သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး အခြေအနေ ဘင်္ဂလားဒေ့ရှ် ကွင်းဆင်းလေ့လာမည်


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသအနီး လယ်ကွင်းတွေထဲ မြန်မာဘက် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များကို တွေ့ရစဉ် (နိုင်ဝင်ဘာ ၂၊ ၂၀၁၇)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသအနီး လယ်ကွင်းတွေထဲ မြန်မာဘက် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များကို တွေ့ရစဉ် (နိုင်ဝင်ဘာ ၂၊ ၂၀၁၇)

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့ကြတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်စလင်တွေ ပြန်လည်လက်ခံနိုင်ဖို့ မကြာခင်မှာ ဘင်္ဂလားဒေရှ်ဘက်က အာဏာပိုင်တချို့ ရခိုင်ဒေသကို လာရောက် ကွင်းဆင်း လေ့လာဖို့ရှိနေတယ်လို့ ရခိုင်ပြည်နယ်ကောင်စီ ပြောခွင့်ရက ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို အခြေခံပြီး မမြသဇင်အောင်က တင်ပြပေးပါမယ်။

၂၀၁၇ ခုနှစ်တုန်းက စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် ရခိုင်မြောက်ပိုင်းကနေ ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ကို ထွက်ပြေးခဲ့တဲ့ သိန်းနဲ့ချီတဲ့ မွတ်ဆလင် (ရိုဟင်ဂျာ) ဒုက္ခသည်တွေထဲက ၁,၀၀၀ နီးပါးကို လက်ခံဖို့ စစ်ကောင် စီဘက်ကနေ ဒီနှစ်အစောပိုင်းက ပြင်ဆင်မှုတွေ စတင် လုပ်လာခဲ့တာပါ။ ဒီလို ပြန်လည်လက်ခံနိုင်ဖို့ မကြာခင်မှာ ဘင်္ဂလားဒေရှ်ဘက်က အာဏာပိုင်တချို့ ရခိုင်ဒေသကို လာရောက် ကွင်းဆင်း လေ့လာဖို့ရှိနေတယ်လို့ ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရ ဦးလှသိန်းက ဗွီအိုအေကိုပြောပါတယ်။

“လက်ခံဖို့ကျနော်တို့ဘက်က Ready ဖြစ်တယ်။ ရက်သတ်မှတ်တော့ ဘင်္ဂလားဒေရှ်ဘက်က သူတို့(ဒုက္ခသည်တွေ) မလာခင် တခေါက် လာလေ့လာချင်တယ်လို့ ပြောတယ်။ လေ့လာချင် လာလေ့လာဆိုတော့ သူတို့ ဒီရက်ပိုင်းလောက် Go and see လာပြီးတော့ လေ့လာမယ့် အဖွဲ့တဖွဲ့ လူအစိတ်လောက်ပါမယ်။ လာမယ် ပြောတယ်။ ဒီရက်ပိုင်း အတွင်း ဘယ်နေ့ရယ်လို့တော့ ကျနော်တို့ မပြောနိုင်သေးဘူး၊ ဒီရက်ပိုင်းလို့ ကျနော်တော့နားလည်တယ်။ ဒီရက်ပိုင်းဆိုတော့ ဒီတပါတ်အတွင်းလား ၁၀ရက်အတွင်းလားတော့ ကျနော်တော့ မသိဘူး။ ပြန်လာမယ့်သူတွေကို ကိုယ်စားပြုမယ့်အဖွဲ့လို့တော့ ပြောတယ်။”

ရခိုင်ပြည်မြောက်ပိုင်းမှာ ၂၀၁၇ တုန်းက လုံခြုံရေးကင်းစခန်းတွေအပေါ် ARSA အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးနောက်မှာ စစ်တပ်က နယ်မြေရှင်းလင်းချိန်အတွင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်း ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ရိုဟင်ဂျာ ၇ သိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂက ပြောကြားထားပါတယ်။ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင် မြို့နယ်တွေမှာ နေထိုင်ခဲ့ကြသူတွေဟာ လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရပါတယ်။

ပြန်လည်လက်ခံရေးကိစ္စကို ဒီနှစ် အစောပိုင်းကတည်းက ပြင်ဆင်မှုတွေ စတင်လုပ်လာခဲ့ပေမယ့် ထင်သလောက် ခရီးမရောက်နိုင်ခဲ့ပါဘူး။ မူလက ဒီနှစ် ဧပြီလထဲမှာ ပြန်လည်လက်ခံဖို့ ပြင်ဆင်ထားတာဖြစ်ပေမယ့် အစီအစဉ် အထမမြောက်ဘဲ ဖြစ်နေတာပါ။ ဘယ်လို အခက်အခဲတွေကြောင့် အစီအစဉ် အထမမြောက်နိုင်ဖြစ်နေတာလဲ၊ ဘယ်လို အခက်အခဲတွေကြုံနေရလဲ ဆိုတာနဲ့ပတ်သတ်လို့ ဗွီအိုအေက မေးမြန်းတာမှာတော့ ဦးလှသိန်းက အခုလို ပြန်လည် ဖြေကြားခဲ့ပါတယ်။

“အဓိကကတော့ ဘင်္ဂလားဒေရှ်ဘက်က ကစားတာပေါ့ဗျာ။ သူတို့ နိုင်ငံတကာ အခြေအနေကြည့်ပြီးတော့ သူတို့အကျိုးအတွက် နိုင်ငံတွေကတော့သူတို့ Interest နဲ့သူတို့ ရပ်တည်ကြတာဘဲလေ။ ကျနော်တို့က ဒီလိုသဘောပေါက်တယ်။ ကျနော်တို့နိုင်ငံက လက်ခံဖို့ အစီအစဉ်တွေမှာ ဘာမှပြောင်းလဲသွား တာမရှိဘူး။ ဟိုးအစထဲက ဟိုးအရင်အစိုးရလက်ထက်က သဘောတူညီချက်အတိုင်း လျှောက်နေတာ။ ဒါတွေက NLD အစိုးရတုန်းက စွဲခဲ့တဲ့ စီမံချက်တွေ။ အဲ့ကတည်းကစွဲခဲ့တဲ့ စီမံချက်တွေအတိုင်း သွားနေတာ။ ဒါတွေက လက်တွေ့လုပ်ကြည့်ပါ၊ ခင်ဗျားတို့ သတင်းဌာနတွေလဲ ရှိတာဘဲ၊ ဗမာပြည်ရောက်လို့ အဆင်မပြေဘူးဆိုရင် အဆင်မပြေဘူး ပြောလို့ ရတာဘဲလေ။”

ပြန်လည်လက်ခံရေးမှာ လှဖိုးခေါင်စခန်း အပြင်ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်က တောင်ပြိုလက်ဝဲ ပြန်လည် လက်ခံရေးစခန်း၊ ကြိမ်ချောင်းစခန်း၊ အမှတ် ၂ စခန်း စတဲ့နေရာတွေမှာလဲ ပြန်လည် လက်ခံသွားဖို့ စစ်ကောင်စီဘက်က ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

ဒါတွေဟာ NLD အစိုးရလက်ထက်ထဲက မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီထားခဲ့ပြီး ဖြစ်တဲ့အပြင် နိုင်ငံတကာက လက်ခံနိုင်မယ့် အစီအစဉ်မျိုးနဲ့ ဒီဒုက္ခသည်တွေကို ပြန်လက်ခံနိုင်ရေး စီမံကိန်းအရ ဖွင့်လှစ်ထားတဲ့ စခန်းတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးမြင့်ကြိုင်နဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်တို့ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပြီး ဒုက္ခသည် လက်ခံရေးကိစ္စတွေကို ဆွေးနွေးခဲ့သလို မကြာသေးခင်ကလည်း ရခိုင်လူမှုရေးဝန်ကြီးနဲ့အဖွဲ့ဟာလည်း ဘင်္ဂလားဒေရှ်ကို သွားရောက် ညှိုနှိုင်းမှုတွေ လုပ်ခဲ့ပါသေးတယ်။

မြန်မာဘက်က မွတ်ဆလင်ဒုက္ခသည်တွေလို့ ပြောနေပေမဲ့ ဘင်္ဂလားဒေရှ့်ဖက်မှာ ခိုလှုံနေသူတွေကတော့ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့သာ သုံးနှုန်းပါတယ်။ မြန်မာနိုင်ငံဘက်က ခုလိုဒုက္ခသည်တွေကို ပြန်လည်လက်ခံရေး လုပ်နေပေမဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဘက်ကတော့ သူတို့ရဲ့ လုံခြုံရေးအာမခံချက်နဲ့ နိုင်ငံသား အခွင့်အရေးတွေ အပြည့်အဝရမှာသာ ပြန်လာချင်ကြတယ်လို့ Cox’s Bazar မှာရောက်နေတဲ့ ဒုက္ခသည်တွေက ပြောဆိုထားပါတယ်။

မူလနေရပ်တွေမှာ ပြန်လည်နေရာချပေးပြီး သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ပြန်ပေးတာ အပါအဝင် လွတ်လပ်စွာ သွားလာခွင့်၊ စီးပွားရေးလုပ်ကိုင်ခွင့် စတာတွေ ပေးလို့ရှိရင်တော့ သူတို့ ပြန်လာမယ်လို့ ရိုဟင်ဂျာအသိုင်းအဝိုင်းက ပြောဆိုထားပါတယ်။

ရိုဟင်ဂျာအရေး ကူညီလုပ်ကိုင်ပေးနေသူတဦးကတော့ လက်ရှိ ပြန်လည်လက်ခံရေးပိုင်းနဲ့ပတ်သတ်လို့ အခုလို သုံးသပ်ဝေဖန်လိုက်ပါတယ်။

“တစ်အချက်က နိုင်ငံသားအခွင့်အရေးပေးရမယ်၊ ဒုတိယအချက်က အဲဒီမှာရှိတဲ့ IDP Camp ကလူတွေကို သူ့နေရာသူ ပြန်ပို့ပေးရမယ်၊ အဲဒါဆို သွားဖို့ ၅၀ရာခိုင်နှုန်း သေချာတယ်။ သူတို့ကို ဘာမှအခွင့်အရေး မပေးဘူး၊ ကတ်လဲမပေးဘူး၊ သွားလာခွင့်လဲမရှိဘူး၊ ပညာသင်ခွင့်လဲမရှိဘူး၊ ပုံမှန်စီးပွားရေးလုပ်ခွင့်လဲ မရှိဘူးဆို သူတို့ ဘာလုပ်မှာလဲ အဲဒီမှာ။ UN ကလည်း အလုပ်မလုပ်နိုင်ဘူး။ အဲကိုသွား ဒီလူတွေက ငတ်နေရမှာလား၊ တရက်သွားပြီး ဒီလူတွေပြန်ပြေးလာရမှာ။”

ရခိုင်ပြည်မြောက်ပိုင်း ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်အခြမ်း ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေပြန်လက်ခံရေးကို အရင် NLD အစိုးရလက်ထက်ထဲက ကြိုးပမ်းခဲ့တာပါ။ အဲဒီတုန်းက ၂ နိုင်ငံဘက်က စိစစ်ပြီးသား ဒုက္ခသည် ၃,၄၅၀ ကို ၂၀၁၉ သြဂုတ်လ ၂၂ ရက်နေ့မှာ လက်ခံဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား သဘောတူထားခဲ့ကြပေမယ့် သတ်မှတ်ထားတဲ့နေ့မှာ ဒုက္ခသည် တစ်ဦးတစ်ယောက်မှ ပြန်မလာနိုင်ခဲ့ကြပါဘူး။ ဒီတခေါက်မှာတော့ စစ်ကောင်စီဘက်က ရိုဟင်ဂျာဒုက္ခသည် အယောက် ၇၀၀ နဲ့ ဟိန္ဒူဘာသာဝင်အယောက် ၃၀၀နီးပါးကို ပြန်လက်ခံဖို့ ပြင်ဆင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG