သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းသွားမည်


ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားကြသူတွေ နေရပ်ပြန်လာနိုင်ရေး လုပ်ငန်းစဉ်တွေ အရှိန်မြင့်လုပ်ဆောင်ဖို့အတွက် ရည်ရွယ်ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ လာမယ့် စနေနေ့မှာ ဘင်္ဂလားဒေ့ရှ်က Cox’s Bazar မှာရှိတဲ့ ဒုက္ခသည်စခန်းကို သွားရောက်ဖို့ ရှိတယ်လို့ နိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူကပြောကြောင်း Myanmar Times သတင်းမှာ ဖော်ပြထားပါတယ်။

ဒီခရီးစဉ်ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဦးဆောင်ပြီး ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်းဌာနက တာဝန်ရှိသူတွေပါ လိုက်ပါသွားမယ်လို့ ဆိုပါတယ်။

၃ ရက်ကြာမယ့် ဒီခရီးစဉ်အတွင်း ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် မြန်မာအစိုးရဘက်က လုပ်ဆောင်ပြီးသမျှ အခြေအနေနဲ့ ဒီလူတွေ ကိုယ့်သဘောနဲ့ကိုယ် နေရပ်ပြန်နိုင်ရေးကိစ္စတို့ကို ဆွေးနွေးသွားမှာဖြစ်တဲ့အပြင် စခန်းအတွင်းမှာရှိတဲ့ ဒုက္ခသည် မိသားစုတွေနဲ့လည်း တွေ့ဆုံသွားမယ်လို့ ဆိုပါတယ်။

ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအစိုးရတို့အကြား နားလည်မှုစာချွန်လွှာကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလအတွင်း လက်မှတ်ရေးထိုးခဲ့ကြပြီး ဒုက္ခသည် ၂,၂၅၁ ဦးကို ပထမအသုတ်အဖြစ်နဲ့ နိုဝင်ဘာ ၁၅ ရက်နေ့မှာ ပြန်ပို့ကြဖို့ သဘောတူခဲ့ကြပေမယ့် သူတို့ လုံခြုံရေးအတွက် စိုးရိမ်တဲ့အကြောင်းပြချက်နဲ့ ဒုက္ခသည်တွေဘက်က နေရပ်ပြန်ဖို့ ငြင်းဆိုခဲ့ကြတာပါ။

သဘောတူညီချက်ကို လိုက်နာခြင်းမရှိတဲ့အတွက်ဆိုပြီး မြန်မာဘက်က ဘင်္ဂလားဒေ့ရှ်ကို အပြစ်တင်ထားသလို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina ကလည်း ဒုက္ခသည်တွေပြန်ပို့ရေး လုပ်ငန်းစဉ်တွေ နှေးကွေးတဲ့အတွက်ဆိုပြီး မြန်မာအစိုးရကို အပြစ်ဖို့ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG