သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည် ဌာနေပြန်ရေးဆွေးနွေးမှု နောက်ဆုံးအခြေနေ


နိုင်ငံခြားရေးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူ
နိုင်ငံခြားရေးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူ

ဘင်္ဂလားဒေရှ့် နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေ ဌာနေပြန်ရေး ဒုက္ခသည်တွေနဲ့ မြန်မာ အစိုးရ ကိုယ်စားလှယ် အဖွဲ့ကြား ဆွေးနွေးမှုတွေမှာ တိုးတက်မှုတွေ ရှိတယ်လို့ ဘင်္ဂလားဒေရှ့် တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

ဒုက္ခသည်တွေ ဌာနေပြန်လာနိုင်ရေး ပြင်ဆင်မှုတွေကို နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူ ခေါင်းဆောင်တဲ့ မြန်မာ ကိုယ်စားလှယ် အဖွဲ့က ဒုက္ခသည်တွေကို စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ရှင်းလင်းပြောပြခဲ့ပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံ ကော့ဇ်ဘဇားက ကုတူးပလောင် ဒုက္ခသည် စခန်းမှာ ဒုက္ခသည် ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့တဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူက တနင်္ဂနွေနေ့မှာ သတင်းထောက်တွေကို အခုလို ပြောဆိုခဲ့ပါတယ်။

“ဒုက္ခသည်တွေ ဌာနေပြန်ရေး အတွက် ပြင်ဆင်မှုတွေကို ရှင်းပြဖို့ ကြိုးစားခဲ့ကြောင်း၊ နောက် ကဏ္ဍ သုံးရပ်ကို ထပ်ပြီး ဆွေးနွေးကြဖို့ အခြေခံအား ဖြင့် သဘောတူခဲ့ပြီး ဒီထဲက တခုကတော့ ဆက်ပြီး ဆွေးနွေးကြဖို့ ဖြစ်ပါတယ်။ ဒုက္ခသည်တွေကို ဌာနေပြန်ခေါ်ရေး လိုလားကြောင်း၊ အထူးသဖြင့် ဒီက ၄၄၄ ယောက် ရှိတဲ့ ဟိန္ဒူ လူမှုအသိုင်းအဝိုင်းပါ။ ဘင်္ဂလားဒေရှ့် အစိုးရနဲ့ ဝန်ကြီး အဆင့် ဆက်ပြီး ဆွေးနွေးသွားပါမယ်လို့” နိုင်ငံခြားရေးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူ ပြောဆိုသွားတာပါ။

ဆွေးနွေးပွဲတွေက တိုးတက်မှု ရှိတယ်လို့လည်း ဘင်္ဂလားဒေရှ့် ဒုက္ခသည်များဆိုင်ရာ ကော်မရှင်နာ Mohammad Abul Kalam က ပြောပါတယ်။ နောက်ထပ် ဆွေးနွေးမှုတွေ ထပ်လုပ်သွားမယ်လို့လည်း ဘင်္ဂလားဒေရှ့် အစိုးရ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ နှစ်ဘက် ဆွေးနွေးမှုတွေ ထပ်လုပ်ကြဖို့၊ အရှေ့တောင် အာရှ နိုင်ငံတွေက ကိုယ်စားလှယ်တွေ ဆွေးနွေးပွဲမှာ ပါဝင်ဖို့၊ နောက် ဟိန္ဒူနဲ့ ခရစ်ယာန်တွေ ဌာနေပြန်ရေး အတွက် ဘင်္ဂလားဒေရှ့် ဝန်ကြီးတွေနဲ့ ဆွေးနွေးကြဖို့ သဘောတူခဲ့ကြတာပါ။

ရိုဟင်ဂျာ မူဆလင် အသိုင်းအဝိုင်း ခေါင်းဆောင် တဦး ဖြစ်တဲ့ Mohib Ullah ကတော့ ဒုက္ခသည်တွေ အနေနဲ့ နိုင်ငံသား ဖြစ်ခွင့်လိုချင်ကြောင်း၊ ရခိုင်ပြည်နယ်ကို ပြန်နိုင်ရေး အတွက် ဘေးကင်း လုံခြုံမှု လိုချင်ကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒုက္ခသည်တွေ အနေနဲ့ အစိုးရက ဆောက်ထားတဲ့ စခန်းတွေမှာ မနေလိုဘဲ ကိုယ့်ရွာကိုယ် ပြန်လိုတဲ့ အကြောင်းလည်း ပြောခဲ့ကြတယ်လို့ သူက ပြောပါတယ်။ မြန်မာ အစိုးရ ကိုယ်စားလှယ် အဖွဲ့ဘက်က စိတ်ရှည် လက်ရှည် နားထောင်ခဲ့ကြကြောင်း၊ နောက် ၂ လ အကြာမှာ အဖြေနဲ့ အတူ ပြန်လာပြီး ဆက်ပြီး ဆွေးနွေးကြဖို့လည်း ပန်ကြားလိုက်ကြောင်း သူက AFP ကို ပြောဆိုခဲ့ပါတယ်။ မြန်မာ အစိုးရဘက်ကတော့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို အသိအမှတ် မပြုသေးသလို နိုင်ငံသား ဖြစ်ခွင့်ကိုလည်း ဥပဒေ အရ ဆောင်ရွက်ရမယ်လို့သာ ပြောဆိုထားဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG