သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်စခန်း ရေရှားပါးမှု ရောဂါကူးစက်နိုင်


ရိုဟင်ဂျာ ဒုက္ခသည်အမျိုးသမီး (နိုဝင်ဘာ၊ ၁၅၊ ၂၀၁၈)
ရိုဟင်ဂျာ ဒုက္ခသည်အမျိုးသမီး (နိုဝင်ဘာ၊ ၁၅၊ ၂၀၁၈)

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲ သိန်းချီ ခိုလှုံနေထိုင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အရေးပေါ်ရေရှားပါး ပြတ်လပ်မှုနဲ့ ကြုံနေရတဲ့အတွက် ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေက ပြောပါတယ်။ ကုလသမဂ္ဂနဲ့ ဒုက္ခသည်စခန်းတွေထဲက ဒုက္ခသည်အရေး ကူညီပေးနေသူတွေက အရေးတကြီးလိုအပ်နေတဲ့ ရေပြဿနာကို ပြေလည်အောင် နည်းမျိုးစုံနဲ့ ဖြေရှင်းပေးနေပေမဲ့လို့ ဒုက္ခသည်တွေအတွက် လုံလောက်တဲ့ ရံပုံငွေ မရရှိပဲ ဖြစ်နေပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

အကြမ်းဖက် ပဋိပက္ခတွေအတွင်း နယ်မြေရှင်းလင်းမှုတွေကြောင့် အသက်ဘေး စိုးရိမ်ရလို့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးခိုလှုံနေကြရတဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒုက္ခသည်စခန်းတွေရှိတဲ့ ဒေသမှာ မိုးနည်းပါးနေတာကြောင့် ဒုက္ခသည်စခန်းတွေထဲ ရေပြတ်လပ်မှုဖြစ်နေပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေဘက်က ရေပို့ပေးနိုင်ဖို့ အမြန်ဆုံးကြိုးပမ်းနေကြရတာပါ။

ရိုဟင်ဂျာဒုက္ခသည် စခန်းတွေအတွက် ရေအခက်အခဲက သိပ်ကို ဆိုးရွားနေပြီလို့ ကုလသမဂ္ဂရုံးချုပ်မှာ သောကြာနေ့ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ Stéphane Dujarric က ပြောသွားတာပါ။

"ဒုက္ခသည်တွေအတွက် ရေထောက်ပံ့မှု မရရင် မဖြစ်တဲ့ အနေအထား ဖြစ်နေပါတယ်။ သူတို့ကို ရေပေးဝေမှုကိုလည်း ခွဲတမ်းနဲ့ လျှော့ပြီးပေးနေရပါတယ်။ အခုလို ရေအလုံအလောက်မရတာကြောင့် စခန်းတွေမှာ ရေကတဆင့်က ပြန့်ပွားတဲ့ ရောဂါတွေ ဖြစ်လာနိုင်ခြေရှိလို့ စိုးရိမ်စရာကောင်းပါတယ်။"

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ပြောခွင့်ရသူ Stéphane Dujarric ပြောသွားတာပါ။ သိန်းချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ရေရှားပါးတဲ့ ပြဿနာ အကြီးအကျယ် ကြုံနေရတာကြောင့် သောက်သုံးရေကို စခန်းတွေထဲ လူဦးရေ ခွဲတမ်းနဲ့ပဲ ရေ ရရှိတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေကလည်း ပြောပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်များ သောက်ရေခပ်နေကြစဉ်
ရိုဟင်ဂျာ ဒုက္ခသည်များ သောက်ရေခပ်နေကြစဉ်

ကုလသမဂ္ဂနဲ့ ဒုက္ခသည်အရေး ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေ၊ ဒုက္ခသည်စခန်းတာဝန်ရှိသူတွေဘက်ကတော့ ဒုက္ခသည်စခန်းတွေအထဲ သောက်ရေ သုံးရေတွေကို ဖြန့်ဝေပေးနေပေမဲ့ အခက်ခဲတွေနဲ့ ရင်ဆိုင်နေရတုန်းပဲလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားအနီး ကုတုပလောင်ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည် ဦးမောင်မောင်က ပြောပါတယ်။

"ရေကတော့ လောလောဆယ် အခု ကျနော်တို့ ဒီ နေ့တိုင်း သုံးတဲ့နေရာက မရရင်တခြားနေရာက သွားပြီးတော့ သုံးရတယ်၊ ခပ်ရတယ်။ အဲ့ဒါကြောင့်မို့ လူတွေဆီမှာ ရောဂါလည်း အမျိုးမျိုးပေးနေတယ်။ ဒီမှာလည်း အခု ဒီမှာရှိတဲ့ ဆေးရုံမှာလည်း မခံနိုင်ဘူး။ ဒီမှာ အဲ့လိုမျိုးရောဂါဖြစ်တဲ့ လူနာတွေကတော့များတယ်။ သောက်သုံးရေနဲ့ ပတ်သတ်ပြီး ကျနော်တို့ ပြောချင်တာက သူတို့တူးပေးတဲ့ပိုက်တွေက ကျနော် သူတို့ NGO တွေက ဖြစ်ပြီးတော့ ဒီဘက်ကလူတွေကို သူတို့ လုပ်ပြီးတော့ အဲ့ဒါမှာ လူတိုင်းက အဲ့ဒီရေကို သုံးလို့မရဘူး။ ဒါပေမဲ့ ကျနော်တို့က အဆင်ပြေအောင် လုပ်ပေးမလဲဆိုလို့ရှိရင် ကျနော်တို့မှာ သူတို့ခက်တဲ့နေရာမှာ မလုပ်ဘဲနဲ့ အဆင်ပြေတဲ့နေရာမှာ သူတို့ ရေပိုက် ထုတ်ပေးရမှာ။ အဲ့ဒါလုပ်မယ်လို့ ကျနော်တို့က အဆင်ပြေတယ်။ အခု အဆင်ပြေတယ်ဆိုတာက တချို့ဆို စခန်းတွေက တောင်ပေါ်မှာ ရှိတယ်၊ တောင်အောက်မှာ ရှိတယ်၊ တောင်အလယ်မှာရှိတယ်။ အဲ့လိုမျိုးတွေ ပုံစံတွေပါ။ ဒီမှာ သူတို့ ဘယ်လိုလုပ်ကောင်းမယ်ဆိုရင် မြေတူးပြီးတော့ မြေအောက်ကနေ စိုက်ပြီးတော့ သူတို့ လုပ်ပေးမယ်ဆိုလို့ရှိရင် ပိုကောင်းပါတယ်လို့ မြင်ပါတယ် ကျနော်က။"

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း သိန်းချီနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲ သောက်သုံးရေ ရှားပါးပြတ်လပ်မှုအပြင် စားနပ်ရိက္ခာ ဆေးဝါး စောင့်ရှောက်မှုနဲ့ ပညာရေး လိုအပ်ချက်တွေနဲ့လည်း ရင်ဆိုင်နေကြရတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားအနီး ဘာလုခါလီ ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည် ဦးမျိုးသန့်ကလည်း ပြောပါတယ်။

"ဒုက္ခ ကြုံနေရတာပဲ ဖြစ်ပါတယ်။ အခုတော့ ရေကတော့ သူတို့ကို ကားနဲ့သယ်ပြီးတော့ ရေပေးနေပါတယ်။ လုံလုံလောက်လောက်ရေ မရပေတော့ သူတို့မှာ လူတွေမှာ ကျန်းမာရေး ပြဿနာတွေ ပြဿနာက အများကြီး ကြုံပါတယ်။ အဆင်မပြေတာက အချက်က ၂ ခုရှိပါတယ်။ ကျန်းမာရေး အပိုင်းမှာလည်း ပြဿနာက ၁ခု၊ နောက်တခုကျတော့ ပညာရေးပိုင်းမှာ စာမသင်နိုင်တာပါ။ ကလေးတွေ ၅ သိန်းကျော် ကျောင်းမတက်ရတော့ အိမ်မှာနေနေရတယ်။"

အခုလက်ရှိ နွေရာသီ ခြောက်သွေ့ပူပြင်းမှုကြောင့် သောက်သုံးရေတွေ ခမ်းခြောက် ပြတ်လပ်မှု ကြုံနေကြရသလို မိုးတွင်းဝင်လာရင်လည်း မိုးလေပြင်းထန်ပြီး မြေပြိုကျမှု အန္တရာယ်တွေနဲ့ ရင်ဆိုင်ကြရနိုင်လို့ ယာယီတဲစခန်းလေးတွေထဲ ခိုလှုံနေထိုင်နေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အတွက် အတော်လေး အခက်တွေ့လာရမယ့် အနေအထားဖြစ်တယ်လို့ ဒုက္ခသည်တွေက ဆိုပါတယ်။

ဒီလိုမျိုး ဒုက္ခသည်တွေကို ဖြည့်ဆည်းပေးဖို့အတွက် လိုအပ်နေတဲ့ ရံပုံငွေအပိုင်းမှာ ငွေတွေ အများကြီး လိုအပ်သေးတယ်လို့လည်း ကုလသမဂ္ဂ ပြောခွင့်ရသူက အခုလိုပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ ရှိနေတဲ့ ရိုဟင်ဂျာ ၉ သိန်းကျော်အတွက် ဒီ ၂၀၁၉ ခုနှစ် ဒုက္ခသည်အကူအညီပေးရေး အစီအစဉ်မှာ လိုအပ်ငွေ သန်း ၉၂၀ မှာ ၅ ပုံ ၁ ပုံပဲ ရရှိပါသေးတယ်။”

ရိုဟင်ဂျာလို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ခေါ်ဝေါ်တဲ့ ဒုက္ခသည်တွေကို မြန်မာအစိုးရကဘက်ကတော့ ခေါ်ဝေါ်ခြင်း မရှိပေမဲ့ ဒီဒုက္ခသည်တွေအရေး ကုလသမဂ္ဂ-ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နဲ့ ပြန်လည်လက်ခံရေး ပူးပေါင်းဆောင်ရွက်နေပါတယ်လို့ မြန်မာအစိုးရကတော့ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG