သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံသားဖြစ်ခွင့် နဲ့ မဲဆန္ဒပေးခွင့်ပြုဖို့ အကြံပြုထားတဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက် ရိုဟင်ဂျာအဖွဲ့တွေ ကြိုဆို


Her Excellency Vesna Batistic Kos Ambassador of Croatia to the UN
Her Excellency Vesna Batistic Kos Ambassador of Croatia to the UN

Zawgyi/ Unicode

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ မှာပြုလုပ်နေတဲ့ ၄၃ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံရဲ့ တနင်္လာနေ့က မြန်မာ့အရေး ဆုံးဖြတ်ချက်မှာ ရိုဟင်ဂျာတွေကို အပြည့်အဝနိုင်ငံသားဖြစ်ခွင့်ပြုဖို့နဲ့ မဲဆန္ဒပေးခွင့် ပြုဖို့ ထည့်သွင်းဖေါ်ပြထားတာဟာ အရေးကြီးတယ်လို့ မြင်ကြောင်း ရိုဟင်ဂျာအရေး ဦးဆောင်လှုပ်ရှားနေသူ ဒေါက်တာ Wakar Uddin က ဗွီအိုအေကိုပြောပါတယ်။

ဒီဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း အမေရိကန်အခြေစိုက် Arakan Rohingya Union၊ US Council of Muslim Organization နဲ့ ဥရောပ အခြေစိုက် Rohingya Council သုံးဖွဲ့ ပူးပေါင်းပြီး ဗုဒ္ဓဟူးနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မအင်ကြင်းနိုင်က ဒေါက်တာ Wakar Uddin ကို ဆက်သွယ်မေးမြန်းထားပါတယ်။

လူ့အခွင့်အရေးကောင်စီရဲ့ ဒီနှစ် မြန်မာ့အရေး ဆုံးဖြတ်ချက်မှာ ရခိုင်နဲ့ချင်းပြည်နယ်က တိုက်ပွဲတွေအကြောင်း မီးမှောင်ထိုးပြထားသလို၊ ရိုဟင်ဂျာ အကြပ်အတည်း ဖြေရှင်းရေး အသေးစိတ် အချက်အလက်တွေအပါအဝင် အချက်ပေါင်း ၄၀ ထည့်သွင်းထားတာဟာ ဒီနှစ်ဆုံးဖြတ်ချက်ရဲ့ ထူးခြားချက် ဖြစ်တယ်လို့ Arakan Rohingya Union ဥက္ကဌ ဒေါက်တာ Wakar Uddin က ဗွီအိုအေကို ပြောပါတယ်။

" ဒီနှစ် လူ့အခွင့်အရေး ကောင်စီဆုံးဖြတ်ချက်က တခြားနှစ်တွေ ထက် ပိုကောင်းပါတယ်။ အချက်ပေါင်း (၄၀) အသေးစိတ်ရေးထားပါတယ်။ ရိုဟင်ဂျာတွေကို ဒေသခံတိုင်းရင်းသား အဖြစ် အရင်တုန်းက ရှိခဲ့သလိုမျိုး ပြန်ပေးဖို့၊ naturalization လည်းမဟုတ်ဘူး။ NVC လည်းမဟုတ်ဘူး။ ဒေသခံတိုင်းရင်းသား အရင်က သုံးခေါက်ချိုး မှတ်ပုံတင်ရှိခဲ့သလိုမျိုး အဲဒါကို ဆုံးဖြတ်ချက်မှာ အကျယ်တဝန့်ရေးထားပါတယ်။ နောက်တချက်က ရိုဟင်ဂျာတွေ မဲဆန္ဒ ပေးပိုင်ခွင့် ပြုဖို့အတွက်၊ အရင်က ကျနော်တို့ ရိုဟင်ဂျာတွေ နှစ်ပေါင်းများစွာ မဲပေးခွင့်ရခဲ့ပါတယ်။ အခုတော့ မဲပေးခွင့် မပေးတော့ပါဘူး။ အစိုးရက အဲဒါကို ရုပ်သိမ်းထားပါတယ်။ အဲဒါကို ပြန်ပေးဖို့အတွက် ဆုံးဖြတ်ချက်ထဲမှာ ထည့်ထားပါတယ်။ အဲဒီအချက်ဟာ အရမ်းအရေးကြီးပါတယ်။ ဒေသခံ တိုင်းရင်းသားအဖြစ် သတ်မှတ်ဖို့နဲ့ မဲဆန္ဒပေးခွင့် ပြုဖို့ အချက်တွေကို ထည့်ထားပါတယ်။ နောက် အရေးကြီးတဲ့ အချက်က ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စပါ။ အခုကျနော်တို့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်မှာ ၁.၅ သန်းလောက်ရှိနေပါတယ်။ အခြားနိုင်ငံတွေမှာလည်း ရှိနေပါတယ်။ သူတို့ နေရပ်ပြန်သွားဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရကြား ၂၀၁၇ခုနှစ်က သဘောတူညီမှု ယူခဲ့ပါတယ်။ ဒါပေမယ့် မူရင်းဒေသပြန်သွားဖို့ အခြေအနေ မရှိသေးပါဘူး။ အဲဒီအခြေအနေကိုလည်း ဆုံးဖြတ်ချက်ထဲမှာ ရေးထားပါတယ်။"

အင်ကြင်းနိုင်။ ။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ထဲမှာ မြန်မာကို ICJ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှု စွဲချက်နဲ့ တရားစွဲထားတာကို ကြိုဆိုတယ်လို့ ဖေါ်ပြထားတာတွေ့ရပါတယ်။ အဲဒီအချက်က မြန်မာအစိုးရ အမြဲတမ်းပြောနေသလိုမျိုး ကုလသမဂ္ဂဘက်က ဘက်လိုက်တယ်ဆိုတာမျိုး ဖြစ်မနေဘူးလား။

ဒေါက်တာ Wakar Uddin ။ ။ မြန်မာအစိုးရကတော့ ပြောမှာပဲ။ မြန်မာစစ်တပ်က ကျူးလွန်တဲ့ crime (ရာဇဝတ်မှု)ပါ။ အသေးစိတ် အထောက်အထားတွေရှိပါတယ်။ အချက်အလက် အားလုံးရှိပါတယ်။ ဘက်လိုက်စရာ မရှိပါဘူး။ ဒီဆုံးဖြတ်ချက်မှာ ပါနေတဲ့ အချက် (၄၀)လုံး ကြည့်ရင် မမှန်တဲ့ အချက် တခုမှ မရှိဘူး။ လူ့အခွင့်အရေးကောင်စီက အမှန်ကိုပြောတာဖြစ်ပါတယ်။

အင်ကြင်းနိုင်။ ။ အခု ရိုဟင်ဂျာလှေစီးဒုက္ခသည်တွေ ကိစ္စမှာ အင်ဒိုနီးရှားနိုင်ငံဘက် ပင်လယ်မှာ လူပေါင်း ၁၀၀ လောက်လိုက်ပါလာတဲ့ လှေတစီး မျောနေတာ၊ ကမ်းကပ်ခွင့် စောင့်နေတာ၊ လွန်ခဲ့တဲ့ သီတင်းပတ်တွေတုန်းကလည်း မလေးရှား ပင်လယ်မှာ ရိုဟင်ဂျာ လှေတစီး မျောနေတာတွေရှိနေပါတယ်။ နိုင်ငံတကာအနေနဲ့ ဒီပင်လယ်မှာ မျောနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဘာမှ မလုပ်ပေးနိုင်ဘူးလား။

ဒေါက်တာ Wakar Uddin ။ ။ ပြဿနာက ဒီလိုပါ။ မလေးရှားနဲ့ အင်ဒိုနီးရှားမှာ ရိုဟင်ဂျာတွေရှိနေပါတယ်။ မလေးရှားမှာဆိုရင် ကျနော်သိသလောက် ရိုဟင်ဂျာ တသိန်းကျော်ရှိနေပါတယ်။ အင်ဒိုနီးရှားမှာလည်း အများကြီးရှိနေပါတယ်။ အင်ဒိုနီးရှားနဲ့ မလေးရှားက ရိုဟင်ဂျာတွေကို အကာအကွယ်ပေး စောင့်ရှောက်နေပါတယ်။ အခု စက်လှေပေါ်ကနေ တက်ခွင့်မပေးတဲ့ကိစ္စမှာ အဲဒီအစိုးရတွေ ပြောတဲ့ သူတို့ပြဿနာက ဒီလူတွေကို တက်ခွင့်ပေးရင် နောက်ထပ် အများကြီးလာမယ်။ အဲတော့ ဘင်္ဂလားဒေ့ရှ်စခန်းတွေက ဒုက္ခသည်တွေပဲဖြစ်ဖြစ်၊ ရခိုင်ပြည်က ဒုက္ခသည်တွေပဲဖြစ်ဖြစ် အားလုံး ကိုယ်နေရပ်ရင်း ပြန်ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ လူသားချင်းစာနာမှုအရ သူတို့ကို ကူညီ ကယ်ဆယ်သင့်ပါတယ်။ သူတို့ကို အဲဒီအစိုးရတွေက လက်ခံသင့်တယ်ဆိုပေမဲ့ နေရပ်ရင်းနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံက သူတို့ကို ပြန်လက်ခံဖို့ လိုပါတယ်။ ဘာလို့လည်းဆိုတော့ မလေးရှား၊ အင်ဒိုနီးရှားက ကျနော်တို့ရဲ့ နိုင်ငံမဟုတ်ပါဘူး။

ရိုဟင်ဂျာအသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ မြန်မာ့အရေးဆုံးဖြတ်ချက်ကို လက်မခံ ပယ်ချထားပါတယ်။


------------------------












XS
SM
MD
LG