သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်စခန်း လုံခြုံရေး တင်းကြပ်


ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပတော့မှာဖြစ်လို့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွင်း လုံခြုံရေးအထူးတင်းကြပ်စွာချထားပြီးတော့ ဒုက္ခသည်စခန်း အဝင်ထွက်၊ အရေးပေါ် အခြေအနေကလွဲရင် အသွားအလာတွေ အကုန်လုံး ပိတ်ပစ်လိုက်ပြီလို့ ရိုဟင်ဂျာ ဒုက္ခသည်တွေကပြောပါတယ်။ လတ်တလောစခန်းတွင်းမှာတော့ ကုလအသိအမှတ်ပြုကဒ်ပြားတွင်း ရိုဟင်ဂျာနာမည်ထည့်သွင်းရေး ဒုက္ခသည်တွေဘက်က တောင်းဆိုချက်တွေကို ကုလနဲ့ ရိုဟင်ဂျာခေါင်းဆောင်တွေ ညှိနှိုင်းဆောင်ရွက်နေကြပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လာမယ့် တနင်္ဂနွေနေ့ ဒီဇင်ဘာလ ၃၀ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကာလ အတွင်း Cox’s Bazar က ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကို ဒီဇင်ဘာလ ၂၆ရက်နေ့ကနေ ဇန်နဝါရီလ ၂ရက်နေ့အထိ အဝင်အထွက် ပိတ်ထားမှာ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတာဝန်ရှိသူတွေက ဒုက္ခသည်တွေကို အသံချဲ့စက်တွေနဲ့ နိုးဆော်သတိပေးနေတယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေကပြောပါတယ်။ ဒုက္ခသည်စခန်းတွင်းမှာလည်း ဘင်္ဂလားဒေ့ရှ်စစ်တပ်၊ ရဲလုံခြုံရေးတပ်တွေနဲ့ စခန်းလုံခြုံရေးအဖွဲ့တွေ အင်အားတိုး-ချထားပြီး ဒုက္ခသည်တွေကို စခန်းတွင်း အပြင်ထွက်ခွင့် ပေးမထားဘူးလို့ Cox’s Bazarအနီး ကုတုပလောင် ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည် ဦးမောင်မောင်က ပြောပြပါတယ်။

"ဒီဇင်ဘာလ ၃၀ရက်နေ့မှာ အထွေထွေရွေးကောက်ပွဲ ရှိတဲ့အတွက်ကြောင့် ကျနော်တို့ ရိုဟင်ဂျာ ဒုက္ခသည်တွေ စခန်းပေါင်း ၂၇ ခုကို သူတို့က လုံခြုံရေးတွေဘာတွေတိုးပြီးတော့ ချထားပါတယ်။ မနေ့က သူတို့စပြီးတော့ ပိတ်ဆို့နေပါတယ်ခင်ဗျ။ စခန်းတွေမှာ ကျနော်တို့အတွက် ဆန်တွေ ရိက္ခာတွေကို ပထမကြိုတင်ပေးပြီးတေ့ာ့ အပြင်ထွက်ခွင့်ပိတ်ဆို့ထားတယ်။ အခုလောလောဆည်တော့ စခန်းအပြင်ထွက်တာတွေကို ပိတ်ဆို့ထားပါတယ်။ လုံခြုံရေးကတော့ အခုလောလောဆည် စစ်တပ်လည်းရှိသေးတယ် ၊ ကျန်တဲ့အရေးပေါ် သွားရမယ့်လူတွေကတော့ သွားနိုင်တယ် ဒါပေမယ့် လောလောဆည် လုံခြုံရေးကတော့ ၃ မျိုးရှိတယ် စစ်တပ်လည်း အင်အားများတယ်။ ဒီမှာ အထူးတပ်ဖွဲ့တွေလည်းရှိသေးတယ် ၊ နောက်တခါ ပြည်သူ့စစ်တွေလည်းရှိတယ်။ သူတို့က ဘယ်ကိုမှ လုံးဝ သွားလို့မရဘူးလို့ ကန့်သတ်ထားပါတယ်။"

ရွေးကောက်ပွဲ ကာလအတွင်း Cox’s Bazar ရှိ အာဏာပိုင်တွေ အနေနဲ့ ဒုက္ခသည်တွေကို ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုမှာ အသုံးချ မခံရအောင် ဟန့်တားပေးဖို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များ ဆိုင်ရာ မင်းကြီး Mohamad Abdu Khalam က အမိန့်ပေးထားသလို ဒုက္ခသည်တွေအနေနဲ့ ရွေးကောက်ပွဲ လှုပ်ရှားမှု စည်းရုံးဟောပြောမှု မလုပ်ကြဖို့လည်း စခန်းတာဝန်ခံတွေက တင်းတင်းကြပ်ကြပ် တားမြစ်ထားတယ်လို့ ဘာလုခါလီဒုက္ခသည်စခန်းနေ ဦးအီစလံကပြောပါတယ်။

"ကျနော်တို့ ရိုဟင်ဂျာ ဒုက္ခသည်တွေက သူတို့နဲ့ ဘာမှ ပါဝင်ပတ်သက်မှုမရှိအောင် နောက်ပြီးရွေးကောက်ပွဲကာလမှာ အနှောင့်အယှက်မဖြစ်စေအောင် ၊ နောက်ပြီး ဒီကလူတွေက အဲဒီမှာ မဲတွေ ပါဝင်မပတ်သက်အောင်ဆိုပြီးတော့ အာဏာပိုင်အဖွဲ့အစည်းတွေက တားမြစ်ထားပါတယ် ကျနော်တို့ ဒုက္ခသည်စခန်း အပြင်ထွက်ခွင့် အဝင်အထွက်ကတော့ လောလောဆည်ပိတ်ထားပါတယ်။ လာမယ့် ၂၀၁၉ ဇန်နဝါရီလ ၂ ရက်နေ့အထိကတော့ ဒုက္ခသည်စခန်း အပြင်နဲ့ အဝင်အထွက် ပိတ်ဆို့ စစ်ဆေးနေပါတယ်။"

စခန်းတွင်း အသွားအလာတွေပိတ်ပင်ထားတဲ့ ဒီရက်ပိုင်းအတွင်း လတ်တလောမှာတော့ ဒုက္ခသည်တွေအတွက် ဆောင်ရွက်ပေးနေတဲ့ ကုလသမဂ္ဂအသိအမှတ်ပြု UN ကဒ်ပြားတွင်း ရိုဟင်ဂျာဆိုတဲ့ အမည်ထည့်သွင်းနိုင်ရေး ဒုက္ခသည်တွေဘက်က တောင်းဆိုဆွေးနွေးနေကြတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေကပြောပါတယ်။

"စမတ်ကဒ် ကိစ္စနဲ့ ကျနော်တို့ ဒုက္ခသည်များဆိုင်ရာ အရေးအတွက်ပေါ့၊ သူက ဒီ စမတ်ကဒ် ကိစ္စနဲ့ ကျနော်တို့ ရိုဟင်ဂျာဒုက္ခသည်တွေကို ခေါ်ပြီးတော့ ပြီးခဲ့တဲ့ ရက်ပိုင်း မှာ ဆွေးနွေးတာတွေ့ခဲ့တာရှိပါတယ်။ ဒါပေမယ့် တဖက်နဲ့ တဖက်ကတော့ အစီအစဉ်နဲ့ အလားအလာကတော့ ရှိပါတယ်။ အဲဒီ စမတ်ကဒ်မှာ ကျနော်တို့ လူမျိုးအမည်ကို သူတို့က မရေးသေးဘူးခင်ဗျ၊ အခုက သူတို့နဲ့ ကျနော်တို့နဲ့ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး UNHCR နဲ့ ကျနော်တို့ ပြေလည်နေတဲ့အခြေအနေမှာ ရှိနေပါတယ်။"

အခုလိုစခန်းတွင်း အဝင်အထွက်ပိတ်တဲ့လုံခြုံရေးအစီအစဉ်အရ ပိတ်ဆို့မှု အတွင်း NGO အမှုထမ်းတွေ အနေနဲ့လည်း အရေးပေါ် ကိစ္စ မဟုတ်ရင် စခန်းထဲ သွားရောက်ခွင့် ရှိမှာမဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များ ဆိုင်ရာ မင်းကြီး က သတိပေးပြောဆိုထားပါတယ်။

စခန်းတဝိုက်မှာ လမ်းပိတ်ဆို့မှုတွေ ကို အထူးလုပ်ဆောင်မှာ ဖြစ်ကြောင်း ရဲက ပြောပါတယ်။ ဒါ့အပြင် နယ်ခြားစောင့် တပ်တွေနဲ့ ဒေသခံရဲ ၄၅၀ ကျော်ကိုလည်း စခန်းမှာ စေလွှတ်ချထားမှာ ဖြစ်ကြောင်း ပြောခွင့်ရက ပြောပါတယ်။ စခန်းတွင်း ကူညီကယ်ဆယ်ရေးရုံးခန်းတွေ ပိတ်ထားတဲ့အတွက် အရေးပေါ်အခြေအနေဖြစ်လာရင်တော့ အခက်အခဲရှိနိုင်တယ်လို့ ရိုဟင်ဂျာဒုက္ခသည်ဦးအီစလံက ပြောပါတယ်။

"အခုက ရွေးကောက်ပွဲကာလဆိုတော့ ဒီရက်ပိုင်းကစလို့ ဒီလ ၂၆ ကနေ လာမယ့် ဇန်နဝါရီ ၂ ရက်နေ့အထိကတော့ သွားလာခွင့်ပိတ်ပင်ထားတာ ။ ဒီရွေးကောက်ပွဲကာလအတွက် အကုန်လုံး NGO အဖွဲ့အစည်းရော ၊ကုလသမဂ္ဂ အဖွဲ့အစည်းရော လုပ်ငန်းပိုင်းတွေကတော့ အကုန်လုံးပိတ်ပင်ထားပါတယ်။ နောက်ကျန်းမာရေးပိုင်းဆိုရင် ဒီမှာ ဒုက္ခသည်တွေက အရေးပေါ်လူနာတွေဘာတွေဆိုရင် အခက်အခဲရင်ဆိုင်နေရမယ့် အခြေအနေရှိပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီမှာ ဆေးခန်းတွေဘာတွေလည်း အကုန်လုံးပိတ်ထားတာကြောင့် ဒုက္ခသည်တွေထဲက အရေးပေါ်လူနာတွေဘာတွေဆိုရင် အခက်အခဲဖြစ်မယ့် အခြေအနေရှိပါတယ်။"

ရွေးကောက်ပွဲ အတွင်း အကြမ်းဖက်မှုများ ဖြစ်ပွါးမှာ စိုးရိမ်တဲ့အတွက် စစ်သားပေါင်း ထောင်နဲ့ ချီပြီး နိုင်ငံတဝှမ်း စေလွှတ် ချထားပါတယ်။ လက်ရှိချထားပြီး ပြည်သူ့စစ် ၂ သောင်းနဲ့အတူ နောက်ထပ် စစ်သား ၃ သောင်း ချထားဖို့ စီစဉ်ထားပါတယ်။ လတ်တလောမှာတော့ ဘင်္ဂလားဒေ့ရှ် အတိုက်အခံ BNP ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီက ကိုယ်စားလှယ် အနည်းဆုံး ၁၅၀ အတိုက်ခိုက် ခံခဲ့ရပြီး ရွေးကောက်ပွဲမဲဆွယ်လှုပ်ရှားမှု အတွင်း အကြမ်းဖက်မှုကြောင့် လူအနည်းဆုံး ၆ ဦး သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်စခန်း လုံခြုံရေး တင်းကြပ်
please wait

No media source currently available

0:00 0:04:56 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG