သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး မြန်မာကို ကန် ဆက်လက်ဖိအားပေးသွားမည်


ဘင်္ဂလားဒေ့ရှ် ကော့ဇ်ဘဇားမြို့ ဒုက္ခသည်စခန်းတခုအတွင်းမှ ရိုဟင်ဂျာများ။ (သြဂုတ် ၂၂၊ ၂၀၁၉)
ဘင်္ဂလားဒေ့ရှ် ကော့ဇ်ဘဇားမြို့ ဒုက္ခသည်စခန်းတခုအတွင်းမှ ရိုဟင်ဂျာများ။ (သြဂုတ် ၂၂၊ ၂၀၁၉)

ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံမှုရှိရှိ ဂုဏ်သိက္ခာနဲ့အညီ ဆန္ဒအလျောက် ဌာနေပြန်နိုင်ဖို့နဲ့ ကိုဖီအာနန် ဦးဆောင်ခဲ့တဲ့ ရခိုင်အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့ အမေရိကန်ပြည်ထောင်စုက မြန်မာကို ဆက်ပြီး တွန်းအားပေး ဆောင်ရွက်သွားမယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညညချက်ထုတ် ပြောဆိုပါတယ်။

ရိုဟင်ဂျာတွေ အနေနဲ့ နေရပ်ရင်းတွေ ဒါမှမဟုတ်လည်း သူတို့ရွေးချယ်ရာ ဒေသတွေကို ပြန်ပြီး အခြေတကျ နေထိုင်နိုင်မယ့် အခြေအနေ ဖန်တီးပေးရေး မြန်မာကို တွန်းအားပေးရေး အမေရိကန် ပြည်ထောင်စုက နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက စနေနေ့မှာ ကြေညာချက်ထုတ်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် စနစ်တကျ ခွဲခြားဆက်ဆံမှုတွေ အပေါ် စိုးရိမ်ချက် အများအပြားပါတဲ့ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ အကြံပြုချက်တွေ ထုတ်ပြန်ခဲ့တာလည်း ဒီသြဂုတ်လမှာ ၂ နှစ်ပြည့်ခဲ့တဲ့ ဒီကနေ့အချိန်ထိ ဆက်ပြီး ရှိနေဆဲ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်တွင်းက ထွက်ပြေးရသူတွေ အတွက်ရော ရခိုင်ပြည်နယ်တွင်းမှာ နေထိုင်သူ အားလုံးနဲ့ မြန်မာနိုင်ငံ အတွက် ရှေ့ဆက်ဖို့ အကောင်းဆုံး နည်းလမ်းတွေ ဖြစ်တဲ့ ရခိုင်အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အစိုးရဘက်က အကောင်အထည် ဖော်ဖို့ ဆက်ပြီး တွန်းအားပေးသွားမယ်လို့လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Morgan Ortagus က ပြောဆိုထားပါတယ်။

လွန်ခဲ့တဲ့၂ နှစ်တုန်းက ရခိုင်ပြည်နယ်တွင်း လုံခြုံရေးစခန်းတွေအပေါ် လက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုကို အင်အား အလွန်အကျွံသုံး နှိမ်နင်းမှုအတွင်း မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေက သိန်းနဲ့ချီတဲ့ လက်နက်မဲ့ အမျိုးသား၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကိုလည်း ရက်ရက်စက်စက် တိုက်ခိုက်ခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြပါတယ်။

မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုကြောင့် ရိုဟင်ဂျာ ၇ သိန်း ၄ သောင်းကျော် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ရပြီး ဒီလုပ်ရပ်က လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုနဲ့ ညီမျှတယ်လို့လည်း ကြေညာချက်က ဖော်ပြပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ အတွင်း မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာ ရခိုင်ပြည်နယ် တခုတည်းတင် မဟုတ်ကြောင်း၊ တာဝန်ယူမှု တာဝန်ခံမှုနဲ့ စစ်တပ်အပေါ် အရပ်ဘက်ရဲ့ ကြီးကြပ်နိုင်မှု ကင်းမဲ့တာတွေကြောင့် ရခိုင်၊ ကချင်၊ ရှမ်းပြည်နယ်တွေနဲ့ နိုင်ငံအနှံ့အပြားမှာ စစ်တပ်ရဲ့ ဖိနှိပ်မှုတွေ ဒီကနေ့အထိ ဆက်ပြီး ရှိနေဆဲ ဖြစ်ကြောင်း ကြေညာချက်က ဖော်ပြပါတယ်။

ဒီဖြစ်ရပ်တွေမှာ ပတ်သက်သူ အားလုံး အနေနဲ့ လူ့အခွင့်အရေးကို လေးစားဖို့၊ လူသားချင်းစာနာထောက်ကူမှု အကူအညီတွေကို အတားအဆီးမဲ့ ဝင်ရောက်ခွင့်ပြုဖို့၊ ငြိမ်းချမ်းရေးကို ဦးတည်ပြီး နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးကြဖို့လည်း အမေရိကန် ပြည်ထောင်စုက တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG