သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေနေရပ်ပြန်ရေး ရခိုင်ကဒုက္ခသည်တွေပါ စိုးရိမ်


ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ။
ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တိမ်းရှောင်သွားတဲ့ သိန်းချီ ရိုဟင်ဂျာဒုက္ခသည်တွေထဲက ဒုက္ခသည် ၂,၀၀၀ ကို ပထမဆုံး အသုတ်အနေနဲ့ မြန်မာနိုင်ငံဘက်ကို ရှေ့လာမယ့်သီတင်းပတ်ထဲမှာပဲ ပြန်ပို့ဖို့ ဘင်္ဂလား-မြန်မာ နှစ်နိုင်ငံအစိုးရတာဝန်ရှိသူတွေက ပြင်ဆင်နေကြပြီဖြစ်ပေမဲ့လို့ ပြန်ရမယ့် စာရင်း ဝင် ဒုက္ခသည်အများစုကတော့ လုံခြုံရေး စိုးရိမ်ချက်တွေနဲ့ လုံးဝ မပြန်လိုကြသေးဘူး လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေက ပြောဆိုလိုက်ကြပါတယ်။ ရခိုင်ပြည်နယ်ထဲမှာပဲ IDP ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရဆဲ မူဆလင်ဒုက္ခသည်တွေ အတွက်တောင် ခိုင်မာတဲ့ဘဝ အာမခံချက်နဲ့ လုံခြုံရေး အစီအမံ တွေ ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးတာမို့ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ပြန်လာဖို့ မသင့်သေးဘူးလို့ စစ်တွေ မူဆလင်ဒုက္ခသည်တွေကပြောဆိုကြပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၁၇ သြဂုတ်လကုန်ပိုင်းတုန်းက ရခိုင်မြောက်ပိုင်း လုံခြုံရေးကင်းစခန်းတွေကို ARSA အစွန်းရောက်အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနောက်ပိုင်း လုံခြုံရေးအာဏာပိုင်တွေရဲ့ နယ်မြေ ရှင်းလင်း မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် သိန်းချီတဲ့ ရိုဟင်ဂျာဒုက္ခသည် တွေ တိမ်းရှောင် သွားကြတာ ဖြစ်ပါတယ်။အဲ့ဒီ့ဒုက္ခသည် ၇ သိန်းကျော်ထဲက နှစ်ထောင်ကျော်ကို အုပ်စုလိုက် ပထမဆုံး အသုတ်အနေနဲ့ လာမယ့် နိုဝင်ဘာလလယ်မှာ ပြန်ပို့ဖို့ စီစဉ်ထားတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံခြားရေး တာဝန်ရှိ သူတွေဘက်က ထုတ်ပြန်ကြေညာခဲ့တာပါ။

ပြန်လာကြမယ့်သူတွေအတွက် ပြန်လည်လက်ခံနေရာချထားရေး အစီအစဉ်တွေ အဆင်သင့်ဖြစ်နေ ပါပြီလို့ မြန်မာအစိုးရက ပြောဆိုထားပေမဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ရင်းကိုပြန်နိုင် လောက်အောင် မြန်မာနိုင်ငံ ဘက်မှာ ခိုင်မာတဲ့ ဘဝအာမခံချက် အသက်အန္တရာယ်လုံခြုံရေး-နိုင်ငံသားအခွင့်အရေးနဲ့ အခြေခံ လူ့အခွင့် အရေးတွေ ပေးဖို့ အဆင်သင့် မဖြစ်သေးတဲ့အတွက် အစီအစဉ်ကို ချက်ခြင်း ဆိုင်းငံ့ထားဖို့ နိုင်ငံတကာနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုနေကြတာပါ။

အခုဆိုရင်တော့ ဒုက္ခသည်စခန်းတွေမှာ ပထမဆုံးအသုတ်ပြန်ပို့မယ့် စာရင်းထဲပါသူတွေ နေရပ်ပြန်ဖို့ ပြင်ဆင် ခိုင်းနေသလို နေရပ်ပြန်ကြရမယ့်ဒုက္ခသည်တွေအများစုကတော့ လုံခြုံရေးစိုးရိမ်ချက်တွေနဲ့ မပြန်လိုကြသေးဘဲ အတော်လေးစိတ်မချမ်းမသာ ဖြစ်နေကြတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar အနီး ဘာလုခါလေ ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည်တဦးဖြစ်တဲ့ ကိုမျိုးသန့်က ပြောပါ တယ်။

“အဲဒီစာရင်းမှာ ပထမအသုတ်အနေနဲ့ ဒုက္ခသည် ၂၀၀၀ လောက် ပို့မယ်လို့ပြောတယ်။ အဲဒီ စာရင်းမှာ ပါတဲ့လူတချို့ကတော့ ကိုယ့်ကိုယ်ပါ အဆုံးစီရင်ဖို့ ကြိုးစားနေတယ်လို့ ကြားဖူးပါတယ်။ အခု ဘာအာမခံချက်မှ မရှိဘဲ ဒီအတိုင်း ပြန်ရမယ်ဆိုရင်ပြန်ဖို့ထက် ဒီမှာပဲ ကိုယ့်ကိုကိုယ် အဆုံးစီရင်- ပိုကောင်းလိမ့်မယ်လို့ ဆိုပြီးတော့ သူတို့ အဲလိုမျိုး ကြိုးစားနေတာ။ တကယ်လို့ ဒီဒုက္ခသည်က ဒီအတိုင်းဆိုရင် လုံးဝ ပြန်ချင်စိတ် မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဒုက္ခသည်က ပြန်ဖို့ဆိုရင် သူတို့ ဘဝအတွက် ဘာ အာမခံချက်မှ မရှိပါဘူး။ တကယ်တော့ သူတို့ ကြောက်လို့ ပြေးလာတာ။ ဒါပေမယ့် သူတို့အခု ဘာအာမခံချက်မှမရှိဘဲ ဒီအတိုင်းပြန် ရမယ်ဆိုရင် ကျနော်တို့ အဓိကတောင်းဆိုချင်တာကတော့ အဲဒီဒေသမှာ …ကျနော်တို့ ဌာနေဒေသ ကျနော်တို့ မွေးရပ်မြေမှာ လုံလုံခြုံခြုံ နိုင်ငံတကာ အစောင့်အကြပ်တွေနဲ့ အတူ လုံလုံခြုံခြုံရှိနိုင်ဖို့ ပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်း လုံလုံခြုံခြုံ ပြန်ဖို့၊ ရုပ်သိမ်းထားတဲ့ ကျနော်တို့ နိုင်ငံသားအခွင့်အရေး အခြေခံလူ့အခွင့်အရေးကနေစပြီးတော့ အကုန်လုံးပါ။”

ပြန်လာမယ့်ဒုက္ခသည်တွေ ပြန်လည်လက်ခံနေရာချထားရေး ဘင်္ဂလား-မြန်မာ နယ်စပ်တွေမှာ ဖွင့်လှစ်ထားတဲ့ ကြားစခန်းတွေဖြစ်တဲ့ ငါးခူရ၊ တောင်ပြိုလက်ဝဲ၊ လှဖိုးခေါင် စတဲ့ ယာယီ လက်ခံရေး ကြားစခန်းတွေကိုတော့ မြန်မာ အစိုးရဘက်က အဆင်သင့်ဖြစ်အောင် စီစဉ်ထားပြီးဖြစ်တယ် လို့ ပြောဆိုထားပါတယ်။ ဒါပေမဲ့လို့ ရခိုင် ပြည်နယ်ထဲမှာပဲ လူမျိုးရေး-ဘာသာရေးဆန်တဲ့ အဓိကရုဏ်းအကြမ်းဖက်တိုက်ခိုက်မှုတွေ စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၁၂ ကတည်းက နေရပ်ရင်းကနေ တိမ်းရှောင်နေရပြီးတော့ ရခိုင်ပြည်နယ်ထဲက ဒုက္ခသည်စခန်းတွေထဲမှာ ခိုလှုံနေရဆဲ ဒုက္ခသည်တွေ အတွက်တောင်မှ ခိုင်မာတဲ့ ဘဝအာမခံချက် မရှိသေးသလို လုံခြုံရေးစိုးရိမ်မှုတွေ ရှိနေဆဲပဲလို့ စစ်တွေမြို့နယ် IDP ဒုက္ခသည်စခန်းနေ ဒုက္ခသည်တဦးဖြစ်တဲ့ ဦးခင်မောင်ထွန်းက သူတို့ရဲ့ စိုးရိမ်ချက်ကို အခုလိုပြောဆိုလိုက်ပါတယ်။

“ကျနော်တို့ ဒီစစ်တွေမှာရှိနေတဲ့ IDP တွေကျတော့ ၂၀၁၂ ကတည်းက ဒီမှာရောက်လာတာဖြစ်တယ်။ ဒီမှာ နေရတဲ့ အနေအထားကလည်း တော်တော် အောက်တန်းကျတဲ့ဘဝနဲ့ ကျနော်တို့ ရင်ဆိုင်ပြီး နေလာရတာ ဖြစ်တယ်။ အဲဒီတော့ ၂၀၁၇ ကတည်းကနေ ဘင်္ဂလားဒေ့ရှ်ကို အစိုးရဘက်က Declare Operation လုပ်တယ်ဆိုပြီး တော့ လူတွေ သိန်းနဲ့ချီ ဟိုဘက်မှာ ရောက်သွားရတယ်။ အဲဒါက အခု နိုင်ငံတကာရဲ့ဖိအားအောက် မှာ ဘင်္ဂလားနဲ့မြန်မာအစိုးရနဲ့ ပူးပေါင်းပြီးတော့မှ လူတွေကို repatriation လုပ်မယ်ဆိုပြီး ပြန်လက်ခံမယ်ဆိုတဲ့ ဟာတွေ ပေါ်လာတယ်။ ဒါတွေက ကျနော်တို့ သိထားဖို့လိုတာက ပြည်တွင်းမှာ ဒီ camp ထဲမှာ ၂၀၁၂ ကနေ IDP ဘဝနဲ့ ရင်ဆိုင်ပြီးတော့ အခက်အခဲတွေအများကြီးနဲ့ နေထိုင်နေရတဲ့သူတွေကို အစိုးရက ဘယ်လို လုပ်ပေးထားခဲ့လဲဆိုတာ ပြောရမှာ။ သူတို့ မူလနေရာမှာသော်လည်းကောင်း သူတို့ လိုလားတဲ့နေရာမှာ သော်လည်းကောင်း၊ သူတို့ ပျော်တဲ့နေရာမှာသော်လည်းကောင်း နေရာချပေးဖို့အတွက် အစိုးရကိုတောင်းဆို ထားတာရှိတယ်။ ဒီအစိုးရက ဒါတွေကိုတောင် မလုပ်ပေးခဲ့တာတွေရှိတယ်။

ကျနော် ဘင်္ဂလားဒေ့ရှ်မှာ ရှိနေတဲ့ Community နဲ့ စကားပြောခွင့်ရမယ်ဆိုရင် ကျနော် အခု ချက်ခြင်းခေါ်မယ့် အခြေအနေမှာ နိုဝင်ဘာ mid မှာခေါ်မယ်လို့ ပြောထားပါတယ်။ ၁၅ ရက်နေ့လောက်မှာ ခေါ်မယ်လို့ ပြောထားတယ်။ အဲဒီတော့ မလာပါနဲ့လို့ ကျနော် တိုက်တွန်းချင်တယ်။ ကျနော်တို့တောင် ဒီမှာ မနည်း အခက်အခဲတွေနဲ့ ရင်ဆိုင်ပြီး နေရတဲ့ဟာကို။ နောက်တခု သူတို့ကို ဘင်္ဂလားဒေ့ရှ်ကနေ ရခိုင်ကို ပြန်ခေါ်လာမယ်ဆိုရင် သူတို့ရဲ့ စားဝတ်နေရေးပေါ့နော်၊ သူတို့တွေ ဘဝလုံခြုံရေး၊ သူတို့တွေရဲ့ သွားလာခွင့်ရေး- Freedom of Movement – ဒါတွေကို ဘယ်သူက တာဝန်ယူမှာလဲ။”

နိုင်ငံတကာနဲ့ လူ့အခွင့်အရေးအဖွဲ့တွေဘက်ကတော့ ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိစွာ နေရပ်ရင်းပြန်နိုင်ရေး အပါအဝင် အခြေခံလူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေး တန်းတူရရှိရေး၊ဘေးကင်းလုံခြုံမှုရှိရေးနဲ့ သူတို့ရဲ့ နေရပ်ရင်းတွေမှာ ပြန်လည်နေရာချထားပေးရေးစတဲ့ အခွင့်အရေးတွေအပြည့်အဝပေးဖို့ မြန်မာအစိုးရကို တောင်းဆိုနေကြတာပါ။ မြန်မာအစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံထားပေမယ့် လို့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည် ၇ သိန်းကျော်အနက် ဌာနေပြန်ပို့နိုင်ရေး နှစ်နိုင်ငံကြား စီစစ်ထားပြီးဖြစ်တဲ့ ဒုက္ခသည် ၈၀၀၀ထဲကမှ စိစစ်ထားပြီး ဒုက္ခသည်နှစ်ထောင်ကို ပထမအသုတ် ပြန်လက်ခံမယ်လို့ ကတိပေးပြောဆိုထားပြီး ပြန်လည်ပို့ဆောင်ရေးအစီအစဉ်တွေ အဆင်ပြေရင်တော့ အဲ့ဒီ ဒုက္ခသည်တွေကို လာမယ့်နိုဝင်ဘာ ၁၅ ရက်နေ့မှာ စတင်လက်ခံမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG