သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေ ဌာနေပြန်ရေး ASEAN ကူညီဖို့ Bangladesh တိုက်တွန်း


ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ
ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ

ရိုဟင်ဂျာတွေ ဌာနေပြန်နိုင်ရေး အတွက် တွန်းအားပေး ဆောင်ရွက်ကြဖို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ ကို ဘင်္ဂလားဒေရှ့်က တိုက်တွန်းလိုက်ပါတယ်။

ဗင်နီဇွဲလားနိုင်ငံ မြို့တော် Caracas မှာ ကျင်းပတဲ့ ဘက်မလိုက်နိုင်ငံများ လှုပ်ရှားမှု Non-Aligned Movement ရဲ့ ဝန်ကြီးများ အဆင့် အစည်းအဝေးမှာ ကုသလမဂ္ဂ ဆိုင်ရာ ဘင်္ဂလားဒေရှ့် သံအမတ်ကြီးက တိုက်တွန်းသွားတာပါ။ ဌာနေပြန်ရေး အတွက် မြန်မာနဲ့ ဘင်္ဂလာဒေရှ့် နှစ်နိုင်ငံ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့လည်း ဘက်မလိုက်နိုင်ငံများ လှုပ်ရှားမှု ဝန်ကြီးများ အဆင့် အစည်းအဝေးက တိုက်တွန်းပါတယ်။ အပြည့်အစုံကို မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးမှာပါ။

မြန်မာနိုင်ငံ အဖွဲ့ဝင် အဖြစ် ပါဝင်တဲ့ ဘက်မလိုက်နိုင်ငံများ လှုပ်ရှားမှု Non-Aligned Movement ရဲ့ ဝန်ကြီးများ အဆင့် အစည်းအဝေးကို ဇူလိုင်လ ၁၈ ရက်နေ့ကနေ ၂၁ ရက်နေ့ အထိ ဗင်နီဇွဲလားနိုင်ငံ မြို့တော် Caracas မှာ ကျင်းပခဲ့တာပါ။ ဒီအစည်းအဝေးမှာတော့ နယူးယောက် အခြေစိုက် ကုလသမဂ္ဂရဲ့ ဘင်္ဂလားဒေရှ့် သံအမတ်ကြီး Masud Bin Momen က ရိုဟင်ဂျာတွေ ဌာနေပြန်နိုင်ရေး အတွက် အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံဘက်က ကြိုးပမ်းပေးဖို့ တိုက်တွန်း သွားပါတယ်။

“ အကူအညီမဲ့နေတဲ့ ရိုဟင်ဂျာတွေ အရေးကို ကျနော်တို့ အနေနဲ့ အကောင်းဆုံး ဖြေရှင်းနိုင်အောင် ကြိုးစားနေပြီး သူတို့ကို ယာယီ ခိုလှုံရေးစခန်းတွေ၊ လူသားချင်း စာနာထောက်ထားမှုနဲ့ အကာအကွယ်ပေးထားပါတယ်။ ဒီပဋိပက္ခကြီးကို ဖြေရှင်းနိုင်ရေးမှာ NAM အဖွဲ့ဝင်တွေရဲ့ ထောက်ပံ့မှု အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်လည်း ဌာနေပြန်ရေး လုပ်ငန်းစဉ်က ရှည်ကြာပြီး ခက်ခဲနိုင်တာကြောင့် ရိုဟင်ဂျာတွေကို ပြန်ခေါ်ပါမယ်ဆိုပြီး ပေးထားတဲ့ ကတိအတိုင်း မြန်မာအာဏာပိုင်တွေဘက်က ဆောင်ရွက်လာနိုင်ရေး အတွက် အထူးသဖြင့် မြန်မာရဲ့ အိမ်နီးချင်း အာဆီယံ နိုင်ငံတွေကို တိုက်တွန်းလိုပါတယ်။”

မြန်မာနိုင်ငံကို လူသားချင်းစာနာ ထောက်ကူမှုနဲ့ ဌာနေပြန်ရေး လုပ်ငန်းစဉ် အတွက် ကြားဝင်ဆောင်ရွက်ပေးနိုင်ရေး အာဆီယံရဲ့ ဆောင်ရွက်မှုတွေကို ကြိုဆိုကြောင်း၊ ဒုက္ခသည်တွေ ဌာနေပြန်ရေး အတွက် ပဏာမ လိုအပ်ချက်တွေကို မတ်လ ၄ ရက်ကနေ ၁၃ ရက်နေ့ အထိ ရခိုင်ပြည်နယ်ကို သွားရောက်ကောက်ယူခဲ့ကြတဲ့ အာဆီယံရဲ့ ဆောင်ရွက်ချက်တွေကိုလည်း အသိအမှတ်ပြု ပြောဆိုပြီး အာဆီယံရဲ့ ဒီ အကြံပြုချက်တွေကို အကောင်အထည်ဖော်ရေးကို မျှော်လင့်ကြောင်းလည်း ဘက်မလိုက် နိုင်ငံများ လှုပ်ရှားမှု အဖွဲ့ ဝန်ကြီးတွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒုက္ခသည်တွေ ဌာနေပြန်ရေး အာဆီယံရဲ့ အကြံပြုချက် သုံးရပ်ကတော့ ဒုက္ခသည်တွေကို ပြန်လည် လက်ခံဖို့နဲ့ တဆင့်ခံ ရွှေ့ပြောင်းပေးနိုင်တဲ့ အင်အားကို တိုးချဲ့ဖို့၊ သတင်းစကား ဖြန့်ဖြူးရေးကို ခိုင်မာစေဖို့၊ အခြေခံ ဝန်ဆောင်မှုတွေ ရရှိရေး ဆောင်ရွက်ပေးဖို့တို့ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ဆိုင်ရာ ဘင်္ဂလားဒေရှ့် သံအမတ်ကြီးကတော့ ရခိုင်ပြည်နယ်တွင်း ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့ကြတဲ့ တာဝန်ရှိသူတွေကို အရေးယူဖို့ တိုက်တွန်းသွားပါတယ်။

“ နိုင်ငံတကာ ဥပဒေတွေကို လေးစားလိုက်နာရမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ နိုင်ငံတွေ အနေနဲ့လည်း နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုနဲ့ လူ့အခွင့်အရေး ဥပဒေတွေကို အပြည့်အ၀ လေးစားလိုက်နာဖို့ တာဝန်ရှိပါတယ်။ ရိုဟင်ဂျာတွေ ထွက်ပြေးရတဲ့ အခြေအနေမျိုး၊ ရက်စက်ကြမ်းကြုတ်တဲ့ ပဋိပက္ခတွေ ထပ်ပြီး မဖြစ်ဖို့ ဆိုရင်တော့ ရခိုင်ပြည်နယ်တွင်းက ရက်စက်ကြမ်းကြုတ်မှုတွေကို ကာကွယ်ပေးဖို့ ပျက်ကွက်တဲ့ တာဝန်ရှိသူတွေကို အရေးယူ အပြစ်ပေးရပါမယ်။ ငြိမ်းချမ်းမှု ရှိမှသာ ရေရှည် စည်းလုံးမှု ပေါ်လာနိုင်ပြီး စိုးရိမ်ကြောက်ရွံ့မှု ကင်းကင်းနဲ့ ဂုဏ်သိက္ခာရှိရှိ ညီညီညွတ်ညွတ် နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ ”

ရခိုင်ပြည်နယ်တွင်းက လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အခြေအနေတွေ အပေါ် စိုးရိမ်ကြောင်း၊ လူပေါင်းများစွာ အိုးအိမ်စွန့် ထွက်ပြေးရမှုတွေ၊ သေဆုံးမှုတွေ ဖြစ်စေတဲ့ လက်နက်မဲ့ အရပ်သားတွေ အပေါ် ကျူးလွန် တိုက်ခိုက်ကြသူတွေ၊ မြန်မာ လုံခြုံရေးတပ်တွေ အပေါ် တိုက်ခိုက်မှုတွေ အပါအဝင် အကြမ်းဖက် လုပ်ရပ် မှန်သမျှကို ရှုတ်ချကြောင်းလည်း ဘက်မလိုက်နိုင်ငံများ လှုပ်ရှားမှု ဝန်ကြီးတွေက ပြောဆိုကြပါတယ်။ဒုက္ခသည်တွေ ဌာနေပြန်ရေး ဘင်္ဂလားဒေရှ့်နဲ့ မြန်မာ နှစ်နိုင်ငံကြား သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့လည်း ဘက်မလိုက် နိုင်ငံများ လှုပ်ရှားမှု ဝန်ကြီးများ အဆင့် အစည်းအဝေးက တိုက်တွန်းပါတယ်။ ဒါ့အပြင် ဒုက္ခသည်တွေ ဘေးကင်းလုံခြုံမှု ရှိရှိ ဂုဏ်သိက္ခာနဲ့ အညီ ဆန္ဒအလျောက် ဌာနေပြန်နိုင်မယ့် အခြေအနေမျိုး ဖန်တီးပေးဖို့လည်း တိုက်တွန်းပါတယ်။ ကိုဖီအာနန်ကော်မရှင် အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့ကိုလည်း ဘက်မလိုက်နိုင်ငံများ ဝန်ကြီးတွေက မြန်မာ အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ဘင်္ဂလားဒေရှ့် သံအမတ်ကြီး Masud Bin Momen ကတော့ ရိုဟင်ဂျာ ပဋိပက္ခက ဘင်္ဂလားဒေရှ့်နဲ့ ဒေသတွင်း ငြိမ်းချမ်းရေးကိုပါ ထိပါးလာမယ့် အခြေအနေဆီ ဦးတည်သွားနိုင်တယ်လို့ ပြောဆိုသွားပါတယ်။

“ ဒေသတွင်းနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံရဲ့ ငြိမ်းချမ်းတဲ့ အခြေအနေကို ထိခိုက် ယိုယွင်းမှုဆီ ဦးတည်နိုင်တဲ့ အလားအလာရှိတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ဘင်္ဂလားဒေရှ့် ရင်ဆိုင်နေရပါတယ်။ အားလုံးသိကြပြီး အတိုင်းပါဘဲ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်းမှာ အင်အားအလွန်အကျွံသုံးပြီး လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်မှုတွေနဲ့ ရိုဟင်ဂျာ မူဆလင်တွေ အပေါ် ပစ်မှတ်ထား အကြမ်းဖက်မှုတွေအတွင်း ရိုဟင်ဂျာ ၇၂၃,၀၀၀ ၃ထောင်ကျော်ဟာ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ ကတည်းက ဘင်္ဂလားဒေရှ့် နိုင်ငံဘက်ကို ထွက်ပြေးလာကြပါတယ်။ အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ ဒီမတိုင်ခင်တုန်းက ဘင်္ဂလားဒေရှ့်မှာ ရိုဟင်ဂျာ ၃၅၀,၀၀၀ ရှိနှင့်ပြီးသား ဖြစ်တာကြောင့် လက်ရှိ ဘင်္ဂလားဒေရှ့်မှာ ရိုဟင်ဂျာ ၁ ဒသမ ၁ သန်းလောက်ကို လက်ခံထားရပါတယ်။ ”

ရိုဟင်ဂျာ သိန်းချီ ထွက်ပြေးရတဲ့ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေဟာ လူမျိုးတုံးသွားစေဖို့ ရည်ရွယ်ချက် ပါတယ်လို့ ကုလသမဂ္ဂ လွတ်လပ်တဲ့ အချက်အလက်ရှာ အဖွဲ့က ပြောဆိုထားပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူ ၇ ဦးကို နိုင်ငံတကာ တရားဥပဒေနဲ့ အညီ အရေးယူဖို့ တိုက်တွန်းနေပါတယ်။

ရိုဟင်ဂျာတွေ အပေါ် ဖိနှိပ်မှုတွေ အပါအဝင် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင် ၄ ဦးကို ပြီးခဲ့တဲ့ သတင်းပတ် အတွင်းကဘဲ အမေရိကန် အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခဲ့ပါတယ်။ မြန်မာဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်သင့်မခံသလို လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေကိုလည်း အထောက်အထား ခိုင်လုံရင် အရေးယူမယ်လို့ ပြောဆိုထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG