သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်- ဘင်္ဂလားဒေ့ရှ် မိတ်ဆွေများအဖွဲ့ ရိုဟင်ဂျာအရေး ဆွေးနွေး


 ပြင်သစ်လွှတ်တော်မှာ ကျင်းပတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေး နိုင်ငံတကာဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရှ်လွှတ်တော် ဥက္ကဌ Dr Shirin Sharmin Chaudhury မိန့်ခွန်းပြောကြားနေစဉ် (ဇွန်လ ၁ ၂၀၁၈)
ပြင်သစ်လွှတ်တော်မှာ ကျင်းပတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေး နိုင်ငံတကာဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရှ်လွှတ်တော် ဥက္ကဌ Dr Shirin Sharmin Chaudhury မိန့်ခွန်းပြောကြားနေစဉ် (ဇွန်လ ၁ ၂၀၁၈)

ရခိုင်ပြည်နယ်မြောက်ပိုင်းက ကျယ်ပြန့်ပြီး ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်တွေအတွက် သက်သေအထောက်အထားတွေ အရ နိုင်ငံတကာရာဇဝတ်ခုံရုံးအထိသွားရမယ်ဆိုရင် သွားဖို့ လိုအပ်ကြောင်း ကနေဒါဝန်ကြီးချုပ် Trudeau ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလည် Bob Rae က ကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်လွှတ်တော် ဥက္ကဌ Dr. Shirin Sharmin Chaudhury အပါအဝင် ပြစ်သစ် လွှတ်တော်အမတ်တွေနဲ့ နိုင်ငံတကာလူ့အခွင့်အရေး ရှေ့နေတွေ တက်ရောက်ခဲ့တဲ့ ဇွန်လ ၁ ရက်နေ့က ပြင်သစ်လွှတ်တော်မှာ ကျင်းပတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေး နိုင်ငံတကာဆွေးနွေးပွဲမှာ Bob Rae က အဲဒီလို ပြောဆိုလိုက်တာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံ တင်ဆက်မှာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည် ၁ သန်းနဲ့ မြန်မာနိုင်ငံက ဖိနှိပ်ညှမ်းပန်းခံရတဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်း အခြေအနေအပေါ် နိုင်ငံတကာ ဆွေးနွေးပွဲဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပတဲ့ အစည်းအဝေးကို ပြင်သစ်လွှတ်တော်မှာ အမတ် Jean François Mbaye ဦးဆောင်တဲ့ ပြင်သစ်-ဘင်္ဂလားဒေ့ရှ် မိတ်ဆွေများ အဖွဲ့က စီစဉ်ခဲ့တာပါ။

ဒီဆွေးနွေးပွဲမှာ အီရန်နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် Shirin Ebadi ၊ ဘင်္ဂလားဒေ့ရှ်လွှတ်တော် ဥက္ကဌ Dr Shirin Sharmin Chaudhury နဲ့ ကနေဒါဝန်ကြီးချုပ် Trudeau ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလည် Bob Rae တို့ အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ကြပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို ကိုယ်တိုင်သွားရောက်ပြီး “ကျွနု်ပ်တို့ဟာ လူသားတွေဖြစ်တယ် ဆိုတာ သူတို့ကို ပြောလိုက်ပါ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧပြီလက အစီရင်ခံစာရေးသားခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါအထူးကိုယ်စားလှယ် Bob Rae ကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုစွပ်စွဲတွေအတွက် တာဝန်ရှိသူတွေကို တရားစီရင်နိုင်ရေး ရရှိလာတဲ့ သက်သေအထောက်အထားခိုင်လုံမှုအပေါ်မှာ နိုင်ငံတကာခုံရုံးအထိ သွားသင့်တယ်ဆိုရင် သွားရမှာဖြစ်တယ်လို့ အခုလို ဗွီဒီယို မိန့်ခွန်းကနေ တဆင့်ပြောကြားခဲ့ပါတယ်။

"Crimes against humanity လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်တယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ဒီအတွက်လည်း ရရှိလာတဲ့ သက်သေအထောက်အထားတွေက ညွန်းပြတဲ့ဆီကိုပဲ ကျနော်တို့ သွားရမှာပါ။ ဘယ်အထိထိပဲ သွားသွား ကျနော်တို့ မဖြစ်မနေ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ အဲဒီအတွက်လည်း ကျနော်တို့ ခိုင်ခိုင်မာမာရပ်တည်ရမှာဖြစ်ပါတယ်။ ထောက်ခံနိုင်တဲ့ နည်းလမ်းသစ်တွေရှိနေပါတယ်။ ICC နိုင်ငံတကာရာဇဝတ်ခုံရုံး၊ လုံခြုံရေးကောင်စီရဲ့ ထောက်ခံမှုနဲ့ ICC ကိုသွားဖို့ လုပ်နိုင်ပါတယ်။ ကျနော်တို့အတွက် လိုအပ်တာက အထောက်အထားအချက်အလက်တွေကို စနစ်တကျစုဆောင်းဖို့ဖြစ်ပါတယ်။ သတ်ဖြတ်မှု၊ ရက်စက်မှုတွေ အပါအဝင် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုအထိ ဖြစ်နိုင်ခြေ ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တယ်ဆိုတဲ့ သေချာတဲ့ အထောက်အထားတွေ ဖြစ်ဖို့လိုပါတယ်။ "

မြန်မာအစိုးရကိုယ်တိုင်လည်း ရခိုင်ပြည်နယ်က ပဋိပက္ခတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးမယ့် ကော်မရှင် အသစ်တခု ထပ်မံဖွဲ့စည်းဖို့ရှိကြောင်းနဲ့ နိုင်ငံတကာက ပုဂ္ဂိုလ်တဦး အပါအဝင် အဖွဲ့ဝင် ၃ ဦး ပါဝင်မှာဖြစ်ပြီး၊ ပြည်တွင်းပြည်ပက ဥပဒေရေးရာနဲ့ နည်းပညာ ကျွမ်းကျင်သူတွေ ပံ့ပိုးကူညီသွားမှာဖြစ်တယ်လို့ မေလ ကုန်ပိုင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ပြင်သစ်လွှတ်တော်မှာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာတော့ ကမ္ဘာမှာ လူသားချင်းဆိုင်ရာ ဒုက္ခအကျပ်အတည်းအကြီးဆုံးဖြစ်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် ပြဿနာကို ကနေဒါအစိုးရအပါအဝင် နိုင်ငံတကာအနေနဲ့ နံပါတ်၁ ဦးစားပေးအဆင့်အနေနဲ့ ဖြေရှင်းဆောင်ရွက်ဖို့ Bob Rae က တိုက်တွန်းသွားပါတယ်။

"ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာမှာရှိနေတဲ့ လူသားချင်းဆိုင်ရာ အကျပ်အတည်းကို ကျနော်တို့ဆောင်ရွက်နေမှုရဲ့ ဦးစားပေးရှေ့တန်းအဆင့်အနေနဲ့ ဆက်လက် ဆောင်ရွက်ဖို့လိုပါတယ်။ အလွန်ကြီးမားတဲ့ လူသားချင်းဆိုင်ရာ ဒုက္ခအကျပ်အတည်းကြီးအဖြစ် ကျနော်တို့ အသိအမှတ်ပြုဖို့လိုပါတယ်။ မိုးရာသီကာလ ရောက်လာတာနဲ့အမျှ ဒုက္ခသည်တွေရင်ဆိုင်ရမယ့် အခက်အခဲတွေဟာ အရင်ကထက် အဆမတန်ဆိုးရွားလာမယ့် အခြေအနေရှိတယ်ဆိုတာ ကျနော်တို့ နားလည်ဖို့ လိုအပ်ပါတယ်။"

ရိုဟင်ဂျာ အကျပ်အတည်းကိစ္စဖြေရှင်းရာမှာ အဓိကအရေးကြီးဆုံးက ဒုက္ခသည်တွေ လုံလုံခြုံခြုံ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေး ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်လွှတ်တော် ဥက္ကဌ Dr Shirin Sharmin Chaudhury က သူရဲ့အဖွင့်မိန့်ခွန်းမှာ အခုလို ပြောသွားပါတယ်။

"ဘင်္ဂလားဒေ့ရှ်ဘက် နည်းဗျူဟာ နှစ်ခု ချမှတ်ထားပါတယ်။ နံပါတ်၁ ကတော့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးအရ စေ့စပ်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒုတိယကတော့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို စည်းရုံးမှာဖြစ်ပါတယ်။ ရိုဟင်ဂျာ အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် ဘင်္ဂလားဒေ့ရှ်ဟာ သက်ဆိုင်သူအားလုံးနဲ့ သံတမန်ဆက်ဆံရေး၊ အပြုသဘောဆောင် ဆက်ဆံရေးကို လက်ကိုင်ပြုထားပါတယ်။ ဒီပြဿနာအတွက် ဘင်္ဂလားဒေ့ရှ်အနေနဲ့ ငြိမ်းချမ်းတဲ့ အဖြေရဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။"

ဒါအပြင် ဒုက္ခသည်တွေ နေရပ်ပြန်ရေးမှာ လုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အကူအညီ မရှိမဖြစ်လိုအပ်ကြောင်း Shirin Sharmin Chaudhury ကပြောပါတယ်။

"နှစ်နိုင်ငံ သဘောတူညီချက်အရ ဒုက္ခသည်တွေပြန်ပို့ရေး အချက် ၃ ချက်ကို မြန်မာနဲ့ သဘောတူထားပါတယ်။ ဒါကြောင့် အတင်းအကျပ်မောင်းထုတ်ခံရတဲ့ ရိုဟင်ဂျာတွေအနေနဲ့ မြန်မာဘက်ခြမ်းမှာရှိတဲ့ သူတို့ နေရပ်ကို လုံလုံခြုံခြုံ၊ ဂုဏ်သိက္ခာရှိရှိပြန်သွားနိုင်မှာဖြစ်ပါတယ်။ သူတို့ အခြေချနေထိုင်မှုနဲ့ မြန်မာလူမှုအဖွဲ့အစည်းနဲ့ တသားတည်းပေါင်းစည်းနေထိုင်မှုကသာ ရေရှည်ငြိမ်းချမ်းဖို့အတွက် အာမခံနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ဖြစ်မြောက်ဖို့ အတွက် လုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပံ့ပိုးမှုတွေက မရှိမဖြစ်လိုအပ်ပါတယ်။ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်မှာ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကျမတို့နဲ့ အတူရှိနေဖို့ လိုအပ်ပါတယ်။"

ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးနဲ့ UNDP ကုလသမဂ္ဂဖွံဖြိုးမှုအစီအစဉ်တို့နဲ့ မြန်မာအစိုးရကြား ပထမဆုံးအကြိမ် နားလည်မှုစာချွန်လွှာ ကနေဦး သဘောတူညီချက်တချို့ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG