သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်သစ်မှာ အိမ်ပြန်နိုင်ဖို့ ရိုဟင်ဂျာဒုက္ခသည်တွေ မျှော်လင့်


လာမယ့်၂၀၁၉မှာ ရိုဟင်ဂျာတွေအပါအဝင် ကမ္ဘာပေါ်မှာရှိတဲ့လူသားတိုင်း လူ့အခွင့်အရေး အပြည့်အဝရဖို့နဲ့ သူတို့တွေ အမြန်ဆုံးအိမ်ပြန်နိုင်ကြဖို့ အထူးသဖြင့်မြန်မာနိုင်ငံတဝှမ်းလုံးက တိုင်းရင်းဒေသက ဒုက္ခသည်တွေပါ နေရပ်ရင်းအမြန်ဆုံးပြန်နိုင်ကြဖို့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေက နှစ်သစ်ဆုမွန်ကောင်းတောင်းကြပါတယ်။ ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲ လုံခြုံရေးအခြေအနေကြောင့် အသွားအလာတွေပိတ်ပင်ထားပြီး တင်းကျပ်တဲ့ လုံခြုံရေးတပ်တွေရဲ့ စောင့်ကြည့်မှုတွေအောက် ဒုက္ခသည်စခန်းထဲမှာပဲ နှစ်သစ်ကူး နေကြရတဲ့ ဒုက္ခသည်တွေရဲ့ မျှော်လင့်ချက် နှစ်သစ်ဆုမွန်တွေကတော့ မဆုမွန်က စုစည်းတင်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ရွေးကောက်ပွဲတွေကြောင့် ရိုဟင်ဂျာဒုက္ခသည်စခန်းတွင်း စစ်တပ်၊ ရဲနဲ့ လုံခြုံရေးအဖွဲ့တွေ တိုးချထားပြီး စခန်းတွင်း လုံခြုံရေး အထူးတင်းကြပ်စွာချထားပြီးတော့ ဒုက္ခသည်စခန်း အဝင်ထွက်၊ အရေးပေါ် အခြေအနေကလွဲရင် အသွားအလာတွေ အကုန်လုံး ပိတ်ထားတဲ့အခြေအနေမှာပဲ သိန်းချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ စခန်းတွေထဲမှာ နှစ်သစ်ကူးကို မျှော်လင့်ချက်တွေနဲ့ စောင့်ဆိုင်းနေကြပါတယ်။ ဘာသာရေးခေါင်းဆောင်တွေက ဦးဆောင်ပြီး နှစ်သစ်ဆုတောင်းနေကြသလို အပြင်ထွက်ခွင့်မရပေမဲ့လို့ စခန်းတွင်းက ဒုက္ခသည်တွေစုဝေးပြီးလည်း နှစ်သစ်ကူးဖို့ ရင်ခုန်စွာစောင့်မျှော်နေကြတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazarအနီးက ဘာလုခါလီ ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည် ကိုခင်မောင်က ရိုဟင်ဂျာဒုက္ခသည်တွေအပါအဝင် စစ်ပြေးစစ်ရှောင်နေကြရတဲ့ မြန်မာနိုင်ငံတဝှမ်းက ကချင်၊ ရှမ်းစတဲ့တိုင်းရင်းသားတွေ ၂၀၁၉မှာ မိမိတို့နေရပ်ရင်းပြန်နိုင်ပါစေကြောင်း အခုလို ဆုတောင်းပေးပါတယ်။

"ကမ္ဘာသူူ ကမ္ဘာသားနှင့်တကွ အရပ်ရပ်မှာ ရှိကြတဲ့ ရောက်နေတဲ့ ဒုက္ခသည်တွေပေါ့နော် ၊ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဒုက္ခသည်တွေပေါ့နော် ရိုဟင်ဂျာရှိတယ်၊ ရှမ်း၊ ကချင် တွေအားလုံးပေါ့နော် အဲဒါတွေအားလုံး ငြိမ်းချမ်းရေး ရဖို့အတွက် ဆုတောင်းပါတယ်။ ၂၀၁၉မှာ ကျနော်တို့ မျှော်လင့်တာက ကျနော်တို့ တောင်းဆိုထားတဲ့ အခွင့်အရေးတွေ ရရှိပြီးတော့ ကျနော်တို့ နေရပ်ရင်းကို ပြန်လည်သွားရောက်လိုတဲ့ ဆန္ဒတော့ ရှိပါတယ်ခင်ဗျ။"

အကြမ်းဖက်တိုက်ခိုက်မှုတွေအတွင်း အသက်ဆုံးသွားရသူတွေ၊ ကျန်ရစ်သူမိသားစုတွေအတွက်လည်း ၂၀၁၉မှာ တရားမျှတမှုရပါစေကြာင့် ဝိုင်းဆုတောင်းပေးနေကြပါတယ်လို့ ကိုခင်မောင်ကပြောပါတယ်။

၂၀၁၉မှာတော့ အမြန်ဆုံး အိမ်ပြန်နိုင်ဖို့မျှော်လင့်သူကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazarအနီး ကုတုပလောင် ဒုက္ခသည်စခန်းကရိုဟင်ဂျာဒုက္ခသည် ကိုမျိုးသန့်ပါ။ ဒုက္ခသည်တွေ ကြုံနေရတဲ့ အခက်အခဲတွေ အမြန်ဆုံးပြေလည်ပါစေလို့ ဆုမွန်တောင်းတယ်လို့ပြောပါတယ်။

"၂၀၁၉မှာတော့ အမြန်ဆုံးအိမ်ပြန်နိုင်ဖို့ပေါ့နော် ၊ အမြန်ဆုံးကိုယ့်နေရာကို ပြန်နိုင်ဖို့ပေါ့နော် အဲဒါအရေးကြီးပါတယ်။ နောက်တခုကတော့ ကျနော်တို့ တောင်းဆိုတဲ့ ဘေးလုံခြုံပြီးတော့ အမြန်ဆုံးကိုယ့်နေရာကို ပြန်နိုင်ဖို့ဆုတောင်းပေးပါတယ်။"

Cox’s Bazarအနီး ဘာလုခါလီ ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည်ကိုအီစလံကလည်း ၂၀၁၉မှာ ရိုဟင်ဂျာတွေအပါအဝင် ကမ္ဘာတဝှမ်းလုံးက လူသားတိုင်းလူ့အခွင့်အရေးအပြည့်အဝရပါစေကြာင်း ဆုမွန်တောင်းလိုတယ်လို့ပြောပါတယ်။

"ဟုတ်ကဲ့ပါ ကျနော်တို့က နှစ်သစ်ကူးအစမှာဆိုရင် ကျနော်တို့က ဆုတောင်းချင်တာကတော့ ကမ္ဘာမှာရှိတဲ့ လူသားတိုင်းဟာ လူ့အခွင့်အရေးအပြည့်အ၀ ရရှိရေးနဲ့ ဒုက္ခသည် အကျပ်အတည်းကို ပြေလည်စေရေးအတွက် ကျနော်တို့က ဆုတောင်းတာရှိပါတယ်။ နောက်ပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံအေးချမ်းသာရာရေးအတွက် လည်း ကျနော်တို့ ဆုတောင်းပေးကြတာရှိပါတယ်။ နှစ်သစ်ကူးအတွက်ကတော့ ကျနော်တို့ကတော့ ၂၀၁၉ ကျရင် ကျနော်တို့ နှစ်သစ်ကူးမှာ ကျနော်တို့ ရိုဟင်ဂျာ ဒုက္ခသည်များရဲ့ အရေးကိစ္စပြေလည်လာမယ်လို့ ကျနော်တို့ အများစု မျှော်လင့်ကြပါတယ်။"

၂၀၁၉မှာ ရိုဟင်ဂျာတွေကို နေရပ်ရင်းအမြန်ဆုံးပြန်ခေါ်နိုင်ဖို့ နိုင်ငံတော်သမ္မတ- နိုင်ငံတော်အတိုင်ပင်ခံ တို့ကိုလည်း ရည်စူး နှစ်သစ်ဆုတောင်းရင်း ကိုအီစလံက အခုလိုပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲက ခုနှစ်သိန်းကျော်တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက်ကတော့ လာမယ့် ၂၀၁၉မှာ မျှော်လင့်ချက်တွေ ဆုမွန်တောင်းနေမပေမဲ့လို့ သူတို့ရဲ့ အနာဂတ်က မရေရာလှတဲ့အတွက်လည်း စိုးရိမ်မှုတွေရှိနေတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG