သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး စုံစမ်းခွင့်ရရေး ICC ဘင်္ဂလားဒေ့ရှ်မှာ သွားရောက်လေ့လာ


ICC လက်ထောက် တရားလိုရှေ့နေ James Stewart
ICC လက်ထောက် တရားလိုရှေ့နေ James Stewart

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တယ်ဆိုတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းခွင့်ပြုရေး ဘင်္ဂလားဒေ့ရှ်အစိုးရကို တောင်းဆိုသွားမယ်လို့ ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးရဲ့ လက်ထောက် တရားလိုရှေ့နေ James Stewart က ပြောပါတယ်။ မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်တာကြောင့် အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ဘက်မှာ စုံစမ်း စစ်ဆေးမှုတွေ တတ်နိုင်သလောက် ပြုလုပ်နိုင်ဖို့ အခုလို တောင်းဆိုတာလည်း ဖြစ်ပါတယ်။ ဒီအကြောင်း ရိုက်တာသတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံဘက်အခြမ်းမှာ လုံခြုံရေးတပ်ဖွဲ့တွေက ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲ ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ ICC နိုင်ငံတကာရာဇဝတ်ခုံရုံးက စုံစမ်း စစ်ဆေးမှုတွေ စတင်ဖို့ အရှိန်မြင့် လုပ်ဆောင်လာနေတာမှာ မြန်မာနိုင်ငံဟာ ICC ရဲ့ အဖွဲ့ဝင်မဟုတ်တာကြောင့် မြန်မာနိုင်ငံထဲမှာ စုံစမ်း စစ်ဆေးမှုတွေကို လုပ်ခွင့်မရှိဘဲ ဖြစ်နေတာပါ။

ICC ရဲ့ အခြေခံ Rome Statute လို့ခေါ်တဲ့ နိုင်ငံတကာ စာချုပ်ကို မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားခြင်း မရှိပေမဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကတော့ စာချုပ်ဝင်နိုင်ငံ ဖြစ်ပါတယ်။ စာချုပ်ဝင် မဟုတ်တဲ့ မြန်မာနိုင်ငံအနေနဲ့ စုံစမ်းစစ်ဆေးမှုအပေါ် ငြင်းဆန်ခွင့် ရှိနေတာပါ။

ဒါကြောင့်လည်း ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေး တိမ်းရှောင်သွားကြတဲ့ ရိုဟင်ဂျာတွေကို စုံစမ်း စစ်ဆေးမှုတွေ လုပ်ခွင့်ပြုရေး တောင်းဆိုဖို့ ICC အဖွဲ့ဝင်ဖြစ်နေပြီး ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရထံ တောင်းဆိုဖို့ ရောက်လာခြင်းဖြစ်ကြောင်း ICC လက်ထောက် တရားလိုရှေ့နေ James Stewart က သတင်းထောက်တွေကို ပြောပါတယ်။

“မြန်မာဟာ ICC နိုင်ငံတကာရာဇဝတ် ခုံရုံးအဖွဲ့ဝင်နိုင်ငံ မဟုတ်ဘူးဆိုတဲ့အချက်က ဒီနေရာမှာ အရေးကြီးပါတယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်ကတော့ အဖွဲ့ဝင်နိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းမှာဘဲ ကျူးလွန်ခဲ့ပါတယ် ဆိုတဲ့ ရာဇဝတ်မှုတွေကို စုံစမ်း စစ်ဆေးလို့ ရနိုင်ပါမယ်။ ရာဇဝတ်မှု ကျူးလွန်မှုတွေ ဖြစ်ခဲ့ပါတယ်ဆိုပြီး ကျနော်တို့ထံကို နေရာ အတော် များများက တင်ပြလာကြတဲ့အချက်အလက်တွေအပေါ် မူတည်ပြီး ပဏာမ စုံစမ်းစစ်ဆေးခွင့်ပြုဖို့ ICC ရှေ့နေချုပ် Fatou Bensouda က လျှောက်ထားခဲ့တာပါ။”

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးကြတဲ့ ရိုဟင်ဂျာ မူဆလင်တွေ အပေါ် ကျူးလွန်မှုရှိကြောင်း စွပ်စွဲထားတဲ့ ရာဇဝတ်မှုတွေ အပေါ် စုံစမ်းစစ်ဆေးမှုလုပ်ဖို့ တရားရုံးမတင်ခင် ကြိုတင်စစ်ဆေးမယ့် တရားသူကြီး သုံး ဦးပါ အဖွဲ့တခုကို The Hague အခြေစိုက် ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ဖွဲ့စည်းပေးလိုက်ကြောင်း ဇွန်လ ၂၅ ရက်နေ့မှာ ဥက္ကဋ္ဌက ကြေညာချက် ထုတ်ပြန်ခဲ့ပြီး - ICC အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ စတင် လုပ်ဆောင်နိုင်ဖို့ ဥပဒေ အခွင့်အာဏာ ပေးအပ်ဖို့ ICC ရှေ့နေချုပ် Fatou Bensouda က ICC တရားသူကြီးတွေထံ ဇူလိုင်လ ၄ ရက်နေ့ ရက်စွဲနဲ့ တောင်းဆိုခဲ့တာပါ။

သူတို့ရဲ့ ဒီခရီးစဉ်ဟာ စုံစမ်း စစ်ဆေးမှုတွေ စတင်ဖို့မဟုတ်သေးဘူး ဆိုတာကိုလည်း James Stewart က ဆက်ပြောပါတယ်။

“ကျနော်တို့ရဲ့ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်ဟာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့၊ သက်သေအထောက်အထားတွေ ကောက်ခံဖို့အတွက် မဟုတ်ဘူးဆိုတာကို အလေးထား ပြောကြားလိုပါတယ်။ ဒီခရီစဉ်ဟာ အစိုးရအပါအဝင် သက်ဆိုင်သူ အားလုံးနဲ့ ထိတွေ့ ဆက်ဆံတာ၊ ICC ရဲ့ ဥပဒေကြောင်းအရ လုပ်ဆောင်မှုတွေ ဘယ်အဆင့်ရောက်နေပြီလဲ ဆိုတာနဲ့ပတ်သက်လို့ သိချင်တာတွေကို ဖြေကြားပေးဖို့အတွက် ဖြစ်ပါတယ်။”

လက်ရှိအခြေအနေမှာ ICC ဥပဒေကြောင်းအရ လုပ်ဆောင်မှုတွေဟာ ကနဦး အဆင့်ဖြစ်တဲ့ စုံစမ်း စစ်ဆေးတာနဲ့ သက်သေအထောက်အထား ကောက်ယူတဲ့အဆင့်တောင် မရောက်သေးပါဘူး။ အဲဒီလို လုပ်ဆောင်မယ် မလုပ်ဆောင်ဘူး ဆိုတာကို ရှေ့နေချုပ် Fatou Bensouda က ICC တရားသူကြီးတွေထံ ဇူလိုင်လ ၄ ရက်နေ့မှာ တောင်းဆိုထားတဲ့ကိစ္စကို မဆုံးဖြတ်ရသေးပါဘူး။

စုံစမ်း စစ်ဆေးတာနဲ့ သက်သေအထောက်အထား ကောက်ယူတာတွေ ပြီးဆုံးသွားတော့မှ နောက်တဆင့်ဖြစ်တဲ့ တရားစွဲဆိုမယ့် လုပ်ငန်းစဉ်ကို စတင်နိုင်မှာပါ။

ရိုဟင်ဂျာလို့ ခေါ်ဆို သုံးနှုန်းတာကို လက်ခံထားခြင်းမရှိတဲ့ မြန်မာအစိုးရကတော့ ICC က Pre-trial chamber လို့ ခေါ်တဲ့ တရားစွဲဆိုမှု မပြုလုပ်မီမှာ စုံစမ်းစစ်ဆေးပြီး အချက်အလက်တွေ တောင်းခံဖို့ အဖွဲ့ တဖွဲ့ ဖွဲ့စည်းခဲ့တာဟာလည်း အချုပ်အခြာ အာဏာကို ထိခိုက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားကြသူတွေ နေရပ်ပြန်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရအပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေတော့ ရှိနေပါတယ် ခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG