သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေအပေါ်သတ်ဖြတ်မှု ရပ်တန့်ရေး တောင်းဆိုမယ့်ဆွေးနွေးပွဲ


အမေရိကန် အခြေစိုက် မြန်မာ-အမေရိကန် မွတ်စလင်အစည်းအရုံး ဦးဆောင်တဲ့ ရိုဟင်ဂျာအရေး ဆန္ဒပြပွဲ (ဟောလီးဝုဒ်၊ ကာလီဖိုးနီးယားပြည်နယ်) သြဂုတ်လ ၂၆၊ ၂၀၁၈

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် အစုလိုက်အပြုံလိုက် ညှင်းပမ်းနှိပ်စက် သတ်ဖြတ်မှု တွ ရပ်တန့်ရေး အမေရိကန်ပြည်ထောင်စုမှာ ပြုလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲက တောင်းဆိုဖို့ ရှိကြောင်း စီစဉ်သူတွေက ပြောပါတယ်။

မြန်မာမှာ ဆက်ပြီးဖြစ်နေတဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ဆိုတဲ့ခေါင်းစဉ်နဲ့ အမေရိကန် အခြေစိုက် မြန်မာ-အမေရိကန် မွတ်စလင်အစည်းအရုံးက ဦးစီးပြီး ကာလီဖိုးနီးယားပြည်နယ် Culver မြို့မှာ ဒေသစံတော်ချိန် ညနေ ၆ နာရီမှာ စတင်ကျင်းပမှာပါ။ ရခိုင်ပြည်နယ်မြောက်ပိုင်းအပါအ၀င် အခြား တိုင်းရင်းသားဒေသတွေမှာ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုတွေ၊ မြန်မာနိုင်ငံမှာ ဘာသာမတူသူတွေ အပေါ် ခွဲခြားဆက်ဆံမှုတွေနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲမှာ အစီရင်ခံ တင်ပြကြမှာ ဖြစ်တယ်လို့ ဦးဆောင် စီစဉ်သူတဦးဖြစ်တဲ့ မြန်မာ-အမေရိကန် မွတ်စလင် အစည်းအရုံး ဥက္ကဋ္ဌ ဦးမောင်အေးက ဆွေးနွေးပွဲ မတိုင်ခင် ဗွီအိုအေကို ပြောပါတယ်။

ဒါအပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ ပြင်းထန် ကျယ်ပြန့် လှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာဥပဒေတွေနဲ့အညီ စုံစမ်းကိုင်တွယ်ဖို့ ICC နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ရဲ့ဆောင်ရွက်မှုမှာ မြန်မာအရပ်သားအစိုးရအနေနဲ့ ပူးပေါင်းဆောင်ရွက် သင့်တယ်လို့ မြင်ကြောင်း ဦးမောင်အေးက ပြောပါတယ်။

“နိုင်ငံရေးနဲ့ဖြေရှင်းတဲ့အခါမှာ စစ်မှန်တဲ့အဖြေပေါ်လာဖို့အတွက် မြန်မာအစိုးရအနေနဲ့က အခက်အခဲတွေ သူတို့မှာလည်း ရှိမယ်၊ အဲဒီလိုအခက်အခဲတွေကို သေသေချာချာ ဥပဒေပညာရှင်တွေနဲ့ ညှိနှိုင်းပြီးတော့ ဘာလုပ်သင့်တယ်ဆိုတာကို သူတို့အနေနဲ့ ဆက်လက်ပြီး လုပ်ဆောင်ရမှာပါ။ တဘက်သတ် ပိတ်ပြီး ငြင်းပြီးတော့ ငါတို့ဟာတော့ဖြင့် ဒီ Rome Statue မှာ လက်မှတ်မထိုးထားလို့ ငါတို့လုပ်စရာမလိုဘူးလို့ မသတ်မှတ်စေချင်ပါဘူး။ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီးတော့ ညှိနှိုင်းပြီးတော့ တဘက်က လိုအပ်နေတဲ့ နိုင်ငံတကာက တောင်းဆိုနေတာတွေက ဘာတွေအရေးကြီးတာလဲ၊ နိုင်ငံတကာက ဘာတွေကို ဖိအားပေးနေတာလဲ၊ ဒါတွေကို အမှန်တရားပေါ်ပေါက်ဖို့အတွက် ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ရင်ဆိုင်ဖို့လည်း ကျနော့်အနေနဲ့တိုက်တွန်းပါတယ်။”

မြန်မာဘက်ခြမ်းမှာ ရှိနေတဲ့ ရိုဟင်ဂျာတွေအတွက် အခုချိန်ထိ လုံခြုံမှုမရှိဘဲ အသက်အန္တရာယ်အရ ပါ နေ့တိုင်းစိုးရိမ်နေရတဲ့ အခြေအနေရှိနေဆဲဖြစ်ကြောင်း ဦးမောင်အေးက ဗွီအိုအေကိုပြောပါတယ်။

ဆွေးနွေးပွဲကို ရိုဟင်ဂျာအရေး ဆောင်ရွက်နေသူတွေအပြင် နိုင်ငံတကာမှာ လူမျိုးတုန်းသတ်ဖြတ်မှု ဆိုင်ရာ လေ့လာစောင့်ကြည့်နေတဲ့ ပညာရှင်တချို့နဲ့ နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ ဥပဒေ ပညာရှင်တွေ တက်ရောက်ပြီး ဆွေးနွေးကြမှာပါ။

မြန်မာ-အမေရိကန် မွတ်စလင်အစည်းရုံးကို ၂၀၁၃ ခုနှစ်က အမေရိကန်ပြည်ထောင်စုမှာ စတင်တည်ထောင် ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG