သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်နေရပ်ပြန်ရေး အတားအဆီး ပယ်ဖျက်ဖို့ ဘင်္ဂလာ တောင်းဆို


ဘင်္ဂလားဒေ့ရှ် နိုင်ငံ Cox's Bazar မှာ ရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ (မတ်၊ ၀၇၊ ၁၀၁၉)
ဘင်္ဂလားဒေ့ရှ် နိုင်ငံ Cox's Bazar မှာ ရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ (မတ်၊ ၀၇၊ ၁၀၁၉)

ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးအစီအစဉ်ကို ခပ်စောစောစတင်ဖို့နဲ့ ဒုက္ခသည်တွေပြန်ရေးမှာ အတားအဆီးဖြစ်နေတာတွေ အားလုံးကို ဖယ်ရှားပေးဖို့ မြန်မာအစိုးရကို ဘင်္ဂလားဒေ့ရှ်ဘက်က တိုက်တွန်းတောင်းဆိုလိုက်တဲ့အကြောင်း ဘင်္ဂလားဒေ့ချ်က BDnews သတင်းမှာ ဒီကနေ့ဖေါ်ပြထားပါတယ်။

နေပြည်တော်မှာ မနေ့ကကျင်းပခဲ့တဲ့ မြန်မာဘင်္ဂလားဒေ့ရှ် ၂နိုင်ငံ ကိုယ်စားလှယ်တွေပါဝင်တဲ့ ရိုဟင်ဂျာဒုက္ခသည် နေရပ်ပြန်ရေး ပူးတွဲလုပ်ငန်းအဖွဲ့ရဲ့ ၄ ကြိမ်မြောက်ဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရှ်ဘက်က တောင်းဆိုခဲ့တာပါ။

နေရပ်ပြန်နိုင်ရေးလုပ်ငန်းစဉ်ကို ခပ်မြန်မြန်လုပ်ဆောင်ဖို့ ၂ ဘက်ကိုယ်စားလှယ်တွေက သဘောတူညီကြတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒုက္ခသည်တွေနေရပ်ကို ပြန်လာတဲ့အခါ လုံခြုံစိတ်ချမှုရှိပြီး လွတ်လွတ်လပ်လပ်သွားလာလှုပ်ရှားခွင့်တွေကို အာမခံနိုင်ဖို့ကိစ္စတွေနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်တွေဘက်က အဓိကထားဆွေးနွေးခဲ့ပါတယ်။

ပြန်လာမယ့်သူတွေနဲ့ မြန်မာအာဏာပိုင်တွေအကြား ပိုပြီးလေးနက်တဲ့ ထိတွေ့ဆက်ဆံမှုတွေကို ရှိစေချင်တယ်။ သူတို့ပြန်လာချင်အောင် ဖျောင်းဖျပေးစေချင်တယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က မနေ့ကဆွေးနွေးပွဲမှာ တိုက်တွန်းခဲ့ပါတယ်။

Cox’s Bazar ဒေသက ဒုက္ခသည်စခန်းကို မြန်မာ ကိုယ်စားလှယ်အဖွဲ့လာပြီး ဒုက္ခသည်တွေနဲ့ တိုက်ရိုက်တွေ့ဖို့ကိုလည်း ဘင်္ဂလားဒေ့ရှ်ဘက်က ကမ်းလှမ်းခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေ တိုးတက်မှှု ပိုရှိလာအောင် အာစီယံအဖွဲ့ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့စေ့စပ်ဆောင်ရွက်မှုတွေပိုပြီးတော့ လိုအပ်နေကြောင်းဘင်္ဂလားဒေ့ရှ်ဘက်က ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို အသိအမှတ်မပြုပါဘူး။

ဒုက္ခသည်တွေ ပြန်လက်ခံရေးမှာ အရင်က ၂နိုင်ငံအကြား သဘောတူထားချက်တွေအတိုင်း စနစ်တကျ ပြန်စီစစ်ပြီးမှ လက်ခံသွားမှာ ဖြစ်တယ်လို့ မြန်မာကိုယ်စားလှယ်တွေဘက်က ထပ်ပြီးပြောခဲ့ပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးမြင့်သူနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဌာန အာရှဖိစိဖိတ်ရေးရာ နိုင်ငံခြားရေးအတွင်းဝန် Mahbub Uz Zaman တို့က ဆွေးနွေးပွဲကို ဦးဆောင်ကျင်းပခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG