သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့နှစ်နှစ်အတွင်း လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုတွေကြောင့် ဒေသတွင်းက လူတချို့ ဘေးကင်းရာ ပြည်ပကို ထွက်ခွာဖို့ ကြိုးစားနေရာမှာ သူတို့အပေါ် အမြတ်ထုတ်မှုတွေ အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်လို့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက ပြောလိုက်ပါတယ်။

၂၀၁၂ ခုနှစ်က စဖြစ်ခဲ့တဲ့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာ မူဆလင်တွေအကြား အပြန်အလှန် တိုက်ခိုက်မှုတွေကြောင့် လူ ၁ သိန်းကျော်ဟာ အိုးမဲ့အိမ်မဲ့ ဖြစ်နေရတာပါ။ အဲဒီလို ဖြစ်ပျက်တဲ့နောက် ခန့်မှန်းခြေ လူ ၈ သောင်းကျော်ဟာ လှေတွေနဲ့ အခြားနိုင်ငံကို ကူးပြောင်းဖို့ ကြိုးစားခဲ့ကြတယ်လို့ UNHCR က တွက်ချက်ထားပါတယ်။

အခုနှစ် ဇန်န၀ါရီလကနေ ဧပြီလအတွင်းမှာကို ၁ သောင်း ၅ ထောင်နီးပါး ပြည်ပကို ထွက်ပြေးခဲ့ကြတယ်လို့ UNHCR က ခန့်မှန်းထားပါတယ်။ အဲဒီအထဲက အချို့ဟာ ထိုင်းနိုင်ငံကိုရောက်ပြီး ထိုင်း - မလေးရှားနယ်စပ်အနီး တောတောင်တွေထဲမှာ လူမှောင်ခိုဂိုဏ်းတွေလက်ထဲ ရောက်သွားတယ်လို့ UNHCR က ပြောပါတယ်။

သူတို့ဟာ လပေါင်းများစွာ လူပြည့်ကြပ်နေတဲ့ တောစခန်းတွေမှာ နေကြရပြီး၊ မိသားစုက ငွေပေးပြီး မထုတ်မချင်း တချို့ လှောင်အိမ်ထဲမှာ ပိတ်ခံရတယ်လို့ UNHCR က ပြောထားပါတယ်။ ထိုင်းအာဏာပိုင်တွေဘက်က အဲဒီစခန်းတွေကို ၀င်ရောက်စီးနင်းပြီး အခုနှစ်အတွင်းမှာကို ရာဂဏန်းရှိ လူကုန်ကူးခံရသူတွေကို ကယ်တင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

မလေးရှားနိုင်ငံမှာတော့ အခုနှစ်တွေအတွင်း ရိုဟင်ဂျာဒုက္ခသည် ၃ သောင်း ၅ ထောင်ကျော် ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားတယ်လို့ UNHCR မှတ်တမ်းမှာ ဖော်ပြပါတယ်။ မလေးရှားမှာလည်း ထိုင်းကရော မြန်မာနိုင်ငံကလာတဲ့ ဒုက္ခသည်တွေကို လူကုန်ကူးမှုတွေ တိုးများလာနေတယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာဆိုလည်း ရိုဟင်ဂျာဒုက္ခသည် အရေအတွက်ဟာ ၁ ထောင် ၂၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေကို ဆယ်စုနှစ် နှစ်ခုကြာ လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ အရေအတွက် အများဆုံးဖြစ်ပြီး၊ အခုနောက်ပိုင်းမှာတော့ အဲဒီက ဒုက္ခသည်တွေ အခြေအနေ တိုးတက် ကောင်းမွန်လာတယ်လို့ UNHCR ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
XS
SM
MD
LG