သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အကူအညီ မလုံလောက်လျှင် ရိုဟင်ဂျာဒုက္ခသည်တွေ အန္တရာယ်ကြုံနိုင်


Bangladesh Myanmar Rohingyas

ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တိုင်းလိုလိုဟာ သူတို့ရဲ့ မူလနေရာတွေဆီကို ပြန်သွား ချင်ကြပေမယ့် သူတို့ဟာ သိပ်ကို စိုးရိမ်ပူပန်နေကြတယ်လို့ ဒုက္ခသည်တွေကို အကူအညီ ပေးနေတဲ့ နိုင်ငံတကာ ရွှေ့ပြောင်းနေ ထိုင်သူများဆိုင်ရာအဖွဲ့ IOM ရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ အကြီးအကဲ Giorgi Gigauri က ဗွီအိုအေကို ပြောပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဒုက္ခသည်တွေအတွက် လိုအပ်တဲ့အကူအညီတွေကို ချက်ခြင်း အလျင်အမြန် မပေးနိုင်ကြဘူးဆိုရင် လူသားစာနာမှု အကူအညီပေးလုပ်ငန်းတွေ သိပ်မကြာခင်မှာ ရပ်သွားနိုင်တာကြောင့် အန္တရာယ်ကြီး လှတယ် လို့လည်း ပြောပါ တယ်။ Giorgi Gigauri ကို ဗွီအိုအေစတူဒီယိုမှာ သီးခြား တွေ့ဆုံမေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက အပြည့်အစုံ ပြောပြပါ မယ်။

မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လက အကြမ်းဖက်အခြေအနေတွေ ဖြစ်ပြီးနောက်ပိုင်း ဘင်္ဂလား ဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေနဲ့ အဲဒီမှာ အရင်ကတည်းကရှိနေတဲ့ ဒုက္ခသည် တွေ စုစုပေါင်း ၁ သန်းကျော်ဆိုတာကို အကူအညီပေးနေတဲ့ နိုင်ငံတကာအဖွဲ့တွေထဲ IOM လည်း အပါအဝင်ပါ။

အဲဒီဒုက္ခသည်တွေကို သူတို့မူရင်းနေရာတွေဆီ ပြန်ပို့ရေးလုပ်ငန်းစဉ်အတွက် ကုလသမဂ္ဂ ဒုက္ခ သည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် UNDP နဲ့ မြန်မာအစိုးရအကြား မကြာသေးခင်က သဘောတူလက်မှတ် ရေးထိုးထားပါတယ်။ ဒါပေမဲ့ အဲဒီ သဘောတူညီချက်ထဲမှာ နိုင်ငံသားဖြစ်ရေးနဲ့ပတ်သက်ပြီး မပါတာကြောင့် ဒုက္ခသည်တွေက ဘဝင်မကျဘူးဆိုတဲ့ သတင်းတွေက ထွက်ထားတာပါ။

မစ္စတာ Gigauri ကတော့ စခန်းတွေထဲက ဒုက္ခသည်တွေနဲ့ သူကိုယ်တိုင် စကားပြောဖူး သမျှ မူလ နေရာတွေဆီကို ပြန်ရေးအပေါ် မတူတဲ့အမြင်တွေကို ကြားထားရတယ်လို့ ပြောပါတယ်။

“ကျနော် စကားပြောဖူးသမျှ လူတွေက၊ ယေဘုယျပြောရရင်၊ ပြန်ချင်ကြပါတယ်။ သူတို့နေရာတွေ ဆီကို ပြန်ချင်ကြပါ တယ်။ ဒါပေမဲ့ သူတို့ဟာ သိပ်ကို စိုးရိမ်ပူပန်နေကြတာ ပါ။ သူတို့ ပြန်နိုင်ဖို့အတွက် ဖြစ်စေချင်တဲ့ အခြေအနေတွေရှိနေပါတယ်။ အဲဒီထဲက ပထမဆုံးအချက်က ဘေးကင်းရေးနဲ့ လုံခြုံရေး ပါ။ အဲဒီ အခြေခံလူ့အခွင့်အရေးကို အာမခံချက်မပေးဘဲနဲ့ ဘယ်သူမှ မပြန်ချင်ပါဘူး။ တခြား စိုးရိမ် ချက်တွေ၊ လိုလားချက်တွေကတော့ လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာနိုင်ခွင့်၊ အသက်မွေး ဝမ်း ကျောင်းခွင့်အပြင် ဝင်ငွေရှိအောင် လုပ်နိုင်ရေးနဲ့ ဆက်စပ်တာတွေ စတဲ့ အခြေခံလိုအပ်ချက်တွေ ပဲဖြစ်ပါတယ်။”

ဒုက္ခသည်တွေအတွက် လိုအပ်တဲ့ရန်ပုံငွေကို နိုင်ငံတကာအစိုးရတွေက အကူအညီပေးနေကြတာ ဖြစ်ပြီး လက်ရှိအချိန်ထိ လုံလောက်တဲ့ ရန်ပုံငွေကို ရသေးတာမဟုတ်ပါဘူး။ ဒါ့အပြင် အခုချိန်ဟာ ဘင်္ဂလားဒေ့ရှ်မှာ မုတ်သုန်ရာသီ ဝင်နေပြီဖြစ်တာ ကြောင့် မိုးဒဏ် လေဒဏ်ခံစားရတဲ့ ဒုက္ခသည်တွေ အတွက် အကူအညီတွေက ပိုပြီး အရေးတကြီး လိုအပ်နေပါတယ်။

မစ္စတာ Gigauri ကလည်း အကူအညီတွေ အခုချက်ခြင်းကို လိုအပ်နေသလို ရေရှည်ခိုင်မာတဲ့ အကူအညီတွေကို လိုအပ်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။

“ကမ္ဘာတဝန်းမှာ အရေးပေါ်အခြေအနေတွေ အများကြီးဖြစ်နေတယ်ဆိုတာကို နားလည်ဖို့ အရေးကြီး ပါတယ်။ ဆိုတော့ ကျနော်တို့ဟာ တနည်းအားဖြင့် အာရုံစိုက်ခံရဖို့၊ ရန်ပုံငွေရဖို့ ပြိုင်ဆိုင်နေရတယ်လို့ ဆိုရမှာပါ။ ဒါပေမဲ့ ရန်ပုံငွေပမာဏ သိသိ သာသာကို သိပ်မကြာခင်မှာ မရဘူးဆိုရင် လုပ်ငန်းတွေ ရပ်သွားမှာဖြစ်ပြီးတော့ ဒါဟာ သိပ်ကိုအရေးကြီးတဲ့အကြောင်း ကျနော် မပြောဘူးဆိုရင် ကျနော်ဟာ ကျနော့်တာဝန်ကို မကျေပွန်ရာကျပါလိမ့်မယ်။”

ဒီဒုက္ခသည်တွေက သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ခေါ်ဆိုကြသလို IOM အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း အဲဒီ အတိုင်းပဲ ခေါ်ဝေါ်ပြောဆိုပါတယ်။ ဒါပေမဲ့ ဒီအသုံးအနှုန်းကို မြန်မာ အစိုးရကိုယ်နှိုက်က အသိအမှတ်မပြုသလို မြန်မာနိုင်ငံတွင်း မှာလည်း ဒီအပေါ် သဘောထားက သိပ်ကိုအငြင်းပွားဖွယ် ဖြစ်နေတာပါ။

ဒါနဲ့ပတ်သက်ပြီး သူတို့ရဲ့ ရပ်တည်ချက်ကတော့ သိပ်ကိုရိုးရှင်းပါတယ်လို့ မစ္စတာ Gigauri က ပြောပါတယ်။

“ခေါ်ဝေါ်သုံးစွဲတဲ့အပေါ် ကျနော်တို့ အာရုံမစိုက်သလောက်ပါပဲ၊ ကျနော်တို့ အာရုံစိုက်တာက လူတွေကိုပါ။ ကျနော်တို့ ရှေ့မှာ မြင်နေရတာက မျှော်လင့်ချက်ကင်းမဲ့ပြီး ကျနော်တို့အကူအညီကို လိုအပ်နေတဲ့ ဘေးဒုက္ခကြုံနေရသူတွေဖြစ်ပါတယ်။ သူတို့ကို အခြေခံ အထောက်အပံ့တွေ၊ ချက်ခြင်းကို လိုအပ်နေတဲ့ အရေးကြီးတဲ့အကူအညီတွေ ပေးနိုင်နေသမျှ ခင်ဗျားတို့ ဘယ်လိုပဲခေါ်ခေါ် ကျနော်တို့ အလေးမထားပါဘူး။ ကျနော်တို့က လူကိုပဲ အလေးထားပါတယ်၊ အဲဒီလူတွေကို အကူအညီ ပေးဖို့ ကိုပဲ အလေးထားပါတယ်။”

IOM အဖွဲ့ဟာ ကုလသမဂ္ဂလက်အောက်ခံ UNHCR အပါအဝင် တခြားအဖွဲ့အစည်းအမျိုးမျိုးနဲ့ လက် တွဲပြီး ဒုက္ခသည်တွေအတွက် လိုအပ်တဲ့ သောက်ရေ သုံးရေ ရရှိဖို့၊ သန့်ရှင်းရေးနဲ့ ကျန်းမာရေး ဆိုင်ရာ တွေသာမက အသက်မွေးဝမ်းကျောင်းရေးနဲ့ အိမ်ရှင် ဘင်္ဂလားဒေ့ရှ် လူမှုအဝန်းအဝို်င်းအတွက်လည်း ကူညီလုပ်ဆောင်ပေးနေတယ်လို့ မစ္စတာ Giorgi Gigauri က ပြောပါတယ် ခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG