သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးဒုက္ခသည်တချို့ အင်ဒိုနဲ့ မလေး ယာယီလက်ခံမည်


အင်ဒိုနီးရှားရောက်လာတဲ့ လှေစီးပြေးဒုက္ခသည်တွေကို အင်ဒိုနီးရှား လူဝင်မှုကြီးကြပ်ရေးက မှတ်ပုံတင်စာရင်းယူနေစဉ်
အင်ဒိုနီးရှားရောက်လာတဲ့ လှေစီးပြေးဒုက္ခသည်တွေကို အင်ဒိုနီးရှား လူဝင်မှုကြီးကြပ်ရေးက မှတ်ပုံတင်စာရင်းယူနေစဉ်

အရှေ့တောင်အာရှ ပင်လယ်ပြင်ကနေ ဝင်ရောက်လာတဲ့ ထောင်ပေါင်းများစွာသော ရွှေ့ပြောင်းအခြေချ နေထိုင်သူ၊ လူမှောင်ခိုကူးခံရသူ လှေစီးပြေး ဒုက္ခသည်တွေကို ယာယီလက်ခံသွားဖို့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ သဘောတူလိုက်ကြပါတယ်။

မလေးရှား၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ဒီကနေ့ တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ ဒုက္ခသည်တွေကို ကူညီမယ်ဆိုပြီး ကြေညာခဲ့တာပါ။ ဒီအကြောင်း ကိုအောင်အောင်က စုစည်းတင်ပြပေးထားပါတယ်။

ဟိုတုန်းကတော့ ဒုက္ခသည်တွေကိုကူညီဖို့ ဒီနိုင်ငံတွေဟာ တွန့်ဆုတ်နေခဲ့ကြပေမဲ့ ဒီကနေ့ တွေ့ဆုံဆွေးနွေးမှုအပြီး မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံက ဒီလှေစီပြေးဒုက္ခသည်တွေကို ကူညီမယ်ဆိုပြီး ကြေညာခဲ့တာပါ။ တွေ့ဆုံဆွေးနွေးပွဲ ရလဒ်တွေအရ ခန့်မှန်းချေ လှေစီးပြေး ဒုက္ခသည် ၇,၀၀၀ လောက်ကို မလေးရှားနဲ့ အင်ဒိုနီးရှားက လူသားချင်းစာနာထောက်ထားရေး အကူအညီပေးတဲ့ အနေနဲ့ ယာယီခိုလှုံ နေထိုင်စရာ ပေးသွားမယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Anifah Aman က ပြောပါတယ်။

“ပြန်လည် နေရာချထားရေးနဲ့ နိုင်ငံရင်း ပြန်ပို့ရေး လုပ်ငန်းစဉ်ကို တနှစ်အတွင်း နိုင်ငံတကာ အသိုင်းအဝိုင်းက အပြီးလုပ်ဆောင်မယ်ဆိုတဲ့ အခြေခံနဲ့ သူတို့ကို ယာယီနေထိုင်ခွင့်ပေးဖို့ ကျနော်တို့ သဘောတူလိုက်ပါတယ်။”

မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ ကျင်းပတဲ့ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Tanasak Patimapragorn တက်ရောက်ခဲ့ပါတယ်။ ဒုက္ခသည်တွေယာယီ ခိုလှုံနေထိုင်ဖို့ စီစဉ်ပေးသွားမှာဖြစ်ပေမဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေ ခရီးတထောက် ဝင်ရောက်ခိုလှုံလေ့ရှိတဲ့ ထိုင်းနိုင်ငံမှာတော့ ဒီယာယီခိုလှုံတဲ့ စခန်းတွေ ဆောက်လုပ်သွားမှာ မဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီး Amen က ပြောပါတယ်။ လူမှောင်ခိုကူးမှု တိုက်ဖျက်ရေးနဲ့ ပတ်သတ်ပြီးတော့လည်း သူက -

“ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ လူမှောင်ခိုကူးမှုအပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချပြီး တနိုင်ငံချင်းပဲဖြစ်ဖြစ် အတူပူးပေါင်းပြီးပဲဖြစ်ဖြစ် ဒီစက်ဆုပ်စရာကောင်းတဲ့ လုပ်ရပ် ကျူးလွန်နေသူတွေကို တရားဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ လိုအပ်တာတွေ အားလုံးကို အစိုးရတွေအနေနဲ့ ဆက်လုပ်သွားမယ်လို့ သန္ဓိဌာန်ချထားပါတယ်။”

IOM လို့ခေါ်တဲ့ နိုင်ငံတကာ ရွှေ့ပြောင်းအခြေချ နေထိုင်သူများဆိုင်ရာ အကူအညီပေးရေး အဖွဲ့ရဲ့ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ပြောခွင့်ရ Joe Lowry က အခုလို လှေစီးပြေဒုက္ခသည်ကို ကူညီမယ့် ဆုံးဖြတ်ချက်အပေါ် ကြိုဆိုခဲ့ပါတယ်။

“မလေးရှား နိုင်ငံကနေ ဒီသတင်းထွက်လာတာ အရမ်းဝမ်းသာစရာပါ။ မကြာခင်မှာ ဒီဒုက္ခသည်တွေအနေနဲ့ ခိုလှုံခွင့်ရမှာပါ။ ကျနော်တို့အနေနဲ့ ရက်ပေါင်းများစွာ စောင့်ဆိုင်းပြီး အစိုးရကိုလည်း ဒီလူတွေကိုလက်ခံပေးဖို့ တိုက်တွန်းနေခဲ့တာပါ။ သူတို့လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုကိုလည်း ပေးဖို့လိုပါတယ်။ အခုတော့ သူတို့ ကို ဒီပင်လယ်ပြင်ကနေ ကယ်ဆယ်ပြီးတဲ့အခါ ကျနော်တို့ သူတို့ကို စောင့်ရှောက်မှု ပေးနိုင်ပါလိမ့်မယ်။”

ဒါပေမဲ့လည်း ဒေသတွင်းပင်လယ်ပြင်မှာရှိနေတဲ့ လှေစီးပြေးဒုက္ခသည်တွေကို တင်ဆောင်ထားတဲ့ စက်လှေတွေကို ရှာဖွေကယ်ဆယ်ဖို့ သဘောတူညီချက် မရှိခဲ့တာဟာလည်း ပြဿနာတရပ်အဖြစ် ဆက်ရှိနေဆဲပဲလို့ မစ္စတာ Lowry က ပြောပါတယ်။ သူတို့တွေကို အချိန်မှီ မကယ်ဆယ်နိုင်လျင် အခြေအနေတွေ ပိုဆိုးလာနိုင်တယ်လို့ သူက ထောက်ပြပါတယ်။ ဒီအတောအတွင်း ဒီကနေ့ ဗုဒ္ဒဟူးနေ့မှာပဲ နောက်ထပ် ရွှေ့ပြောင်းဝင်ရောက်သူ လှေစီးပြေးဒုက္ခသည် ၄၀၀ ကျော်ကို အင်ဒိုနီးရှား ငါးဖမ်းသမားတွေက ကယ်ဆယ်ခဲ့ပါတယ်လို့ အေပီသတင်းတရပ်မှာ ဖော်ပြထားပါတယ်။ Julok ဒေသ အုပ်ချုပ်ရေးမှုး Zainuddin က -

“ပင်လယ်ပြင်ကနေ မြန်မာနိုင်ငံက ရွှေ့ပြောင်းဝင်ရောက်သူတွေကို ကယ်ဆယ်ခဲ့တယ်လို့ ဒေသခံရွာသားတွေက သတင်းပို့ပါတယ်။ ဒေသစံတော်ချိန် မနက် ၁ နာရီခွဲလောက်မှာ လူ ၁၀၀ ကျော် ဒီကိုရောက်ရှိခဲ့ပါတယ်။”

အင်ဒိုနီးရှားနိုင်ငံ အာချေ့ဒေသက Simpang Tiga ရွာကို ကယ်ဆယ်လာခဲ့တဲ့ လှေစီးပြေးဒုက္ခသည် ပထမအသုတ်ထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်ဦးရေ ၆၀ နီးပါး ပါဝင်ပါတယ်။ အခုရက်ပိုင်းတွေအတွင်း မလေးရှား အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံကို ရေကြောင်းလမ်းကနေ ဝင်ရောက်လာတဲ့ လှေစီးပြေးဒုက္ခသည် ၃,၀၀၀ လောက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း နောက်ထပ် ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေဟာ ခိုကိုးရာမဲ့ ဖြစ်နေပြီး အစားအစာနဲ့ရေ ပြတ်လတ်မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက သတိပေး ပြောဆိုထားပါတယ်။ အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Antony Blinken လည်း ကြာသပတေးနေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်း နေပြည်တော်နဲ့ ရန်ကုန်မှာရှိတဲ့ မြန်မာအစိုးရအရာရှိတွေနဲ့ တွေ့ဆုံပြီး လှေစီးပြေးဒုက္ခသည်အရေးနဲ့ ပတ်သတ်လို့ ဆွေးနွေးမှာ ဖြစ်ပါတယ်။

XS
SM
MD
LG