ရခိုင်ပြည်နယ်ပဋိပက္ခနဲ့ပတ်သက်ပြီး သတင်းလိုက်၊ သတင်းရေးသား တည်းဖြတ်ဖော်ပြတဲ့ ပြည်တွင်းအခြေစိုက် သတင်းမီဒီယာသမားတွေ ရင်ဆိုင်ရတဲ့ အခြေအနေတွေအကြောင်း မြန်မာသတင်းသမားတဦးကိုယ်တိုင် ပြုစုရေးသားထားတဲ့ စာတမ်းတစောင်ဟာ စာတမ်းပြိုင်ပွဲ အမျိုးအစားတခုအောက်မှာ ပထမဆု ချီးမြှင့်ခံရပါတယ်။ ဒီအကြောင်း စာတမ်းပြုစုရေးသား တင်သွင်းသူ ကိုဉာဏ်လင်းကို ဆက်သွယ်မေးမြန်းပြီး ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
“စကားလုံးများ၏အန္တရာယ်၊ ရိုဟင်ဂျာပဋိပက္ခနှင့်ပတ်သက်၍ သတင်းရေးသားဖော်ပြကြသည့် မြန်မာသတင်းသမားများ ရင်ဆိုင်ရသည့် အဓိကအခက်အခဲများ” လို့ဆိုရမယ့် ခေါင်းစဉ်နဲ့ စာတမ်းကို ပြုစုသူကတော့ အမေရိကန်ပြည်ထောင်စု၊ Kansas တက္ကသိုလ်မှာ သတင်းစာပညာရပ်နှင့် လူထုဆက်သွယ်ရေးဘာသာရပ်နဲ့ လက်ရှိ Ph. D. ပါရဂူဘွဲ့တန်းတက်ရောက်နေသူ ကိုဉာဏ်လင်းပါ။
သူတက်ရောက်နေတဲ့ Ph. D. တန်းအတွက် စာသင်နှစ်တခုမှာ တင်သွင်းဖို့ ဒီနှစ်အစောပိုင်းမှာ ဆက်သွယ်မေးမြန်းပြီး ပြုစုရေး သားခဲ့တဲ့စာတမ်းကို ဝါရှင်တန်ဒီစီမြို့တော်မှာ သြဂုတ်လ ၆ ရက်နေ့ကနေ ၉ ရက်နေ့အထိ ကျင်းပနေတဲ့ AEJMC Conference ကို ပေးပို့တင် သွင်းတာဖြစ်ပါတယ်။ သူ့ရဲ့စာတမ်းဟာ Markham ကျောင်းသား စာတမ်းပြိုင်ပွဲ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တင်သွင်းကြတဲ့ စုစုပေါင်း စာတမ်း ၂၇ စောင်ထဲမှာ ပထမဆုချီးမြှင့်ခံရပြီးတော့ ကွန်ဖရင့်စ်မှာ သူကိုယ်တိုင် စာတမ်းကို လာရောက်ဖတ်ကြားခွင့်ရတာပါ။
အများအားဖြင့် ရန်ကုန်မြို့မှာအခြေစိုက်တဲ့ သတင်းမီဒီယာ ၁၀ ခုက သတင်းထောက်နဲ့ အယ်ဒီတာ ၁၇ယောက်ကို ဒီနှစ်အစော ပိုင်းမှာ အွန်လိုင်းကနေဆက်သွယ်ပြီး ရခိုင်ပဋိပက္ခနဲ့ပတ်သက်လို့ သတင်းလိုက်၊ ရေးသား၊ တည်းဖြတ်၊ တင်ပြတာမှာ ရင်ဆိုင်ကြ ရတဲ့အခြေအနေတွေကို မေးမြန်းထားပြီးတော့ သူ့စာတမ်းကို ပြုစုထားတာဖြစ်ပြီး သတင်းထောက်တွေရင်ဆိုင်ရတဲ့ အခြေအနေ တချို့နဲ့ပတ်သက်လို့ သူသိရတာကို ကိုဉာဏ်လင်းက ဗွီအိုအေကို အခုလိုပြောပြပါတယ်။
“ပဋိပက္ခဖြစ်တဲ့နေရာကို သူတို့တွေ လွတ်လွတ်လပ်လပ်သတင်းယူလို့ မရတာပဲ။ နောက်ဒုတိယအချက်က အစိုးရပိုင်းနဲ့ စစ်တပ်ဘက်ကို သူတို့ ချဉ်းကပ်ပြီး အင်တာဗျူးတဲ့အခါမှာ သူတို့မှာ အခက်အခဲတွေရှိတယ်။ မေးချင်တဲ့ဟာကို လွတ်လွတ်လပ်လပ်မေးခွင့်မရဘူး။ မေးတဲ့အခါမှာလည်းပဲ အရမ်းအကဲဆပ်တဲ့ဟာတွေမှာဆိုရင် ဒီလိုမေးခွန်းမေးတဲ့အတွက် တချို့သတင်းထောက်တွေ ဆိုလို့ရှိရင် သတိပေးခံရတဲ့အခြေအနေထိရှိတယ်။ နောက်စိမ်ခေါ်မှုက ဘာလဲဆိုတော့ ဒေသခံရခိုင်တချို့ရဲ့ ဖိအားတွေကို ခံရတယ်ဆိုပြီးတော့ ပြောကြတယ်။ ဒီပဋိပက္ခကို သတင်းလိုက်တဲ့ သတင်းသမားအများစုကလည်း ရခိုင်တွေဖြစ်တဲ့အခါကြတော့ ကိုယ့်လူမျိုးအချင်းချင်း ကိုယ့်ဘက်ကို မရပ်တည်ဘဲနဲ့ ဟိုဘက်ကို ရပ်တယ်ဆိုပြီးတော့ သူတို့ စွပ်စွဲတာတွေရှိတယ်။ တချို့ သတင်းသမားတွေဆိုရင် သစ္စာဖောက်ဆိုပြီး စွပ်စွဲပြစ်တင်ခံရတာတွေ ရှိတယ်။”
အခုပြောပြသွားတာက တချို့အခြေအနေတွေပဲဖြစ်ပြီး သတင်းသမားတွေအပေါ် တဘက်လူမှုအဝန်းအဝိုင်းက ယုံကြည်မှုမရှိတာ၊ ကိုယ်ရလာတဲ့အချက်အလက်ကို နောက်ထပ် စိစစ်အတည်ပြုဖို့ ခက်ခဲတာ၊ ကိုယ်ကိုယ်တိုင်အပြင် ကိုယ့်မိသားစုရဲ့ ဘေးကင်း လုံခြုံရေးပိုင်းကိုပါ စိုးရိမ်ရတာ၊ တချို့ဖြစ်ရပ်တွေမှာဆို ခြိမ်းခြောက်ခံရတာထိ ရင်ဆိုင်ကြရတဲ့ အခြေအနေတွေလည်းရှိတယ်လို့ ကိုဉာဏ်လင်းကပြောပါတယ်။ ဒါ့အပြင် သတင်းထောက်တွေဘက်က ရေးသားတင်ပြလာတဲ့ သတင်းတွေကို တည်းဖြတ်ရတဲ့ အယ်ဒီတာတွေအပိုင်းမှာ ရင်ဆိုင် ရတာတွေကိုလည်း ကိုဉာဏ်လင်းကပြောပြပါတယ်။
“ သတင်းအချက်အလက် ရယူရေးကိစ္စတွေမှာ စိန်ခေါ်မှုတွေရှိကြတယ်လို့ ဆိုတယ်ခင်ဗျ။ နောက်ပြီး သူတို့ သတင်းထောက်တွေဆီက တက်လာတဲ့ သတင်းတွေကို မျှမျှတတ ဖြစ်ဖို့အတွက် လုပ်ရတဲ့အခါမှာ သူတို့ အခက်အခဲတွေရှိကြတယ်လို့ ပြောပါတယ်။ နောက်တခုက သတင်းသမားတွေ ဘေးကင်းလုံခြုံရေး မှာလည်း စိန်ခေါ်မှုတွေရှိကြတယ်လို့ ဆိုပါတယ်။ နောက်တခုက ကျင့်ဝတ်ပိုင်းဆိုင်ရာ ကိစ္စပေါ့။ သတင်းသဘောအရ ဒီဟာကို ထည့်သွင်းဖေါ်ပြဖို့သင်တယ်၊ ဖေါ်လည်း ဖေါ်ပြရမယ်။ ဒါပေမယ့် ဒီဘက်မှာ ကြည့်ပြန်တော့လည်းအကြောင်းကြောင်းကြောင့် သတင်းကို ထည့်ပြီး မဖေါ်ပြချင်ဘူးဆိုတဲ့ သဘောတရားတွေရှိလာတာပေါ့။”
နောက်ထပ်ကြီးမားတဲ့ အခက်အခဲတခုကတော့ အသုံးအနှုန်းကိစ္စပါ။ ဒီပဋိပက္ခမှာ အဓိကဖြစ်တဲ့ မွတ်ဆလင်တွေက သူတို့ကိုယ် သူတို့ ရိုဟင်ဂျာလို့ခေါ်ဆိုသလို နိုင်ငံကာအသိုင်းအဝိုင်းကလည်း အဲဒီအတိုင်း ခေါ်ဆိုသုံးစွဲပေမဲ့ ဒါကို မြန်မာအစိုးရက လက်မခံ သလို မြန်မာလူထုအတွင်းမှာလည်း သဘောမတူသူတွေရှိနေပါတယ်။ ဒီအပေါ်မှာရော ပြည်တွင်းသတင်းသမားတွေမှာ ဘယ်လို သဘောထား ရှိကြပါသလဲ -
“ အဲဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ရှိရင် စာဖတ်ပရိသတ်က လက်မခံတာတို့၊ အစိုးရက မကြိုက်တာတို့၊ အဲဒီအကြောင်းပြချက်တွေကြောင့် ဘင်္ဂါလီဆိုတဲ့ အသုံးအနှုန်းပဲ ဆက်ပြီးသုံးကြတယ်ပေါ့လေ။ ရိုဟင်ဂျာလို့ မသုံးရင်လည်း ပြဿနာမရှိတဲ့အတွက်ကြောင့် မသုံးကြတာပေါ့။ နောက်တခုက တချို့သတင်းသမားတွေ ကိုယ်နှိုက်က ဒီရိုဟင်ဂျာမရှိဘူးဆိုပြီး စွဲစွဲမြဲမြဲ ယုံကြည်ထားကြတာလည်း ပါပါတယ်။”
ကိုဉာဏ်လင်းဟာ Fulbright ပညာတော်သင်ဆုရပြီး မက်ဆာချူးဆက်ပြည်နယ်၊ ဘော်စတွန်မြို့ Emerson ကောလိပ်ကနေ သတင်းစာပညာနဲ့ ၂၀၁၇ ခုနှစ်မှာ မဟာဘွဲ့ရပြီးတဲ့နောက် အခု ပါရဂူဘွဲ့အတွက် ဆက်တက်နေတာဖြစ်သလို တလတကြိမ်ထုတ် မော်ကွန်းမဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ်အဖြစ် လက်ရှိအချိန်ထိ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ အရင်နှစ်တွေကကျင်းပတဲ့ ဒီကွန်ဖရင့်မှာ မြန်မာသတင်းသမားတဦးဦး စာတမ်းတင်သွင်းတာ၊ အလားတူ ဆုရဖူးတာ စတဲ့ သတင်းမျိုးတွေတော့ အရင်က မထွက်ဖူးပါဘူး။
တောင်ကာရိုလိုင်းနားပြည်နယ်အခြေစိုက် AEJMC အဖွဲ့ဟာ သတင်းစာနဲ့ လူထု ဆက်သွယ်ရေးဘာသာရပ်နဲ့ ပတ်သက်လို့ သင်ကြားနေသူတွေ၊ သင်ယူနေသူတွေ၊ ဝင်ရောက် လုပ်ကိုင်နေကြသူတွေရဲ့ ပညာရပ်ပိုင်းဆိုင်ရာ ပရဟိတအဖွဲ့တဖွဲ့ ဖြစ်ပါတယ်။