သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ နေရပ်ပြန်ရေး ဒု- အကြိမ်ဆွေးနွေးမည်


ဒုက္ခသည်တွေ နေရပ်ရင်းပြန်ရေးအစီအစဉ်အတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရကိုယ်စားလှယ်တွေဟာ မေလ ၁၇ ရက်နေ့မှာ ဒါကာမြို့တော်မှာ ထပ်မံ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ ဒုတိယအကြိမ်မြောက် ဆွေးနွေးပွဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး M Shahidul Haque ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာ နိုင်ငံခြားရေး အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ ဦးဆောင်တို့ ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ကြမှာဖြစ်ပါတယ်။

နှစ်ဘက်ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး M Shahidul Haque က မှတ်ချက်ပေးရာမှာ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး မကြာခင်မှာ စတင်နိုင်တော့မယ်လို့ ခိုင်ခိုင်မာမာယုံကြည်ကြောင်း ပြောသွားပါတယ်။

ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး ပြီးခဲ့တဲ့ နိုဝင်ဘာလက နှစ်နိုင်ငံ သဘောတူညီခဲ့ပြီးနောက် ၂၀၁၈ခုနှစ် ဖေဖေါ်ဝါရီလမှာ ဘင်္ဂလားဒေ့ရှ်အစိုးရက ဒုက္ခသည် ၈၀၀၀ကျော် ရဲ့ အမည်စာရင်းတွေကို မြန်မာအစိုးရဆီကို စတင်ပေးပို့ရာမှာ အခု သုံးလကြာပြီးမှ တထောင်လောက်ရဲ့အမည်စာရင်းကိုပဲ မြန်မာဘက်က စိစစ်အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ မြန်မာဘက်က ဒုက္ခသည်တွေ ပြန်လက်ခံရေးကို မြန်မြန်ဆန်ဆန်ဆောင်ရွက်စေချင်ကြောင်းနဲ့ နောက်ထပ် အမည်စာရင်းတွေ ပေးပို့ အဆင့်သင့်ဖြစ်နေကြောင်း ဘင်္ဂလားဒေ့ရှ် အမည်မဖေါ်လိုတဲ့ အရာရှိတဦးက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာကိုပေးပို့ခဲ့တဲ့ ပုံစံဖြည့်ထားတဲ့ စာရွက်စာတမ်းတွေဟာ ပြည့်စုံမှုမရှိဘူးလို့ မြန်မာအစိုးရအရာရှိတွေဘက်က ပြောကြားခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ မြန်မာနိုင်ငံ နေရပ်ရင်းကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တသန်းအတွက် အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရေး ကမ္ဘာ့ဘဏ်ကနေ ထောက်ပံကြေး အမေရိကန်ဒေါ်လာ ၁ သန်း ဘင်္ဂလားဒေ့ရှ်အစိုးရကို ပေးဖို့ရှိကြောင်း ဘင်္ဂလားဒေ့ရှ်ဘက်ကလာတဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG