ရိုဟင်ဂျာဒုက္ခသည်တွေအရေး နိုင်ငံတကာက ၀ိုင်းဝန်းဖြေရှင်းရာမှာ အမေရိကန်ပြည်ထောင်စုကနေ ဦးဆောင်ဖို့ Americans for Rohingya အဖွဲ့ကနေ မနေ့ တနင်္ဂနွေနေ့က အမေရိကန် အနောက်ခြမ်း Oregon ပြည်နယ် Portland မြို့မှာ ပြုလုပ်တဲ့ ဒုက္ခသည်များနဲ့ ရွှေ့ပြောင်းအခြေချသူများ အတွက် စည်းရုံးပညာပေးလှုပ်ရှားမှုပွဲမှာ တိုက်တွန်းခဲ့ပါတယ်။
Portland မြို့အနေနဲ့ အသားအရောင်၊ ဘာသာ မခွဲခြားပဲ ပြောင်းရွှေ့အခြေချသူအားလုံးကို လက်ခံကြိုဆိုတယ် ဆိုတာကိုပြသဖို့ WALK with Refugees and Immigrants ဆိုတဲ့ လှုပ်ရှားမှုကို မြို့တော်ဝန်ကိုယ်တိုင် ဦးဆောင်ပြီး ၂၀၁၇ ခုနှစ်က စလို့ နှစ်စဉ် ကျင်းပခဲ့တာဖြစ်ပါတယ်။ မအင်ကြင်းနိုင်က အသေးစိတ်တင်ပြမှာပါ။
ဒေသခံ အမေရိကန်တွေနဲ့ ရွှေ့ပြောင်းအခြေချသူတွေကြား ပိုမိုနားလည် ရင်းနှီးမှု ရရှိရေး ရည်ရွယ်ချက်နဲ့ ဇူလိုင်လ ၂၁ ရက်နေ့က ပြုလုပ်တဲ့ ဒီလှုပ်ရှားမှုမှာ မြန်မာနိုင်ငံကနေ ဒုက္ခသည်အဖြစ် လာရောက်ခဲ့ကြတဲ့ ကချင်၊ မြန်မာ စတဲ့ တိုင်းရင်းသားတွေနဲ့အတူ ရိုဟင်ဂျာ မွတ်စလင် အသိုင်းအ၀ိုင်းလည်း ပါဝင်ပါတယ်။
ပဋိပက္ခတွေဖြစ်နေတဲ့ နိုင်ငံအသီးသီးက ရွှေ့ပြောင်းအခြေချလာတဲ့ ဒုက္ခသည် အသိုင်းအ၀ိုင်းမျိုးစုံ ပါဝင်ခဲ့တဲ့ WALK with Refugees and Immigrants ပွဲမှာ လူသားချင်းဆိုင်ရာ ဘေးဒုက္ခအကျပ်အတည်း အကြီးအကျယ် ရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်တွေရဲ့ အရေးနဲ့ ပတ်သက်လို့ အစီအစဉ်တခုအနေနဲ့ ထည့်သွင်းခဲ့တာပါ။ အဲဒီပွဲမှာ ကိုယ်တိုင်ပါဝင်ပြီး ရိုဟင်ဂျာဒုက္ခသည်အရေး အများပြည်သူရှေ့ ပြောခွင့်ရခဲ့တဲ့ Americans for Rohingya အဖွဲ့ရဲ့ ညွန်ကြားရေးမှူး Yusuf Iqbal က သူပြောကြားမယ့် အကြောင်းအရာကို ဗွီအိုအေကို အခုလို အစီအစဉ် မတိုင်ခင်မှာ ပြောပြခဲ့ပါတယ်။
“လူမှုရေး၊ ဘာသာရေး အမုန်းတရားတွေ မရှိသင့်ဘူး။ ကျနော်တို့ရဲ့ မတူညီချက်တွေကို ကျနော်တို့ အားသာချက်တခုအနေနဲ့ Diversity is the strength ဆိုတဲ့ဟာနဲ့ ကျနော်တို့နားလည်သင့်တယ်။ နောက် ဒီအပေါ်မှာ ကျင့်ကြံသင့်တယ်။ နောက်တယောက်နဲ့ တယောက် အားနည်းချက် ရှိတယ်ဆိုရင်လည်း ဒါကို တယောက်နဲ့ တယောက် ဖေးမကူညီသင့်တယ်။ လူတိုင်းအတွက်ကောင်းတယ် ဆိုတဲ့ Message က အဓိက ဖြစ်ပါတယ်။ ကျနော်တို့ ရိုဟင်ဂျာ Community က အခုအချိန်မှာ Genocide victim ဖြစ်နေတယ်။ တနေရာမှာ လူသားတွေက ဒုက္ခရောက်နေတယ်ဆိုရင် ကမ္ဘာမှာရှိတဲ့လူတွေအားလုံးက တာဝန်ရှိတယ်။ မိမိတို့ သက်ဆိုင်ရာ အစိုးရတို့ သက်ဆိုင်ရာ Policy makers တွေကို ဖျောင်းဖျပြီးတော့ ကမ္ဘာမှာဖြစ်နေတဲ့ ပြဿနာတွေကို အမေရိကန်က ဦးဆောင်ပြီးတော့ ဖြေရှင်းသင့်တယ်ဆိုတာကို တိုက်တွန်းသွားမှာပါ။”
၂၀၁၇ခုနှစ် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေ သိန်းနဲ့ချီပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးခဲ့ရတဲ့ မြန်မာလုံခြုံရေးတပ်တွေရဲ့ နယ်မြေရှင်းလင်းရေးကို လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ တာဝန်ရှိတဲ့ မြန်မာကာကွယ်ရေး ဦးစီချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိပ်တန်းစစ်ခေါင်းဆောင် သုံးဦး ကို တိုက်ရိုက်နာမည်တပ်ပြီး ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အရေးယူမှုကို ကြိုဆိုပေမဲ့ ဒီထက် ပိုပြီး ထိရောက်တဲ့ စီးပွားရေးအရ ပစ်မှတ်ထားပိတ်ဆို့ အရေးယူဖို့ လိုကြောင်း Yusuf Iqbal ကပြောပါတယ်။
“အရေးယူတာကတော့ Symbolic တခုတော့ ဖြစ်တာပေါ့နော်။ ဒါပေမယ့် ထိရောက်သလားဆိုတော့ ဘယ်လောက်မှာတော့ မထိရောက်ဘူးပေါ့နော်။ ဆိုတော့ အဲဒီအတွက်က ကျနော်တို့က Financial sanction ဒါမှမဟုတ်ရင် complete economic sanction တွေ President က lift up မလုပ်ခင် အဲဒီအထိကို ကျနော်တို့ ကြိုးစားနေတယ် လက်ရှိမှာ congress နဲ့ ပေါင်းပြီးတော့။”
ဒါ့အပြင် ဘာသာရေးလွတ်လပ်ခွင့်ဟာ အမေရိကန်သမ္မတ Donald Trump အစိုးရရဲ့ အဓိက နိုင်ငံခြားရေးမူဝါဒ ဖြစ်လာတဲ့အတွက် ဒီအပေါ်မှာ အမေရိကန်လွှတ်တော်အတွင်း ရီပါပလင်ကန် အမတ်တွေရဲ့ မြန်မာအပေါ် သဘောထား ပြောင်းလဲမှုတွေရှိလာတယ်လို့ Yusuf Iqbal ကဆိုပါတယ်။
“ဒီကြားထဲမှာ တချို့ အဲဒီ Republican အမတ်တချို့ရှိတယ် သူတို့ကိုလည်း ကျနော်တို့က Convince လုပ်နေရတယ်။ အဲဒီ Convince လုပ်တဲ့နေရာမှာက ခုနက Religious freedom ဆိုတဲ့ ကိစ္စပေါ်လာတော့ Republican တွေကလည်း convert ဖြစ်လာတယ် အများကြီး။ အရင်တုန်းကတော့ Republican တွေထဲကMitch Mcconnell ကိုယ်တိုင်က ဒီမိုကရေစီကို အားပေးသင့်တယ်၊ ဒေါ်အောင်ဆန်းစုကြည် အစိုးရကို အားပေးသင့်တယ်ဆိုပြီးတော့ reluctant ဖြစ်နေတယ်။ ဒါပေမယ့် အခု Mitch Mcconnell ကိုယ်တိုင်က သူ့ရဲ့ Team တခုကို ဘင်္ဂလားဒေ့ရှ် refugee camp အထိပို့တယ်။ ပို့တယ်ဆိုတာက Religious freedom issue ကြောင့်ဆိုပြီး ဒီလိုဖြစ်လာတာပေါ့။ တဘက်မှာ ဒီမိုကရက်တွေကလည်း Human Rights issue ဆိုပြီးတော့ ဒါကို ကိုယ်တွယ်တဲ့အချိန်မှာ မကြာမီမှာ Burma Act တခုကို pass လုပ်ဖို့ရှိတယ်။ အခုဆီးနိတ်နဲ့ ကွန်ဂရက်မှာ တပြိုင်နက် ဒါကို introduce လုပ်နေတယ် အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် ၂ ခုလုံးမှာ။ နောက်တခုက Treasury department မှာ နည်းနည်းလေး bump တွေရှိနေတယ်။ အဲဒီကိစ္စတွေ အဆင်ပြေသွားတယ်ဆိုရင် complete sanction ဖြစ်လာတဲ့အနေအထားတွေကို စပြီးတော့ မြင်လာတဲ့ သဘောမှာရှိတယ်။”
Portland မြို့မှာ နှစ်စဉ်ပြုလုပ် WALK with Refugees and Immigrants "ဒုက္ခသည်များ၊ ရွှေ့ပြောင်းအခြေချသူများ နဲ့အတူ လမ်းလျှောက်ကြစို့" ဆိုတဲ့ လှုပ်ရှားမှုကို မြို့တော်ဝန်ကောင်စီနဲ့အတူ Portland အများပြည်သူ အပန်းဖြေရေး တာဝန်ရှိတဲ့ အဖွဲ့အစည်းက ဦးစီးကျင်းပတာဖြစ်ပြီး လူမှုအဖွဲ့အစည်းတွေနဲ့ စီးပွားရေး ကုမ္ပဏီ စုစုပေါင်း ၃၀ ကျော်တို့က ကူညီဝန်းရံခဲ့ကြပါတယ်။