သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည် ၂ သောင်းကျော် စာရင်း ဘင်္ဂလားဒေ့ရ်ှ ပေးပို့


ရခိုင်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ် အကြမ်းဖက်မှုတွေဖြစ်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ဘက် ထွက်ပြေးသွားတဲ့ သိန်းနဲ့ချီဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် ဒုက္ခသည် ၂ သောင်းကျော် စာရင်းကို ဘင်္ဂလားဒေ့ရ်ှ ဖက်က မြန်မာနိုင်ငံကို ပေးပို့ ထားပြီး မြန်မာနိုင်ငံ ဖက်ကဒါကို စီစစ်နေပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲ ဒုက္ခသည် ပထမဆုံး အသုတ်ကို ပြန်လည် လက်ခံဖို့ မြန်မာဖက်က ပြင်ဆင်ခဲ့တာ မအောင် မမြင်ဖြစ်ခဲ့ပေမယ့်၊ ဒုက္ခသည်စီစစ်ရေးနဲ့ ပြန်လည် လက်ခံရေးကိစ္စတွေကို ဆက်ဆောင်ရွက်မယ်လို့ မြန်မာအာဏာပိုင်တွေဖက်ကတော့ ပြောထားပါတယ်။ ဗွီအိုအေ သတင်းထောက် မမေခ စုံစမ်း မေးမြန်း သတင်းပေးပို့ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်က အခုပေးပို့ထားတဲ့ လူ ၂ သောင်းကျော် စာရင်းထဲက အယောက် ၁၀၀၀ ကျော်ကို စိစစ်ပြီးပြီလို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စေ့စပ်ဆွေးနွေးရေးဌာန ညွှန်ကြားရေးမှုးချုပ် ဦးချမ်းအေးက ဗွီအိုအေကိုပြောပါတယ်။

အခုထပ်မံပေးပို့တာမှာလည်း ပထမအကြိမ်တုန်းကလိုပဲ နှစ်နိုင်ငံ သဘောတူထားတဲ့အချက်တွေ ပါမလာတာနဲ့ ပတ်သက်ပြီး ဦးချမ်းအေးက အခုလိုပြောပါတယ်။

"ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်က အမြဲတမ်းအတွင်းဝန်သွားခဲ့တဲ့ ခရီးစဉ်မှာ ဒီအချက်အလက် တွေကိုပေးခဲ့တာပါ။ ၂သောင်း ၂ထောင်ပေးခဲ့တာ။ ဒါကနောက်ပေးခဲ့တာ။ ပထမဆုံးဟိုးအရင်က ၈၀၀၀ကျော်က တခုပေးထားတာ ခုကနောက်ထပ်အသစ် ၂သောင်း၂ထောင်ကျော်ထပ်ပေးတာ။ အဲမှာ ကျနော်တို့ဘက်က ၁၀၀၀ကျော်လောက်ကို စိစစ်ထားတယ်။ သူတို့ပို့လာတဲ့ ၂သောင်းကျော်မှာ ကျနော်တို့နှစ်နိုင်ငံသဘောတူတုန်းက လက်ခံထားတဲ့ ဖောင်တွေမဟုတ်ဘူး။ အချက် ၂ချက်ဖြတ်ထားတယ်။ ပထမက မိမိသဘောဆန္ဒ အလျောက်ပြန်လာတာဖြစ်ကြောင်းနဲ့ ပြန်ရောက်လာရင် ဒီမြန်မာနိုင်ငံ တည်ဆဲဥပဒေကို လိုက်နာမယ်ဆိုတဲ့ အချက်မပါဘူး။ မပါတဲ့ဟာကို ဒီနိုင်ငံက ဘင်္ဂလားဒေရှ်သံအမတ် ကို ဖြေရှင်းချက်တောင်းထားတယ်"

ဒုက္ခသည် နေရပ်ရင်း ပြန်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၂ နိုင်ငံကြား နားလည်မှုစာချွန်လွှာ ချုုပ်ဆိုခဲ့တာ အခုဆို တနှစ်နီးပါး ရှိတော့မှာဖြစ်ပေမယ့် ခုချိန်ထိ မစနိုင်သေးပါဘူး။ ပြီးခဲ့တဲ့ ပထမအကြိမ် ပေးပို့တုန်းကလည်း ၂ နိုင်ငံ ညှိုနှိုင်းထားတဲ့ ပြန်လက်ခံရေးမှာ ဖြည့် စွက်ရမယ့် အချက်အလက် တချို့ကို ဘင်္ဂလားဒေရှ့်ဘက်က ဖြည့်စွက်ပေးခဲ့တာမရှိ တာကြောင့် ဒုက္ခသည် လက်ခံရေး အစီအစဉ် နှောင့်နှေးနေ တယ်ဆိုပြီး မြန်မာအစိုးရဘက်က ပြောဆိုထားဖူးပါတယ်။

ပြီးခဲ့တဲ့လတုန်းက ပထမအကြိမ် ပေးပို့လာတဲ့ အထဲက စိစစ်ပြီးသူတွေကို ပြန်လက်ခံဖို့ လုပ်ခဲ့ပေမယ့် တယောက်မှ ပြန်မလာခဲ့ပါဘူး။ ဒီလုပ်ငန်းစဉ်က ခုခဏရပ်ထားရပါတယ်။ ပထမအကြိမ် စိစစ်ပြီးသူတွေကို ပြန်လည်လက်ခံမယ့် အစီအစဉ်နဲ့ ပတ်သက်လို့ ဦးချမ်းအေးက

"သူတို့ဘက်က ရွေးကောက်ပွဲ ပြီးမှ ပြန်စမယ်ပြောထားတယ်။ ရွေးကောက်ပွဲက ဒီလ ကုန်လုပ်မှာ။ သူတို့ရွေးကောက်ပွဲပြီးမှ ဘဲသိရမယ်"

အခုနောက်ဆုံးပေးပို့တာမှာ လိုအပ်နေတဲ့ အချက်တွေနဲ့ ပတ်သတ်လို့ သက်ဆိုင်ရာ နိုင်ငံဘက်ကို အကြောင်းကြားထားပြီးဖြစ်ပေမယ့် လိုအပ်နေတဲ့ အချက်တွေအတွက် ထပ်မံပေးပို့လာတာမရှိသလို ဘာကြောင့် မပါဝင်ခဲ့တာလဲ ဆိုတဲ့ ဖြေရှင်းချက်တောင်း ထားတဲ့ အပေါ်မှာလည်း ဘင်္ဂလားဒေရှ့် ဘက်က ပြန်ပြောထားခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ရိုဟင်ဂျာလို့ ခေါ်ပေမယ့် မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတာ မြန်မာပြည်မှာ မရှိတဲ့ အကြောင်း ငြင်းဆိုထားပါတယ်။

ဒုက္ခသည်တွေ ဌာနေပြန်နိုင်ရေးအတွက် မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့အပြင် ကုလသမဂ္ဂအဖွဲ့ ၂ ခုဖြစ်တဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးး UNHCR နဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP တို့နဲ့လည်း မြန်မာအစိုးရ က နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားပါတယ်။ ဒီ ကုလအဖွဲ့ ၂ ဖွဲ့က တာဝန်ရှိသူတွေဟာ ဘူးသီးတောင်နဲ့ မောင်တောက ကျေးရွာ (၂၃) ရွာကို စက်တင်ဘာလမှာ တကြိမ်၊ အောက်တိုဘာလဆန်းမှာ တကြိမ် သွားရောက် လေ့လာ ခဲ့ကြပါတယ်။ ဒုက္ခသည်တွေနေရပ် ပြန်ရေး လွယ်ကူအဆင်ပြေစေဖို့၊ ပြန်လာရင် ဝင်ငွေရအောင် အလုပ်စီစဉ် ပေးတာနဲ့ ရောက်ရောက်ချင်း အစားအသောက် အနေအထိုင် အသွားအလာ အဆင်ပြေအောင် အားလုံး အသင့်စီစဉ်ထားတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနက VOA ကို ပြောဆိုထားပါတယ်။ ဒါပေမယ့်လည်း ဒုက္ခသည် လက်ခံရေးအစီအစဉ် အရ ပထမအကြိမ် လက်ခံဖို့ ဆောင်ရွက်တာက မအောင်မြင်ခဲ့သလို ဘယ်တော့ပြန်စ တင်နိုင်မလဲဆိုတာ မသိရသေးပါဘူး။

ရိုဟင်ဂျာဒုက္ခသည်တွေကို စီစစ်လက်ခံသွားဖို့ မြန်မာအစိုးရက ဘင်္ဂလားဒေ့ရ်ှနိုင်ငံနဲ့ရော ကုလသမဂ္ဂ နဲ့ပါ သဘောတူစာချုပ်တွေ ထိုးခဲ့ပေမယ့် နိုဝင်ဘာလ ပြန်လည် လက်ခံရေး အစီအစဉ်မှာတော့ မြန်မာဖက်က ကုလသမဂ္ဂနဲ့ ညှိုနှိုင်းမှု မရှိသလို ကုလသမဂ္ဂဖက် ကလည်း ဒုက္ခသည်တွေနေရပ်ပြန်ရေးမဖြစ်နိုင်သေးဘူးလို့ အဲဒီတုန်းက မှတ်ချက်ပေးခဲ့ ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG