သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေ ပြန်လာရေး အာစီယံ ပြောကြားချက် ဝေဖန်ခံရ


ဘင်္ဂလားဒေ့ရှ် Cox's Bazar ရှိ ရိုဟင်ဂျာ ဒုက္ခသည်များ (နိုဝင်ဘာ၊ ၁၅၊ ၂၀၁၈)
ဘင်္ဂလားဒေ့ရှ် Cox's Bazar ရှိ ရိုဟင်ဂျာ ဒုက္ခသည်များ (နိုဝင်ဘာ၊ ၁၅၊ ၂၀၁၈)

မြန်မာ စစ်တပ်ရဲ့ ကြမ်းကြုတ်ရက်စက်မှုတွေ ရခိုင်ပြည်နယ်တွင်းက လက်ရှိ ဖြစ်နေတဲ့ ပြည်တွင်းစစ်နဲ့ ဖိနှိပ်ခံ မူဆလင် လူနည်းစုရဲ့ အမည်ကို အသိအမှတ်မပြုတဲ့ ကိစ္စတွေကို အရေးတယူ မပြောဘဲ ရိုဟင်ဂျာ ၅ သိန်းလောက် လာမယ့် ၂ နှစ် အတွင်း မြန်မာနိုင်ငံကို ပြန်နိုင်လိမ့်မယ်လို့ အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံရဲ့ အစီရင်ခံစာက ခန့်မှန်းပြောဆိုလိုက်တဲ့ အပေါ် လေ့လာသူတွေကကြား မယုံကြည်နိုင်ဖြစ်နေကြပါတယ်။

AFP သတင်းအေဂျင်စီက လက်ခံရရှိတဲ့ အာဆီယံ အဖွဲ့ကြီးရဲ့ အရေးပေါ် တုံ့ပြန်အကဲဖြတ်ရေး အဖွဲ့က ရေးသားတဲ့ ပေါက်ကြားထွက်လာတဲ့ အစီရင်ခံစာကတော့ လာမယ့် သတင်းပတ်တွေ အတွင်း တရားဝင် ထုတ်ပြန်မယ်လို့ မျှော်လင့်ရပါတယ်။

လူတွေ ထူထပ်တဲ့ ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ၇၄၀,၀၀၀ ရှိရာ ဘင်္ဂလားဒေ့ရှ်ကနေ ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်လာရေး ဆွဲဆောင်စည်းရုံးနိုင်ဖို့ မြန်မာအစိုးရရဲ့ အားထုတ် ကြိုးပမ်းမှုတွေကိုလည်း ဂုဏ်တင် အကဲဖြတ်ထားပါတယ်။

ဒုက္ခသည်တွေ ဌာနေပြန်ရေး အတွက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနှစ်နိုင်ငံကြား ၂၀၁၇ ခုနှစ် နိုဝင်ဘာလက သဘောတူညီချက် တရပ်ကို လက်မှတ်ရေးထိုးခဲ့ပေမယ့်လည်း အခုအချိန်ထိတော့ အခွင့်အရေးနဲ့ လေးကင်းလုံခြုံမှုကို စိုးရိမ်စရာ မလိုဘဲ ဆန္ဒအလျောက် ဌာနေပြန်မယ့်သူ မရှိသေးပါဘူး။

ရခိုင်ပြည်နယ်တွင်း ဌာနေပြန်ရေး လုပ်ငန်းစဉ် အတွက် ပဏာမ လိုအပ်ချက် အကဲဖြတ်ချက်မှာလည်း ပြန်လာမယ့် ရိုဟင်ဂျာ ၅ သိန်း အတွက် အခြေခံထားပါတယ်။ ဒီအရေအတွက်က မြန်မာဘက်က ပြောထားတဲ့ ဒုက္ခသည် အရေအတွက် ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ ကုလသမဂ္ဂက ပြောထားတဲ့ အရေအတွက်ထက် အများကြီး နည်းနေပါတယ်။

အစီရင်ခံစာထဲမှာလည်း ရိုဟင်ဂျာဆိုတာ သုံးမထားဘဲ မူဆလင် လူမှုအသိုင်းအဝိုင်း အဖြစ် သုံးနှုန်းထားပါတယ်။ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို မြန်မာ အစိုးရဘက်က လက်ခံမထားပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG