သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးဒုက္ခသည်တွေကယ်ဖို့ ဒေသအစိုးရတွေကို ကုလတိုက်တွန်း


လှေစီးပြေးဒုက္ခသည်တွေကို အာဆီယံနိုင်ငံတွေက ကယ်ဆယ်ကူညီမှုတွေ မလုပ်ကြတဲ့အတွက် သေဆုံးနေမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတနိုင်ငံမှာ ထားရှိရမယ့် တာဝန်ဝတ္တရားအရ ပင်လယ်ပြင်ထဲက ဒီဒုက္ခသည်တွေကို ကယ်ဆယ်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက အာဆီယံနိုင်ငံတွေကို ဒီကနေ့ အင်္ဂါနေ့မှာ တောင်းဆိုလိုက်ပါတယ်။

တချိန်တည်းမှာပဲ အာဆီယံနိုင်ငံတွေထဲမှာ ပထမဆုံးအဖြစ် ဖိလစ်ပိုင်နိုင်ငံက ဒီဒုက္ခသည်တွေကို ကူညီမယ့်အကြောင်း ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ လတုန်းက မြေထဲပင်လယ်မှာ နစ်မြုပ်ခဲ့တဲ့ သင်္ဘောတစင်းမှာတင် လှေစီးပြေးဒုက္ခသည် ၉၀၀ လောက် ရေနစ်သေဆုံးခဲ့တဲ့ ဖြစ်ရပ်က ကမ္ဘာတလွှား အစိုးရတွေအနေနဲ့ ဒီကိစ္စကို အမြန်အရေးယူဖြေရှင်းရမယ့် ကိစ္စအဖြစ် လက်ခံလာကြပေမဲ့ ဘယ်လိုဖြေရှင်းရမယ်ဆိုတာကိုတော့ အမြင်အမျိုးမျိုး ဖြစ်နေကြတာပါ။

အာရှတိုက်မှာလည်း အမျိုးသမီးနဲ့ ကလေးငယ်တွေပါဝင်တဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံဘက်က လာတဲ့ ဒုက္ခသည်ပေါင်း ၄ ထောင်လောက်ဟာ ရိက္ခာသိပ်မကျန်တော့ဘဲ ပင်လယ်ပြင်ထဲမှာ မျောနေခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောပါတယ်။ အဲဒီထဲက ထက်ဝက်လောက်ဟာ ရက်ပေါင်း ၄၀ ကျော် မြန်မာ-ဘင်္ဂလားဒေ့ရှ် ကမ်းတွေနားက လှေအနဲဆုံး ၅ စင်းလောက်ပေါ်မှာ နေနေရတယ်လို့ ဆိုပါတယ်။

ရွှေ့ပြောင်းအခြေချမှု ပြဿနာပေါ်စေတဲ့ လစ်ဗျားက အခြေနေတွေကို နိုင်ငံရေးအရ အဖြေရှာနိုင်ဖို့ ကြိုးစားရမယ်လို့ တောင်ကိုရီးယားနိုင်ငံ အင်ချွန်းကိုရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောကြားလိုက်သလို မြေထဲပင်လယ်ထဲ၊ ကပ္ပလီပင်လယ်ပြင်နဲ့ တခြားနေရာတွေမှာ လှေစီးပြေး ဒုက္ခသည် အများအပြား သေဆုံးနေရတာမို့ ဒီပင်လယ်ပြင်ထဲက ဒုက္ခရောက်နေသူတွေကို ကယ်ဆယ်ကူညီဖို့နဲ့ ဌာနေပြန်ပို့ရင် အသက်အန္တရာယ်ရှိတဲ့ ဒုက္ခသည်တွေကို ပြန်မပို့ရဘူးဆိုတဲ့ နိုင်ငံတကာ တားမြစ်ချက်ကိုလည်း လိုက်နာဖို့ ဒေသတွင်းနိုင်ငံတွေမှာ တာဝန်ရှိတယ်လို့ ပြောပါတယ်။

အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းအာဏာပိုင်တွေအနေနဲ့ သူတို့ရဲ့ ရေပိုင်နက်ထဲရောက်နေတဲ့ လှေတွေကို မောင်းထုတ်ဖို့ ကြိုးစားနေမှုတွေကို ရပ်တံ့ဖို့် UNHCR နဲ့ ကုလသမဂ္ဂ လူ့အခွင့်ရေးအဖွဲ့ အကြီးအကဲတွေက IOM နိုင်ငံတကာ ရွှေ့ပြောင်း အခြေချသူများဆိုင်ရာအဖွဲ့နဲ့ ပူးတွဲ ကြေညာချက် ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကလည်း

“ကပ္ပလီပင်လယ်နဲ့ မလက်ကာ ရေလက်ကြားမှာ ဖြစ်ပွားနေတာတွေနဲ့ ပတ်သက်ပြီး ဒေသတွင်း နိုင်ငံ့ ခေါင်းဆောင်တွေအနေနဲ့ နိုင်ငံတကာ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေတွေနဲ့အညီ လူ့အသက် ကာကွယ်စောင့်ရှောက်ဖို့ ပြီးခဲ့တဲ့ ရက်တွေအတွင်းမှာပဲ ကျွန်တော်နဲ့ တခြား ကုလသမဂ္ဂ အရာရှိတွေက တယ်လီဖုန်းတွေနဲ့ ဆက်သွယ်ပြောကြားခဲ့ပါတယ်။ ရွှေ့ပြောင်းအခြေချသူတွေနဲ့ ပတ်သက်ပြီး ဘန်ကောက်မှာ မေလ ၂၉ ရက်နေ့ ကျင်းပမယ့် ဒေသတွင်းအစည်းအဝေးကို တက်ရောက်ဖို့လည်း ပြောခဲ့ပါတယ်။ ဒီအစည်းအဝေးကနေ ဒေသတွင်းနဲ့ နိုင်ငံတကာအဆင့် သေသေချာချာ ဖြေရှင်းနိုင်မယ့် အဖြေတွေ ရလာမယ်လို့ မျှော်လင့်ထားသလို ကုလသမဂ္ဂကလည်း လူသားချင်းစာနာမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်ပြီး လုပ်နေမှာပါ” မြန်မာနိုင်ငံမှာတော့ လှေနဲ့ ခိုးထွက်ဖို့ လုပ်ခဲ့သူ ရာပေါင်းများစွားဟာ ဆက်မသွားတော့ဘဲ မှောင်ခို ပွဲစားတွေကို ကျပ်ငွေ ၂ သိန်း ၃ သိန်းပေးပြီး ရခိုင်ပြည်နယ်ထဲကို ပြန်ဝင်ဖို့ ကြိုးစားနေကြတာမို့ ဒီလူတွေကို တရားမဝင် ခိုးထွက်မှုနဲ့ အရေးမယူဖို့ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR က ဒီကနေ့ အင်္ဂါနေ့မှာ တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေနေ့တွေမှာ အရှေ့တောင်အာရှ နိုင်ငံတွေကနေ လှေစီးပြေး ဒုက္ခသည် ၃၀၀ လောက် လိုက်ပါလာတဲ့ လှေကို ပင်လယ်ပြင်ထဲ ပြန်တွန်းပို့တယ်ဆိုတဲ့ သတင်းမျိုးလည်း မကြားရတဲ့အတွက် လှေပေါ်က ဒုက္ခသည်တွေရဲ့ ကံကြမ္မာကို စိုးရိမ်ကြောင်း လူ့အခွင့်အရေး အဖွဲ့တွေက မနေ့က တနင်္လာနေ့က ပြောပါတယ်။

ဒီကနေ့ အင်္ဂါနေ့မှာလည်း ဖိလစ်ပိုင်အစိုးရက အာရှပင်လယ်ပြင်တွေထဲ မျောနေတဲ့ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေကို လက်ခံမယ်လို့ ပြောခဲ့တာကြောင့် ဒါဟာ ဒုက္ခသည်တွေကို အဝင်မခံတဲ့ အာဆီယံနိုင်ငံတွေထဲက ပထမဆုံး ကမ်းလှမ်းမှုတခု ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတွေက ထွက်ပြေးလာတဲ့ လှေစီးပြေး ဒုက္ခသည် ၈ ထောင်လောက်ပါတဲ့ လှေတွေကို ဖိလစ်ပိုင်က ပြန်ပြီး နှင်ထုတ်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ မဟုတ်မှန်ကြောင်း ဖိလစ်ပိုင်အစိုးရက ငြင်းဆိုလိုက်သလို ဒီဒုက္ခသည်တွေအတွက် လူသားချင်း စာနာမှုအကူညီတွေ ပေးဖို့ တိုးချဲ့ လုပ်ဆောင်နေကြောင်း ဖိလစ်ပိုင် သမ္မတ Benigno Aquino ရဲ့ ပြောခွင့်ရက ပြောကြားခဲ့ပါတယ်။

ကပ္ပလီပင်လယ်နဲ့ မလက္ကာရေလက်ကြားမှာ ရောက်ရှိနေတဲ့ ရွှေ့ပြောင်းအခြေချနေထိုင်လိုသူများ ပင်လယ်တွင်း လှေစီးဒုက္ခသည်များအရေးနဲ့ ပတ်သက်လို့၊ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာနဲ့ ထပ်တူ စိုးရိမ်ပူပန်တဲ့အကြောင်း နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒေသတွင်း လူမှောင်ခိုကူးမှုနှင့် တရားမဝင် ရွှေ့ပြောင်းသွားလာမှုများ အကျိုးဆက်အဖြစ် သာမန်အပြစ်မဲ့လူများ အတိဒုက္ခနှင့် အသက်ဘေးအန္တရာယ်များ ကြုံတွေ့ရမည်ကိုလည်း အလွန်ပဲ စိုးရိမ်တဲ့အကြောင်းကိုလည်း ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း မိမိရေပိုင်နက်အတွင်း ပုံမှန်ကင်းလှည့်ရှာဖွေမှုတွေလုပ်ပြီး ပင်လယ်ပြင်အတွင်း ဒုက္ခရောက်နေသူများကို တွေ့ရှိပါက ကူညီဖို့ အသင့်ရှိတယ်လို့လည်း မြန်မာနိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

မြန်မာနိုင်ငံအနေနဲ့ လူမှောင်ခိုကူးခြင်း၊ လူကုန်ကူးခြင်းနဲ့ နိုင်ငံဖြတ်ကျော်မှုခင်းများကို ဒေသတွင်း နိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်နေသလို၊ လူမှောင်ခိုကူးမှုကြောင့် အတိဒုက္ခရောက်သူများ တွေ့ကြုံရတဲ့ဒုက္ခတွေကို လျော့ပါးသက်သာစေရန် လူသားချင်း စာနာထောက်ထားမှု ရှုထောင့်မှ နိုင်ငံတကာနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားရန် အသင့်ရှိကြောင်းလည်း မြန်မာနိုင်ငံခြားရေးဌာနရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

XS
SM
MD
LG