုးကတော့ ပြေးခုန်ပစ်နဲ့ ရေကူးပေါ့။

ကိုရန်နိုင်။ ။ အဲဒီအားကစားနည်း ၂ ခုပေါ့၊ ပြေးခုန်ပစ် နဲ့ ရေကူးမှာ ကျနော်တို့က ဘယ်လိုမျိုး အားနည်းချက်တွေရှိနေတာလဲ။

ဦးသက်လွင်။ ။ ဘယ်လိုအားနည်းချက်တွေရှိနေတာလဲဆိုတော့ ၊ ဒီလက်ရှိ ကျနော်တို့ရဲ့ အားကစားသမားတွေကတော့ ဒီမှာ ပြိုင်ဘက်နိုင်ငံ တွေနဲ့ ကြည့်တဲ့အခါကျတော့ ၊ အရပ်အမောင်း ၊ အလုံးအထည်၊ ခွန်အားက အစ ကွာတယ်လေ။ အဲဒီတော့ အဲဒီလိုမျိုး သူတို့လိုပဲ အရပ်အမောင်း၊ အလုံးအထည်၊ ခွန်အားနဲ့ ညီမျှတဲ့ အားကစားသမားတွေ ကျနော်တို့က ထပ်ပြီးတော့ မျိုးဆက်သစ်ပေါ်အောင် ကျနော်တို့က ရှာရမှာပေါ့ ။

ကိုရန်နိုင်။ ။ ဆိုတော့ ဒီဥစ္စာက အရပ်အမောင်း၊ အလုံးအထည်၊ ခွန်အား၊ အဲဒီဟာတွေ ကွာတယ်ပေါ့။ ဒါပေမယ့် ကျနော်တို့မြန်မာနိုင်ငံမှာ အားကစားသမားတွေ ထွက်လာဖို့အတွက် ပြိုင်ပွဲတွေရော ရှိရဲ့လား။

ဦးသက်လွင်။ ။ ပြိုင်ပွဲကတော့ ကျနော်တို့က ရှိတယ်။ ကျနော်တို့ရဲ့ ပြည်တွင်းပြိုင်ပွဲကတော့ ကျနော်တို့ဌာနကနေပြီးတော့ ဦးစီးဦးဆောင်ကျင်းပတဲ့ ပြည်နယ်နဲ့တိုင်းပြိုင်ပွဲတွေ ၊ ဒီပြိုင်ပွဲတွေကတော့ ပုံမှန်ပေါ့ နှစ်စဉ် အားကစားပြက္ခဒိန်အရ လုပ်နေတယ်။ သို့သော် အဲဒီပြိုင်ပွဲတွေကို ပြိုင်ဖို့အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေမှာ အောက်ခြေ၊ ရပ်ကွက်၊ကျေးရွာ အဆင့်အထိကို ၊ ဟိုးအရင်တုန်းလိုတော့ ပြိုင်ပွဲတွေလုပ်ပြီး ရွေးတာ၊ နောက်ပြီးတော့ အဓိကကတော့ ပညာရေးဌာနမှာရှိတဲ့ ကျနော်တို့ ကျောင်းသူ၊ ကျောင်းသားတွေ၊ အားကစားကို ပုံမှန်လေ့လာ လိုက်စားနိုင်အောင်၊ ကျောင်းပေါင်းစုံပြိုင်ပွဲတွေနဲ့ ကျောင်းမှာလည်း ကျောင်းတွင်း အားကစားပြိုင်ပွဲတွေ လုပ်တာမျိုးတွေတော့ နည်းနေတာပေါ့။

ကိုရန်နိုင်။ ။ အဲဒီတော့ ကျနော် ဒီမှာလည်း ကြည့်ရသလောက်တော့ ၊ ဒေသတွင်းနိုင်ငံတွေ အတော်များများ ဆုရကြတယ်။ ဆုရတဲ့ ဥစ္စာမှာလည်း အလေးမ၊ သေနတ်ပစ်၊ တိုက်ကွမ်ဒိုတို့ အဲဒီလိုမျိုးတွေ တော်တော်များများမှာ ရတာတွေ့တယ်။ ဆိုတော့ ကျနော်တို့ကရော ဒီနိုင်ငံတွေနဲ့ အဲဒီ အားကစားနည်းတွေမှာ မယှဉ်နိုင်ဘူးလား၊ သူတို့တောင်ရသေးတာ ကျနော်တို့က ရနိုင်တဲ့အနေအထားမရှိဘူးလား၊ မရဘူးဆိုရင်ရော ဘာဖြစ်လို့မရနိုင်တာလဲ၊

ဦးသက်လွင်။ ။ စင်ကာပူဆိုရင် ရေကူးမှာ ဆုတံဆိပ်ရတယ်။ ဒါပေမယ့် အဲဒီ ဆုရတဲ့ ရေကူးအားကစားသမားဟာ အမေရိကန်နိုင်ငံမှာ ကျောင်းတက်ပြီးတော့ အဲဒီမှာပြိုင်ဘက်ကောင်း တွေနဲ့လေ့ကျင့်၊ ပြိုင်ပွဲဝင်ပြီးတော့မှ ၊ အခုဒီပြိုင်ပွဲကျမှ၊ သူ့နိုင်ငံကို ကိုယ်စားပြုပြီးတော့ လာရောက်ယှဉ်ပြိုင်တဲ့ ကစားသမားဖြစ်ပါတယ်။ ယိုးဒယားတို့ ၊မလေးရှားတို့ကလည်း ထိုနည်းလည်းကောင်းတွေပါပဲ။ ယိုးဒယားကို ကျနော်တို့ အလေးမက နဂိုက ကျနော်တို့က သူတို့ထက် ကောင်းတဲ့အနေအထားကနေ၊ သူတို့ကို အခုယှဉ်လို့မရတဲ့အနေအထား ဖြစ်သွားတာဖြစ်ပါတယ်။

ကိုရန်နိုင်။ ။ ဘာဖြစ်လို့လဲ။

ဦးသက်လွင်။ ။ အဲဒါကတော့ ကျနော်တို့ အလေးမအားကစားနည်းမှာ ကျနော်တို့နိုင်ငံကနေပြီးတော့ စိတ်ဝင်စားစွာနဲ့ နောက်ပိုင်း ဆောင်ရွက်ဖို့အတွက် လူငယ်၊ လူရွယ်တွေကို လုပ်နိုင်မှုလောလောဆယ် လိုတာပေါ့လေ။

ကိုရန်နိုင်။ ။ ဦးသက်လွင်တို့ ဘယ်တော့လောက်ပြန်ဖြစ်မလဲ။

ဦးသက်လွင်။ ။ ကျနော်တို့ ၂၁ ပိတ်ပွဲပြီးရင် ၊ ၂၂ ပြန်ထွက်ပါမယ်ခင်ဗျ။

မြန်မာအိုလံပစ်အားကစားအဖွဲ့ခေါင်းဆောင် ဦးသက်လွင်ကို ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။ မြန်မာအိုလံပစ်အားကစားအဖွဲ့ဟာ အခုနှစ် ရီယိုအိုလံပစ်အားကစားပြိုင်ပွဲမှာ သေနတ်ပစ်၊ မြှားပစ်၊ ပြေးခုန်ပစ်၊ ဂျူဒို နဲ့ ရေကူး အားကစားနည်း ၅ မျိုးမှာ ၊ အားကစားသမား ၇ ယောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

YN Olympics Original
please wait

No media source currently available

0:00 0:03:36 0:00
တိုက်ရိုက် လင့်ခ်

YN Olympics mp3 exportable
please wait

No media source currently available

0:00 0:03:36 0:00
တိုက်ရိုက် လင့်ခ်

YN Olympics mp3 encoder
please wait

No media source currently available

0:00 0:03:36 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG