သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ပဋိပက္ခကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှု မြန်မာအတွက် ထိခိုက်နိုင်


ပုဂံရောက် တိုးရစ်များ
ပုဂံရောက် တိုးရစ်များ

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လျော့ကျမယ့် အရေးအပေါ် သတိပေးထားသလို မြန်မာနိုင်ငံရဲ့ အဓိက စီးပွားရေး တခု ဖြစ်တဲ့ ခရီးသွားလုပ်ငန်းမှာလည်း သိသိသာသာ ကျဆင်းသွားတယ်လို့ ထောက်ပြထားကြပါတယ်။ ရခိုင်ပဋိပက္ခကြောင့် မြန်မာ့ စီးပွားရေး အပေါ် ရိုက်ခတ်နေတဲ့ အခြေအနေ အလားအလာတွေကို မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည် ပြသနာကြောင့် အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေက မြန်မာ စစ်တပ်အကြီးအကဲတွေ အပေါ် လက်ရှိမှာ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ထားတာကနေ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်လာမလားဆိုတဲ့ အပေါ် စိုးရိမ်ချက်ကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေကို တုံ့ဆိုင်းသွားစေတယ်လို့ နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ IMF က အကြီးတန်း တာဝန်ရှိသူ တဦးက ရိုက်တာ သတင်းအေဂျင်စီကို ပြောဆိုထားပါတယ်။ အနောက်နိုင်ငံတွေက စစ်တပ်အပေါ်မှာသာ ပိုပြီး ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မယ့်ပုံရှိပြီး မြန်မာ့ စီးပွားရေး အပေါ်မှာတော့ လုပ်ဖို့ မရှိဘူးလို့ ယူဆထားတဲ့ အကြောင်းလည်း IMF ရဲ့ အကြီးတန်း တာဝန်ရှိသူ Shanaka Jay Peiris က ပြောဆိုပါတယ်။ ရခိုင် ပဋိပက္ခအပေါ် စိုးရိမ်ချက်ကြောင့် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ကျသွားနိုင်တယ်လို့လည်း နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ IMF က ပြောဆိုထားပါတယ်။ စီးပွားရေးပညာရှင် ဘောဂဗေဒ ဦးခင်မောင်ညိုကတော့ နာမည်ပျက်မယ့် အရေး စိုးရိမ်ချက်ဖြစ်တယ်လို့ ထောက်ပြပါတယ်။

“တကယ်တမ်း သူတို့ နာမည်ပျက်မှာပေါ့ဗျာ။ မြန်မာပြည်သူတို့လာပြီး ရင်းနှီးမြှုပ်နှံမယ်ဆိုရင် သူတို့ နာမည်ပျက်မှာ။ သူတို့ရဲ့နောက်က ရင်းနှီးမြှုပ်နှံသူတွေ၊ အစုရှယ်ယာဝင်တွေ၊ နောက် သုံးစွဲသူတွေ ဒါတွေက ကန့်ကွက်ဆန္ဒပြမှာတွေကို စိုးရိမ်ကြပြီးတော့ လာပြီး ရင်းနှီးမြှုပ်နှံတာတွေ မလုပ်တာလည်းဖြစ်နိုင်တာပေါ့။ အခြားသူတို့ရဲ့ စီးပွားရေးတွက်ကိန်းတွေလည်းရှိမှာပေါ့။ ဒါပေမယ့် အခုချိန်ထိက မြန်မာနိုင်ငံမှာ အများဆုံးမြှုပ်နှံတဲ့ဟာကတော့ အနောက်နိုင်ငံတွေက သိပ်မပါဘူး။ တရုတ်၊ ဂျပန်၊ အရှေ့တောင်အာရှနိုင်ငံတွေ၊ အိမ်နီးချင်းနိုင်ငံတွေက ရင်းနှီးမြှုပ်နှံတာတွေက အခုချိန်ထိက အများဆုံးဖြစ်နေတာ။”

မူဆလင် အများစု နေထိုင်ရာ ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသတွင်း ပြီးခဲ့တဲ့နှစ်က အကြမ်းဖက်မှုကြီး နောက်ပိုင်း ဒေသတွင်းကနေ ရိုဟင်ဂျာ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးခဲ့ကြရပြီးနောက် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စိုးရိမ်ချက်နဲ့ ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်မှု သိသိသာသာ လျော့ကျသွားတာပါ။ အထူးသဖြင့် အနောက်နိုင်ငံတွေက ကမ္ဘာလှည့် ခရီးသွား ဝင်ရောက်မှု သိသိသာသာ လျော့ကျသွားတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးသက်လွင်တိုးက ပြောပါတယ်။

“မနှစ်က စက်တင်ဘာနောက်ပိုင်းမှာကတော့ ပွင့်လင်းရာသီမှာ မြောက်ဦးကတော့တော်တော်ကျသွားတယ်။ နောက်ပိုင်းဖြစ်တဲ့ ကိစ္စတွေနဲ့ပေါ့။ ငပလီကလည်း ဖျက်သိမ်းမှုတွေရှိတယ်လို့သိရတယ်။ ကျန်တဲ့ ပုဂံ၊ မန္တလေး၊ ရန်ကုန်တို့ကတော့ သိပ်မဖြစ်ဘူးပေါ့။”

အာရှက ခရီးသည်တွေ ပိုပြီး ဝင်ရောက်လာစေဖို့ မျှော်လင့်ချက်ထား ဆောင်ရွက်နေပေမယ့် အနောက်နိုင်ငံတွေဘက်က ကမ္ဘာလှည့် ခရီးသွားတွေ ဝင်ရောက်လာရေးကတော့ မျှော်လင့်ချက် သိပ်မရှိသေးဘူးလို့လည်း ခရီးသွား လုပ်ငန်းရှင် ဦးသက်လွင်တိုးက ပြောပါတယ်။

“ အနောက်နိုင်ငံ ဈေးကွက်ကတော့ ၂၀၁၈မှာ ၂၅%ကနေ ၃၀% ထိကျသွားမယ်လို့ မျှော်လင့်တာပေါ့နော်။”

ရခိုင်ပြည်နယ်ကနေ လူပေါင်း သိန်းချီ ထွက်ပြေးရတဲ့ ကိစ္စကို နိုင်ငံတကာ မီဒီယာတွေက ဝေဖန်ရေးသားချက်တွေကြောင့် ကမ္ဘာ့လှည့် ခရီးသွား လုပ်ငန်းတွေကြားမှာရော ခရီးသွားတွေ ကြားမှာပါ စိုးရိမ်စိတ် ရှိနေတာကို မြန်မာဘက်ကလည်း ပြန်လည် မကုစားနိုင်တဲ့ အခြေအနေ ရှိနေတယ်လို့လည်း ခရီးသွားလုပ်ငန်းရှင်တွေက ထောက်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG