သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားထောက်ပံ့ရေးသင်္ဘောကိစ္စ ကန်သံအမတ်ဟောင်းဝေဖန်


မလေးရှားနိုင်ငံက အစ္စလာမ်အဖွဲ့အစည်းတခုကနေ ရခိုင်ပြည်နယ်မှာရှိတဲ့ သူတို့အခေါ် ရိုဟင်ဂျာမူဆလင်တွေအတွက် ထောက်ပံ့ရေးသင်္ဘော စေလွှတ်မယ်ဆိုရင် - သက်ဆိုင်ရာတိုင်းပြည်က အစိုးရရဲ့ ခွင့်ပြုချက်ကို ယူရမှာဖြစ်တယ်လို့ - မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အကြီးတန်း သံတမန်ဟောင်းတဦးက ပြောဆိုလိုက်ပါတယ်။

အလားတူ မြန်မာအစိုးရကလည်း - မလေးရှားအစ္စလာမ်အဖွဲ့အနေနဲ့ အမှန်တကယ် ကူညီချင်တယ် ဆိုရင် တရားဝင်လမ်းကြောင်းကနေ မြန်မာအစိုးရကို တင်ပြဖို့ လိုအပ်တယ်လို့ ပြောဆိုထားတာပါ။ အသေးစိတ်ကိုတော့ မနန္ဒာချမ်း က တင်ပြထား ပါတယ်။

(MAPIM) လို့ခေါ်တဲ့ မလေးရှားနိုင်ငံ အစ္စလာမ်အဖွဲ့များဆိုင်ရာ အတိုင်ပင်ခံကောင်စီကနေ ရခိုင်ပြည်နယ်က အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ ဘူးသီးတောင်၊ မောင်တောဒေသတွေက သူတို့အခေါ် ရိုဟင်ဂျာမူဆလင်တွေအတွက် ဆန်၊ ဆေးဝါးနဲ့ တခြားကုန်ပစ္စည်းတွေ တင်ဆောင်ထားတဲ့ သင်္ဘောတွေကို ဇန်နဝါရီလ ၁၀ ရက်နေ့မှာ မြန်မာနိုင်ငံဆီ စေလွှတ်ဖို့ စီစဉ်နေတဲ့အကြောင်း မလေးရှားသတင်းတွေမှာ ဖော်ပြနေကြတာပါ။ ဒါပေမဲ့လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရကို အခုအချိန်ထိ တရားဝင် ခွင့်ပြုချက် တောင်းခံတာ မရှိသေးဘူးလို့ မြန်မာသမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ဆိုပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အကြီးတန်းသံတမန်ဟောင်း Priscilla Clapp ကလည်း - နိုင်ငံတကာဥပဒေအရ - ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် သွားရောက်လိုတဲ့ တိုင်းပြည်ရဲ့ သဘောတူခွင့်ပြုချက်ကို ရယူဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“မြန်မာအစိုးရရဲ့ ခွင့်ပြုချက်မရဘဲ သွားလို့ မရနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်ထဲကို တခုခု တင်သွင်းမယ်ဆိုရင် အကောက်ခွန်ဌာနကို ဖြတ်ရမှာပါ။ နိုင်ငံထဲကို တခုခုတင်သွင်းဖို့အတွက် အစိုးရရဲ့ခွင့်ပြုချက် လိုပါတယ်။ ဒါက တိုင်းပြည်တခုရဲ့ နယ်စပ်မှာတင် မဟုတ်ပါဘူး။ နိုင်ငံတကာ နယ်စပ်တွေမှာလည်း ဒီအတိုင်းပါပဲ။ အစိုးရရဲ့ ခွင့်ပြုချက်မပါဘဲ ဘာမှတင်သွင်းခွင့် မရှိပါဘူး။ လူသားချင်းစာနာမှု အကူအညီပေးဖို့ ကြိုးစားနေတာ ဖြစ်လိမ့်မယ်လို့ ကျမကတော့ ယုံကြည်ပါတယ်။ ဒါက ပြဿနာမရှိပါဘူး။ နိုင်ငံတကာ အေဂျင်စီတွေ အများအပြားလည်း အကူအညီပေးနေကြတာပါပဲ။ ဒါပေမဲ့လည်း နိုင်ငံတခုကို အကူအညီပေးချင်တယ်ဆိုရင် အစိုးရရဲ့ ခွင့်ပြုချက်တော့ ယူရမှာပါ။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ သူတို့ ဘယ်လောက်စေတနာရှိသလဲဆိုတာကို ဟန်ပြလုပ်ပြသလိုပဲ ဖြစ်ပါလိ့မ်မယ်။”

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ - ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်မှာရှိတဲ့ မလေးရှားသံရုံးထံ ဗုဒ္ဓဟူးနေ့က စာပေးပို့ အကြောင်းကြားထားပြီး ဖြစ်ကြောင်းနဲ့ သက်ဆိုင်ရာတိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို လေးစားလိုက်နာဖို့ကိုလည်း ဦးဇော်ဌေးက တိုက်တွန်းခဲ့ပါတယ်။

“တရားဝင်လမ်းကြောင်းကနေပြီး အစိုးရကို တင်ပြဖို့ လိုပါတယ်။ ကျနော်တို့ကတော့ ပိတ်ပင်ထားတာ လုံး၀ မရှိပါဘူး။ အားလုံးကို open door ဖွင့်ထားပါတယ်။ ဒီဟာကို အကြောင်းပြပြီးတော့ ပြဿနာကို မီးထွန်းရှာတဲ့ ရည်ရွယ်ချက်နဲ့ သက်ဆိုင်ရာနိုင်ငံ အစိုးရ၊ သက်ဆိုင်ရာနိုင်ငံ အချုပ်အခြာ အာဏာကို လေးစားလိုက်နာခြင်းမပြုဘဲ မိမိတို့သဘောနဲ့ တိုက်ရိုက်ဝင်ရောက်ပြီး ဖြန့်ဝေဖို့ စိတ်ကူးတယ်ဆိုရင် ပြဿနာကို မီးခွက်ထွန်းရှာဖို့ လုပ်တယ်ဆိုရင်တော့ သူတို့မျှော်မှန်းထားတဲ့ နည်းလမ်းထဲက နည်းလမ်း ၂ နဲ့ ၃ ပဲ ကြုံရလိမ့်မယ်။ အဲဒါကိုတော့ ကျနော်တို့က ပွင့်ပွင့်လင်းလင်း အခုကတည်းက ပြောတယ်။”

မလေးရှားနိုင်ငံ အစ္စလာမ်အဖွဲ့များဆိုင်ရာ အတိုင်ပင်ခံကောင်စီ အတွင်းရေးမှူးချုပ် Zulhanis Zainol က - သူတို့ရဲ့ ထောက်ပံ့ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ သင်္ဘောကို မြန်မာစစ်တပ်က တားဆီးတာမျိုး၊ မလေးရှားကို ပြန်လှည့်ခိုင်းတာမျိုး ဒါမှမဟုတ် တိုက်ခိုက်တာမျိုးတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ပြောဆိုတဲ့အကြောင်း မလေးရှား သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ကြတာပါ။ အမေရိကန်ပြည်ထောင်စု အင်ဒီးယားနားပြည်နယ်က မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာတင့်ဆွေ ကတော့ - ရခိုင်ပြည်နယ်အရေးမှာ မလေးရှားနိုင်ငံရဲ့ ချဉ်းကပ်ပုံနဲ့ ပတ်သက်ပြီး အခုလို ထောက်ပြခဲ့ပါတယ်။

“မလေးရှားက အခုလို သတင်းမျိုးတွေ၊ စောစောက ဝန်ကြီးချုပ်ကိုယ်တိုင် ဆန္ဒပြတဲ့သတင်းမျိုးတွေ၊ နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တောင် မဟုတ်ဘဲနဲ့ ဟိုတနေ့ကိုဆိုရင် အတိုက်အခံခေါင်းဆောင်ကလည်းပဲ ဒီသဘောမျိုးပြောလာတော့ ဝန်ကြီးချုပ်က သူ မဲ ရရေး၊ ဦးတည်ပြီးတော့ လုပ်သမားဆိုတဲ့ အမြင်မျိုးရှိသလို၊ အတိုက်အခံကလည်း ငါလည်း အားကျမခံလုပ်မယ်ဆိုတဲ့ သဘောမျိုး ဖြစ်လာတော့ကာ မလေးရှားက ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးမှာ တော်တော်လေးကို စွက်ဖက်မှုတွေ များလာတယ်လို့ ယူဆပါတယ်။”

မြန်မာသမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကတော့ - အာဆီယံအနေနဲ့ လူသားချင်စာနာမှု အကူအညီတွေ ပေးအပ်လိုရင် ညှိနှိုင်း ဆောင်ရွက်သွားဖို့ကိုလည်း ဆွေးနွေးထားပြီးဖြစ်ကြောင်းနဲ့ မကြာသေးခင်ကပဲ အာဆီယံအသင်း ဒေသတွင်းနိုင်ငံတခုဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံ မှာရှိတဲ့ Indo Aid အဖွဲ့ကနေ အကူအညီပေးဖို့ တင်ပြလာတဲ့အတွက် ပြည်နယ်အစိုးရနဲ့ ညှိနှိုှုင်းပြီး ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ပြောဆိုခဲ့ပါ တယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG