သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေနေရပ်ရင်း စတင်ပြန်ပို့မည့် အစီအစဉ် အပေါ် စိုးရိမ်မှုတိုး


ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းထဲက ဟိန္ဒူဒုက္ခသည် အမျိုးသမီးများ
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းထဲက ဟိန္ဒူဒုက္ခသည် အမျိုးသမီးများ

နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက စိုးရိမ်မှုတွေရှိနေတဲ့ကြားကပဲ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာတွေကို နိုဝင်ဘာ ၁၅၊ ဒီကနေ့မှာပဲ ပထမဆုံးအသုတ်အဖြစ် မြန်မာနိုင်ငံဘက် ပြန်ပို့မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်ပြန်ရမယ့် စာရင်းထဲပါနေတဲ့ ဒုက္ခသည်တချို့ကတော့ မြန်မာအစိုးရက စီစဉ်ဆောင်ရွက်မှုတွေအပေါ် အားရကြေနပ်မှု မရှိတဲ့အတွက် နေရပ်ရင်း ပြန်ရမှာကိုစိုးပြီး ဒုက္ခသည်စခန်းကနေ အခြားနေရာတွေမှာ သွားရောက် ပုန်းခိုနေကြပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထား တာပါ။

ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူတွေ အပြန်အလှန်ဆွေးနွေး စာရင်းပြုစုခဲ့ကြပြီးနောက် နိုဝင်ဘာ ၁၅ ဒီကနေ့မှာ ရိုဟင်ဂျာ ဒုက္ခသည်တချို့ကို ပထမဆုံးအသုတ်အဖြစ် မြန်မာနိုင်ငံဘက် ပြန်ပို့မှာ ဖြစ်ပါတယ်။ ပထဆုံးအသုတ် ရိုဟင်ဂျာမိသားစု ၄၈၅ စုကို ပြန်ပို့တာ ဖြစ်ပြီး၊ လူဦးရော ၂၂၀၀ ကျော်ပါဝင်ပါတယ်။ မြန်မာအစိုးရကတော့ တနေ့ကို လူ(၁၅၀)နှုန်းနဲ့ လက်ခံသွားမယ်လို့ ပြောထားပါတယ်။

ဒီသီတင်းပတ်ကုန်တုန်းကပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စားလှယ်အဖွဲ့တဖွဲ့ဟာ မြန်မာနိုင်ငံကတဆင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် ကော့ဆက်ဘဇားမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေဆီ သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ရော စခန်းတာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ လတ်တလော သူမြင်တွေ့ရတဲ့ မြေပြင်က အခြေအနေတွေကိုကြည့်ရင် ရိုဟင်ဂျာဒုက္ခသည်တွေကို နေရပ်ရင်း ပြန်ပို့ဖို့ အဆင်သင့် မဖြစ်သေး ဘူးလို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Richard Albright ကပြောပါတယ်။

“ ဒုက္ခသည်တွေ လက်ရှိ ကြုံနေရတဲ့ အနေအထားအရဆိုရင် သူတို့ နေရပ်ရင်းကို ပြန်နိုင်လောက်တဲ့ ပြည့်စုံလောက်လောက်တဲ့ အခြေနေမျိုး မရှိသေးသလို၊ လူအမြောက်အများကိုလည်း ပုံမှန်ပြန်ပို့နိုင်မယ့် အနေထားမျိုး မဟုတ်သေးပါဘူး။”

မြန်မာပြည်ထဲ ပြန်လာကြမယ့် ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ အမေရိကန်နဲ့ မြန်မာအစိုးရကြား ဆွေးနွေးမှုတွေရှိနေပြီး “လူသားချင်းစာနာတဲ့ အကူအညီပေးလိုသူတွေက အကူအညီလိုအပ်တဲ့ အသိုင်းဝိုင်းတွေဆီ သွားရောက်ခွင့်ရဖို့နဲ့ ပွင့်လင်းမြင်သာမှုရှိအောင် ပိုပြီးလုပ်ဆောင်ဖို့ အတွက်၊ ရိုဟင်ဂျာတွေ နိုင်ငံသားဖြစ်ခွင့်ရရေး လုပ်ငန်းစဉ်တွေမှာ ထိရောက်အောင် ဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းခဲ့တယ်”လို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Richard Albright ကပြောပါတယ်။

AI ခေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးကလည်း ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ရေး အစီအစဉ်အပေါ် စိုးရိမ်ကြောင်း AI အဖွဲ့ရဲ့ အာရှပစိဖိတ်ဆိုင်ရာ တာဝန်ခံ Francisco Bencosme က ပြောပါတယ်။

“မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ နှစ်ရပ်ကြား သဘောတူလက်မှတ်ထိုး လုပ်ဆောင်ခဲ့တဲ့ ရိုဟင်ဂျာတွေပြန်ပို့မယ့် လက်ရှိအစီအစဉ်အပေါ် ကျနော်တို့ AI အနေနဲ့ အရမ်းကို စိုးရိမ်နေပါတယ်။ ရိုဟင်ဂျာတွေကို ဌာနေပြန်ပို့မယ်ဆိုရင် ဘေးကင်းလုံခြုံဖို့နဲ့ ဂုဏ်သိက္ခာရှိစွာ ပြန်ခွင့်ရဖို့ လိုအပ်သလို၊ သူတို့သဘောဆန္ဒနဲ့အညီ ဖြစ်ဖို့လည်းလိုပါတယ်။ လက်တွေ့မှာတော့ အဲဒီအခြေအနေတွေ ပြည့်စုံမှု မရှိသေးပါဘူး။”

ရိုဟင်ဂျာတွေကို မြန်မာပြည် ပြန်ပို့မယ့်လုပ်ငန်းစဉ်မှာ မြန်မာအစိုးရက စီစဉ်ဆောင်ရွက်မှုတွေအပေါ် အားရကြေနပ်မှု မရှိတဲ့အတွက် နေရပ်ရင်း ပြန်ရမှာကိုစိုးပြီး ဒုက္ခသည်စခန်းကနေ ထွက်ပြေးတိမ်းရှောင်နေသူကတော့ ဦးခါလီမူလာ ဖြစ်ပါတယ်။

“ ကျနော်တို့ နိုင်ငံသားဖြစ်ခွင့် မရှိသေးတာရယ် ၊ ကျနော်တို့ပိုင်ဆိုင်တဲ့ မြေယာတွေ ပြန်မပေးသေးတာရယ် နောက်ပြီး ကျနော်တို့ကို ယာယီ စခန်းတွေထဲမှာပဲ ထားမှာရယ် ဒီအချက်တွေကြောင့် ကျနော့်နေရပ်ကို ပြန်ချင်စိတ်မရှိပါဘူး။ အစိုးရက မြန်မာပြည် ပြန်ပို့မယ်သူတွေစာရင်းထဲ ကျနော့်နာမည်ကို ထည့်ထားတော့ ပြန်ရမှာကြောက်လို့ ဂျမ်တာလီမှာရှိတဲ့ ဒုက္ခသည်စခန်းကနေ ကျနော်ထွက်လာခဲ့ပြီး အခု ဘာလုခါလီ ဒေသထဲမှာ လာပုန်း နေတာပါ။ ”

ဘာလုခါလီ ဒုက္ခသည်စခန်းထဲမှာနေတဲ့ ရိုဟင်ဂျာဒုက္ခသည်အမျိုးသမီး ရှာခီနာကလည်း သူတို့ရဲ့ စိုးရိမ်မှုကို ပြောပါတယ်။

“ ကျမတို့အတွက် အခွင့်အရေးတွေ ရမယ်ဆိုရင် ကျမတို့ ပျော်ပျော်ကြီး ပြန်မှာပါ၊ အခုကိုပဲ ထပြန်နိုင်ပါတယ်။ သူတို့က ကျမတို့ကို အရမ်း နှိပ်စက်ခဲ့တာပါ ဘယ်လိုစကားလုံးနဲ့ ပြန်ရှင်းပြ ရမှန်းတောင် မသိတော့ပါဘူး။ ဒီလို ခံစားချက်မျိုး ရှိခဲ့ပြီးခါမှ အရင်လိုပဲ ပြန်ကြုံလာရဦးမယ် ဆိုရင် ကျမတို့ ဘာလို့ ပြန်တော့မှာလဲ ။ ဒီမှာပဲ အဆိပ်သောက်ပြီး သေလိုက်တာကမှ ကောင်းဦးမယ်။ ကျမတို့က အခု ဒုက္ခသည်စခန်းထဲ ရောက်နေကြပြီးပဲ .. ဒီမှာပဲ သေသွားတာက ပိုကောင်းပါတယ်။ ကျမတို့ကို ပြန်မပို့ပါနဲ့ ဒီစခန်းမှာပဲ သေပါရစေ။”

ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာတွေကို ပြန်လည်စိစစ်ပြီး လက်ခံသွားရေး အစီအစဉ်တွေ မြန်မာအစိုးရက စတင်လုပ်ဆောင်နေပြီဆိုတဲ့ အချိန်ကစလို့ သူတို့ကို နိုင်ငံသား မှတ်ပုံတင်ပေးဖို့၊ မြန်မာနိုင်ငံတွင်း လွတ်လပ်စွာ သွားလာခွင့်ပေးဖို့နဲ့ NVC ကဒ် ကိုင်ဆောင်လိုခြင်း မရှိဘူးလို့ ရိုဟင်ဂျာတွေဘက်က သဘောထား ထုတ်ပြောခဲ့တာ ရှိပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပဲ ပယ်ချထားပါတယ်။

ဒုက္ခသည်တွေ ဆန္ဒမပါပဲ အတင်းအကြပ် ပြန်မပို့ဖို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်မဟာမင်းကြီး Volker Turk ကလည်း အင်္ဂါနေ့က ဂျီနီဗာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားသလို အခြေအနေတွေ လုံခြုံ စိတ်ချမှု မရှိသေးပဲ ပြန်ပို့မယ့် အစီအစဉ်ကို ရပ်ဆိုင်းထားဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Michelle Bachelet ကလည်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ကြာသပတေး ဒီကနေ့မှာ ရိုဟင်ဂျာတွေကို မြန်မာပြည်ပြန်ပို့မယ့် အစီအစဉ်အတွက် ဘင်္ဂလားဒေ့ရှ်စစ်တပ်ကို ကော့ဆက်ဘဇား ဒေသတဝိုက် ဖြန့်ကျက်ချထားသလို၊ ပြန်ပို့ရေးအစီအစဉ်ကို ငြင်းဆန်နေသူတွေကိုလည်း ဘင်္ဂလားအာဏာပိုင်တွေက အတင်းအကြပ်လုပ်တာတွေရှိတယ် ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်ထုတ် သတင်းစာတွေက ရေးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG