သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေ ဌာနေပြန်ပို့နိုင်မယ့်အခြေအနေမရှိသေးကြောင်း ဘင်္ဂလားဒေ့ရှ်ကို ကုလစုံစမ်းရေးမှူး သတိပေး


ဂျီနီဗာ လူ့အခွင့်အရေးကောင်စီညီလာခံမှာ အစီရင်ခံစာတင်ပြနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် Yanghee Leee ( မတ်လ ၁၂၊ ၂၀၁၈)
ဂျီနီဗာ လူ့အခွင့်အရေးကောင်စီညီလာခံမှာ အစီရင်ခံစာတင်ပြနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် Yanghee Leee ( မတ်လ ၁၂၊ ၂၀၁၈)

ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံဘက်ခြမ်းကို ဒီလအတွင်း စတင်ပြီး ပြန်ပို့မယ့်အစီအစဉ်ကို ရုပ်သိမ်းပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး Yanghee Lee က ဘင်္ဂလားဒေ့ရှ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။

မြန်မာဘက်ခြမ်းမှာ အခြေအနေတွေအဟာ အဆင်သင့်မဖြစ်သေးတဲ့အတွက် နေရပ်ပြန်မယ့် ဒုက္ခသည်တွေဟာ ဖိနှိပ်မှု အန္တရာယ်ကို ကြီးကြီးမားမားရင်ဆိုင်ရလိမ့်မယ်လို့လည်း Yahghee Lee က သတိပေးထားပါတယ်။

မအင်ကြင်းနိုင်က အကြောင်းစုံကို တင်ပြမှာပါ။

အင်္ဂါနေ့ နိုဝင်ဘာလ ၆ ရက်နေ့က ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် Yanghee Lee ရဲ့ ကြေညာချက်မှာ ဒုက္ခသည်တွေ အရင်ကကြုံတွေ့ခဲ့ရတဲ့ အလားတူ နှိပ်စက်မှုနဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ အကြမ်းဖက်မှုတွေ ထပ်ပြီး ပြန်မဖြစ်ပါဘူးဆိုတဲ့ အာမခံချက်တွေပေးဖို့ မြန်မာအစိုးရဘက်က ပျက်ကွက်ခဲ့တဲ့အတွက် သူတို့ကို ဒီလအတွင်း ရခိုင်ပြည်နယ်ဘက် ပြန်ဖို့မယ့် အစီအစဉ်ကို ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ဆိုင်းငံထားဖို့ Ms. Lee က မေတ္တာရပ်ခံ ပန်ကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့သတင်းပတ်က နယူးရောက်ကုလသမဂ္ဂဌာနချုပ်မှာ ကုလသမဂ္ဂသတင်းအေဂျင်စီနဲ့ တွေ့ဆုံမေးမြန်းခန်းမှာလည်း ဒုက္ခသည်တွေနေရပ်ပြန်ရေးမှာ သူတို့ဆန္ဒအလျောက်ဖြစ်ဖို့နဲ့ အခြေအနေတွေ လုံခြုံစိတ်ချရတယ်ဆိုတာမျိုး ဖြစ်ဖို့ အရေးကြီးကြောင်း Yanghee Lee က အခုလို ပြောသွားပါတယ်။

"ရိုဟင်ဂျာတွေ ဌာနေပြန်ရေးနဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှာ အခြေအနေစိတ်ချရပြီး ဒုက္ခသည်တွေ သူတို့သဘောအလျောက်ပြန်လိုစိတ်ရှိရမယ့်အပြင် လုံခြုံစိတ်ချရပြီး ဂုဏ်သိက္ခာရှိရှိနဲ့ ပြန်နိုင်မှ ပြန်ပို့မယ့်ကိစ္စကို လုပ်ဆောင်သင့်ပါတယ်။"

ဒါအပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာသာမက ကချင်၊ရှမ်းနဲ့ ကရင်ပြည်နယ်တွေမှာ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ ဖိနှိပ်မှုတွေ ရပ်တန့်စေဖို့အတွက် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တာဝန်ရှိတဲ့ စစ်ခေါင်းဆောင်တွေကို ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးတင်စစ်ဆေးသင့်ကြောင်း ကုလသမဂ္ဂနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ Ms. Lee က အခုလို ပြောသွားပါတယ်။

"ကျမတို့အနေနဲ့ မြန်မာနိုင်ငံကို ICC နိုင်ငံတကာခုံရုံးကိုတင်ရမှာဖြစ်ပါတယ်။ အကြမ်းဖက်လုပ်ရက်တွေအတွက် တာဝန်ရှိတဲ့ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပြင် တပ်မ ၃၃ နဲ့ တပ်မ ၉၉ တို့ရဲ့ တပ်ရင်းမှူးတွေအပါအဝင် မြန်မာစစ်ဗိုလ်ချုပ်တွေကို ဥပဒေအရ အရေးယူရမှာဖြစ်ပါတယ်။ သူတို့တွေဟာ ရခိုင်ပြည်နယ်မှာ ရက်စက်ကြမ်းကြုတ်မှုတွေကို ကျူးလွန်ခဲ့ကြသူတွေဖြစ်သလို ကချင်နဲ့ မြောက်ပိုင်းရှမ်းပြည်နယ်မှာလည်း ဒီလိုပြစ်မှုတွေကို ကျူးလွန်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေအနေနဲ့ ဒီလိုဘေးဒုက္ခတွေကို ဆက်မခံသင့်ပါဘူး။ နိုင်ငံတကာ လူ့အဖွဲ့အစည်းအနေနဲ့လည်း ဒီလိုရက်စက်ကြမ်းကြုတ်တဲ့လုပ်ရက်တွေနဲ့ မတရားမှုတွေကို ဆက်ပြီး သည်းမခံသင့်ပါဘူး။ ကျမတို့အနေနဲ့ ကုလသမဂ္ဂ ပဋိညာဉ်စာတန်းကြီးကို မမေ့သင့်ကြပါဘူး။ ကုလသမဂ္ဂ အနေနဲ့ ဒါမျိုး ထပ်မဖြစ်စေရပါဘူးလို့ ကြိမ်ဖန်များစွာ ပြောခဲ့ပေမယ့်လို့ သူတို့ဘက်ကတော့ ထပ်ပြီးလုပ်ခဲ့တဲ့အကြိမ်ပေါင်းကလည်း များပါပြီ။"

မနေ့က ထုတ်ပြန်တဲ့ Yanghee Lee ရဲ့ ကြေညာချက်မှာ ရိုဟင်ဂျာတွေအနေနဲ့ အာမခံချက်ပေးထားတဲ့ သူတို့ရဲ့ အခြေခံအခွင့်အရေးတွေနဲ့အတူ သူတို့ မူရင်း နေရပ်ပြန်နိုင်ပြီး လုံလုံခြုံခြုံနဲ့ နေထိုင်နိုင်တဲ့ ပတ်ဝန်းကျင်မျိုး မြန်မာအစိုးရက ဖန်တီးပေးထားတယ်ဆိုတဲ့ ခိုင်မာမြင်သာတဲ့ လုပ်ရပ်၊ အထောက်အထားတွေကို သူ့အနေနဲ့မမြင်တွေ့ရသေးကြောင်း ဖေါ်ပြထားပါတယ်။

အောက်တိုဘာလ (၃၀)ရက်နေ့က ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ သဘောတူညီချက်အရ အခုနိုဝင်ဘာလလယ်မှာ ဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံဘက် ပြန်ပို့ရေး စတင်တော့မှာပါ။

မြန်မာအစိုးရဘက်ကတော့ ရိုဟင်ဂျာတွေနေခဲ့တဲ့ ရွာတွေမှာ ပြန်ပြီးဆောက်လုပ်တဲ့ လုပ်ငန်းတွေ တိုးတက်မှုတွေရှိနေကြောင်း အကြိမ်များစွာပြောခဲ့ပြီးပါပြီ။ ဒါပေမယ်လို့ နေရပ်ပြန်လာမယ့်သူတွေအတွက် အဆောက်အဦးတွေ ဆောက်လုပ်ထားတယ်ဆိုတာနဲ့ ပြဿနာတွေ ဖြေရှင်း မပေးနိုင်ဘူးလို့ Yanghee Lee ကေထောက်ပြပါတယ်။ ရိုဟင်ဂျာ ပဋိပက္ခမှာ နိုင်ငံသားဖြစ်ခွင့် ရရှိရေးအပါအဝင် လွတ်လပ်စွာသွားလာခွင့်၊ ပညာရေး၊ ကျန်းမာရေးနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ကိုင်ရေးအတွက် အခွင့်အလမ်းတွေရရှိဖို့၊ လုံလုံခြုံခြုံနေထိုင်နိုင်ဖို့ စတဲ့ အဓိက အခြေခံအကြောင်းအရင်းတွေကို ပထမဦးဆုံး ဖြေရှင်းပေးရမှာဖြစ်တယ်လို့ Ms. Lee ကဆိုပါတယ်။

ဒါကြောင့်လည်း ရိုဟင်ဂျာဒုက္ခသည်တွေ အသေအချာ အကာအကွယ်ပေးနိုင်ရေးနဲ့ သူတို့မှာ ရှိတဲ့ နိုင်ငံတကာလူ့အခွင့်အရေးခံစားပိုင်ခွင့်ကို လိုက်နာရေးနဲ့ ဒုက္ခသည်များဆိုင်ရာ ဥပဒေနဲ့အညီ လိုက်နာရမယ့် လုံလုံခြုံခြုံ၊ ဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ရေး စတဲ့အချက်တွေအရ အခုချိန်မှာ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ အဆင်သင့်မဖြစ်သေးတဲ့အတွက် သူတို့ကို ပြန်ပို့ရေး အစီအစဉ် ရပ်ဆိုင်းဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ နှစ်ရပ်လုံကို တိုက်တွန်းကြောင်း Yanghee Lee က သူ့ရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုတွေအတွက် Facebook လူမှုကွန်ယက်ရဲ့တာဝန်မကင်းဘူးလို့ ဝန်ခံခဲ့တဲ့နေ့မှာပဲ Ms. Yanghee Lee ရဲ့ကြေညာချက် ထွက်လာတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သဘောထားကွဲမှုတွေ၊ အကြမ်းဖက်မှုတွေဖြစ်အောင် Facebook သုံးပြီး လှုံ့ဆော်မှုတွေကို မတားဆီးနိုင်ခဲ့ဘူးလို့ Facebook မူဝါဒရေးရာ မန်နေဂျာ Alex Warofka က Facebook Blog ပေါ်မှာ ဝန်ခံရေးသားခဲ့ပါတယ်။

အရင်ကလည်း Yanghee Lee အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့တွေရဲ့ အစီရင်ခံစာတွေမှာလည်း မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးကို လူအများ ထောက်ခံလာအောင်နဲ့ လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှု အမုန်းစကားတွေ ပြန့်ပွားအောင် Facbook ကနေ လှုံဆော်မှုတွေ လုပ်ခဲ့ကြောင်း သက်သေအထောက်တွေနဲ့ တင်ပြခဲ့ကြပါတယ်။ Facebook ကုမ္ပဏီဘက်ကတော့ သြဂုတ်လ အကုန်ပိုင်းမှာ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ Facbook အကောင့်တွေနဲ့ စာမျက်နှာတွေကို အပြီးတိုင် ဖယ်ရှားခဲ့ပါတယ်။

XS
SM
MD
LG