သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး စိတ်ရင်းမှန်နဲ့ ဖြေရှင်းဖို့ Jolie တိုက်တွန်း


ရခိုင်ပြည်နယ်ထဲမှာဖြစ်နေတဲ့ ရက်စက်မှုတွေအဆုံးသတ်စေဖို့နဲ့ လူမှုအသိုင်း အဝိုင်းအားလုံးရဲ့အခြေအနေတိုးတက်စေဖို့ မြန်မာအစိုးရအနေနဲ့ စိတ်ရင်းအမှန်နဲ့ ထိထိရောက်ရောက်ဆောင်ရွက်ဖို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအထူးသံတမန် Angelina Jolie ကတိုက်တွန်းလိုက်ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေ ခုလိုအခြေအနေရောက်ရတာက ကြိုတင် ကာကွယ်နိုင်ရက်နဲ့ မကာကွယ်နိုင် ခဲ့တာကြောင့်ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာခဲ့တဲ့ Angelina Jolie ကပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

ရိုဟင်ဂျာဒုက္ခသည်အရေးအတွက် February လ ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ Bangladesh နိုင်ငံကိုသွားရောက်တဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များမဟာမင်းကြီးရုံး အထူးသံတမန် Hollywood အကျော်အမော် Angelina Jolie ဟာ ဗုဒ္ဓဟူးနေ့က Bangladesh နိုင်ငံခြားရေးရုံးမှာ နိုင်ငံခြားရေးဝန်ကြီး M Shahidul Haque အကြီးတန်းသံတမန် AK Abdul Momen တို့နဲ့ တွေ့ဆုံပြီး ဒုက္ခသည်တွေ အကူအညီပေးရေးဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။ ဝန်ကြီးချုပ် Sheikh Hasina နဲ့လည်း ဒီညတေ့ွဆုံဖို့ အစီအစဉ်ရှိပါတယ်။

February လ ၅ ရက်နေ့တုန်းကတော့ Cox’s Bazaar မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာခဲ့သလို ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တေ့ွဆုံခဲ့ပါတယ်။ 1990 ပြည့်နှစ်ပိုင်းတွေထဲ မြန်မာနိုင်ငံဖက်ကနေရောက်နေတဲ့ ဒုက္ခသည်တွေနဲ့ ၂၀၁၇ သြဂုတ်လနောက်ပိုင်း ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်ရောက်နေတဲ့ ဒုက္ခသည်အရေအတွက်က မြန်မာနိုင်ငံထဲမှာထက် ၂ ဆကျော်ပိုများနေတယ်လို့ UNHCR ရဲ့ထုတ်ပြန်ချက်မှာ Angelina Jolie ကပြောကြားခဲ့ပါတယ်။

ကျွဲနွားတွေလို ဆက်ဆံခံရတယ်လို့ဆိုတဲ့ ဘဝတသက်လုံး နိုင်ငံမဲ့ဖြစ်နေကြတဲ့ မိသားစုတွေနဲ့တွေ့ရတာ အင်မတန်စိတ်ထိခိုက်ရတယ်လို့ ဖော်ပြထားပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေအနေနဲ့ နေအိမ်ပြန်ခွင့် အပြည့်အဝရှိပေမဲ့ သူတို့အတွက် လုံခြုံတယ်လို့ ခံစားရတော့မှ သူတို့သဘောနဲ့သူတို့ ပြန်သင့်တယ်လို့ ဒုက္ခသည်များဆိုင်ရာ အထူးသံတမန် Angelina Jolie က ပြောပါတယ်။ Bangladesh ဒုက္ခသည်စခန်းတွေမှာ သူနဲ့တွေ့ဆုံခဲ့ကြတဲ့ ဒုက္ခသည်တချို့ကလည်း ငြိမ်းချမ်း၊ လုံခြုံမှုရှိမှ ပြန်ချင်တယ်လို့ ပြောကြပါတယ်။

"တရားမျှတမှု သေသေချာချာမရှိသရွေ့ မြန်မာနိုင်ငံကို မပြန်နိုင်ပါဘူး။ ကျွန်မတို့ ဒီမှာပဲ အသေခံလိုက်ပါ့မယ်။"

"ကျွန်တော် ၁၀ နှစ်သားလောက်ထဲက တခါမှ ငြိမ်းငြိမ်းချမ်းချမ်း မရှိပါဘူး။"

ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ်ကို ပြန်နိုင်ရေးက မြန်မာအစိုးရနဲ့ အာဏာပိုင်တွေပေါ်မှာ အပြည့်အဝ မူတည်နေတယ်လို့ Angelina Jolie ကပြောပါတယ်။

"အကြမ်းဖက်မှုတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့အခြေအနေတွေ အဆုံးသပ်သွားအောင်နဲ့ ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ ရိုဟင်ဂျာတွေအပါအဝ်င လူမှုအသိုင်းအဝိုင်းအားလုံးရဲ့ အခြေအနေတိုးတက်အောင် စေတနာအမှန်နဲ့ ထိထိရောက်ရောက်လုပ်ဖို့ မြန်မာအစိုးရကို တိုက်တွန်းပါတယ်။ လုပ်တဲ့အခါမှာလည်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က အကြံပြုထားတဲ့အတိုင်းဆောင်ရွက်ဖို့နဲ့ UNHCR အပြင်တခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။"

ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ အထူးသံတမန်ရဲ့ကြေညာချက်မှာ ဒုက္ခသည်တွေ ဒီနေ့အထိ Bangladesh ဖက်ရောက်နေတုန်းပဲလို့ ဖော်ပြထားပါတယ်။ 2017 August လမှာ ရခိုင်နယ်စပ်လုံခြုံရေးကင်းစခန်းတွေတိုက်ခိုက်ခံရပြီးနောက် နယ်မြေရှင်းလင်းမှုတွေအတွင်း ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့တယ်လို့ဆိုပြီး Bangladesh နိုင်ငံဖက် အလုံးအရင်းနဲ့ ထွက်ပြေးခဲ့ကြတာပါ။ လူ့အခွင့်အရေး ကျူးလွန်ခဲ့သူတွေကို အရေးယူနိုင်ဖို့ လိုတယ်လို့ အထူးသံတမန် Angelina Jolie ကခုလိုပြောပါတယ်။

"လူမှုအသိုင်းအဝိုင်းထဲမှာ အားအနည်းဆုံးသူတွေအပေါ် ဘယ်လိုပြုမူဆက်ဆံသလဲ၊ အားနည်းသူတွေအပေါ်ကျူးလွန်တဲ့ ကြမ်းကြုတ်၊ ရက်စက်မှုတွေကို ထုတ်ဖော် ရပ်တည်သူတွေကို ဘယ်လိုပြုမူတုံ့ပြန်သလဲ ဆိုတာတွေနဲ့ အစိုးရတွေရဲ့ဆောင်ရွက်ချက်ကို ဆန်းစစ်တိုင်းတာပါတယ်။ လူ့အခွင့်အရေးကျူးလွန်သူတွေအနေနဲ့လည်း သူတို့ကျူးလွန်ခဲ့မှုတွေအတွက် တာဝန်ခံဖို့လိုအပ်ပါတယ်။"

Bangladesh နိုင်ငံမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ လူ့ဂုဏ်သိက္ခာရှိရှိ ခိုလှုံနိုင်ဖို့ အားလုံးကူညီဖို့လိုအပ်တယ်ဆိုတာကိုလည်း ဒုက္ခသည်စခန်းတွေကို သွားလေ့လာတဲ့ ခရီးစဉ်မှာ Angelina Jolie ကပြောပါတယ်။ ဒုက္ခသည်ကလေးတွေ ပညာသင်ကြားနိုင်ရေး စိန်ခေါ်မှုတွေ ရှိနေတာကိုလည်း ကြေညာချက်ထဲမှာ ခုလိုပြောထားပါတယ်။

" ရိုဟင်ဂျာကလေးငယ်တွေ သူတို့ရဲ့အနာဂါတ်မှာ ဘာလုပ်ချင်တယ်ဆိုတာ ပြတ်ပြတ်သားသားသိမြင်နိုင်အောင် တရားဝင်အသိအမှတ်ပြုခံရတဲ့ ပညာရေးမျိုး သူတို့ရအောင် ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာကို အခုခရီးစဉ်ကနေ လာကြည့်တာပါ။ အခြေအနေပေးမယ်ဆိုရင် မြန်မာနိုင်ငံမှာ သူတို့ရဲ့အသိုင်းအဝိုင်းကို ပြန်လည် တည်ဆောက်နိုင်ဖို့ဖြစ်ပါတယ်။"

ကမ္ဘာပေါ်မှာ နေရပ်စွန့်ခွာထွက်ပြေးသူတွေ အများဆုံးလို့ပြောနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်ပြဿနာဟာ မဖြစ်လာခင်ထဲက ကြိုတင် မတားဆီးနိုင်ခဲ့လို့ဖြစ်တယ်ဆိုတာကိုလည်း Bangladesh နိုင်ငံခရီးစဉ်မှာ ဒုက္ခသည် အထူးသံတမန် Angelia Jolie က ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တေ့ွဆုံးအပြီးမှာ ပြောသွားပါတယ်။

" ဒီလိုဖြစ်လာမယ်လို့ ကြိုတင်သတိပေးမှု မရှိဘူးလို့ မပြောနိုင်တာက ကြေကွဲစရာအကောင်းဆုံးဖြစ်ပါတယ်။ နှစ်ပေါင်း ၄၀ လောက် နှိပ်ကွပ်မှုတွေ၊ နှိမ်ချ ခွဲခြားဆက်ဆံမှုတွေကို ဟိုးအရင်ထဲက မဖြေရှင်းခဲ့လို့ ဒီအခြေအနေရောက်ရတာပါ။"

Bangladesh မှာရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည် စုစုပေါင်း ၁ သန်းနီးပါးအပါအဝင် ကမ္ဘာတဝန်းမှာ နေရပ်စွပ်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည် ၆၈ သန်းလောက်က ပဋိပက္ခတွေကို စုပေါင်း ကြိုတင် မကာကွယ်နိုင်ခဲ့လို့ဖြစ်တယ်ဆိုတာကိုလည်း ထောက်ပြပါတယ်။

ဒါပေမဲ့ ကြီးကျယ်တဲ့ လူသားချင်းဆိုင်ရာ နောက်ဆက်တွဲပြဿနာတွေကို ကိုင်တွယ်စီမံခန့်ခွဲနိုင်ဖို့ အားလုံးကြိုးစားကြရမယ်လို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အထူးသံတမန် Hollywood အကျော်အမော် Angelina Jolie ကပြောကြားခဲ့ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ဒုက္ခသည်တွေ ပြန်လာနိုင်ရေးအတွက် အားထုတ်လုပ်နေသလို၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောကြားထားပါတယ်။ ရိုဟင်ဂျာဒုက္ခသည်အရေးအတွက် ထောက်ပံ့ငွေ ဒေါ်လာ သန်း ၉၀၀ ကျော် ကုလသမဂ္ဂက တောင်းခံထားချိန်မှာ အထူးသံတမန် Angelina Jolie ဘင်္ဂလားဒေ့ရှ် နိုင်ငံကို သွားရောက်တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG