သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဘုရင့်အမတော် ဝန်ကြီးချုပ်လောင်းအဖြစ် ထိုင်းရွေးကောက်ပွဲဝင်မည်


ထိုင်းဘုရင် Maha Vajiralongkorn ရဲ့ အသက် ၆၇ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အမတော်ဟာ Thai Raksa Chart ပါတီကို ကိုယ်စားပြု ယှဉ်ပြိုင်မှာဖြစ်ကြောင်း Thai Raksa Chart ပါတီခေါင်းဆောင် Preechapol Pongpanich ကြေညာစဉ်။
ထိုင်းဘုရင် Maha Vajiralongkorn ရဲ့ အသက် ၆၇ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အမတော်ဟာ Thai Raksa Chart ပါတီကို ကိုယ်စားပြု ယှဉ်ပြိုင်မှာဖြစ်ကြောင်း Thai Raksa Chart ပါတီခေါင်းဆောင် Preechapol Pongpanich ကြေညာစဉ်။
တိုက်ရိုက် လင့်ခ်

ထိုင်းနိုင်ငံမှာ မတ်လ ၂၄ ရက်နေ့ကျရင် ကျင်းပမယ့် ဝန်ကြီးချုပ် ရွေးကောက်ပွဲမှာ ဘုရင် Maha Vajiralongkorn ရဲ့ အသက် ၆၇ နှစ်အရွယ် အမတော် Ubolratana Mahidol ဟာ Thai Raksa Chart ပါတီကို ကိုယ်စားပြု ယှဉ်ပြိုင်မှာဖြစ်ကြောင်း ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။

ပညာတတ်တဦးလည်းဖြစ်၊ အရည်အချင်း ပြည့်ဝသူလည်းဖြစ်တဲ့ မင်းသမီး Ubolratana ဟာ အသင့်တော်ဆုံး ပုဂ္ဂိုလ်တဦးဖြစ်တာကြောင့် ပါတီကိုယ်စားပြုရွေးချယ်ဖို့ ပါတီရဲ့ကော်မတီဘုတ်အဖွဲ့က သဘောတူခဲ့တာ ဖြစ်ကြောင်း Thai Raksa Chart ပါတီခေါင်းဆောင် Preechapol Pongpanich ကကြေညာလိုက်တာပါ။ ပြည်ပမှာ တိမ်းရှောင်နေတဲ့ ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra နဲ့ ဆက်နွယ်တဲ့ နိုင်ငံရေးပါတီကို ကိုယ် စားပြုပြီး ထိုင်းတော်ဝင် မိသားစုဝင်တဦး အစဉ်အလာမဟုတ်ဘဲ ရွေးကောက်ပွဲဝင်ဖို့ ကြေညာလိုက်တဲ့အတွက် ၂၀၁၄ ခုနှစ်တုန်းက အာဏာသိမ်းပြီး လက်ရှိအချိန်မှာ ဝန်ကြီးချုပ်တာဝန်ယူထားတဲ့ Prayut Chan-O-Cha ဆက်လက် အာဏာထိန်းချုပ်နိုင်မယ့် အလားအလာတွေကို ထိခိုက်နိုင်တယ်လို့လည်း အကဲခတ်တွေ ယူဆနေပါတယ်။

စစ်တပ်ရဲ့ ကျောထောက်နောက်ခံနဲ့ ဖွဲ့စည်းထားတဲ့ ပါတီကလည်း လက်ရှိဝန်ကြီးချုပ် Prayut Chan-O-Cha ကို ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဒီကနေ့ပဲ ကြေညာခဲ့တာပါ။ ၁၉၃၂ ခုနှစ်ကစလို့ စည်းမျဉ်းခံဘုရင်စနစ်ကျင့်သုံးလာခဲ့တဲ့ ထိုင်းနိုင်ငံမှာ တော်ဝင်မိသားစုတွေထဲက ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးတာ မရှိပေမယ့်လည်း နိုင်ငံရေးမှာ သြဇာအရှိန်အဝါ ကြီးမားပါတယ်။ အခုရွေးကောက်ပွဲဝင်မယ့် မင်းသမီး Ubolratana ဟာ တော်ဝင်မိသားစုဝင် ဖြစ်ပေမဲ့လည်း လွတ်လပ်ပွင့်လင်းသူ၊ အောက်ခြေအထိ ထိတွေ့ဆက်ဆံတတ်သူအဖြစ်နဲ့ လူသိများသလို အမေရိကန်နိုင်ငံသားနဲ့ ၁၉၇၂ ခုနှစ်က လက်ထပ်ခဲ့ပြီးနောက် တော်ဝင်မိသားစုရဲ့ ခံစားခွင့်တွေကိုလည်း စွန့်လွှတ်ခဲ့သူ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စု မက်ဆာချူးဆက် စက်မှုတက္ကသိုလ်မှာ သင်္ချာနဲ့ ဇီဝဓာတု ဘာသာရပ်တွေကို သင်ယူခဲ့ပြီး ကယ်လီဖိုးနီးယား တက္ကသိုလ်ကနေ လူထုကျန်းမာရေး မဟာဘွဲ့ရခဲ့သူလည်း ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ အမေရိကန်ခင်ပွန်းနဲ့ ကွာရှင်းပြီး ထိုင်းနိုင်ငံကို ပြန်လာခဲ့တာပါ။ ထိုင်းနိုင်ငံကို ပြန်ရောက်လာပြီး တော်ဝင် မိသားစုရဲ့ ခံစားခွင့်တချို့ကို ရယူခဲ့ပေမဲ့လည်း ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခွင့် ရှိမရှိ ဆိုတာကိုတော့ ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုဆုံးဖြတ်ပေးရမှာ ဖြစ်ပါတယ်။

သုံးသပ်ချက်

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်သစ် အဖြစ် ထိုင်းတော်ဝင်မိသားစုဝင်တဦး ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေး အနေ အထားကတော့ ရွေးကောက်ပွဲအပေါ် အတော်လေးကို စိတ်ဝင်စားစရာကောင်းတဲ့ အခြေအနေဖြစ်တယ်လို့ ထိုင်းနိုင်ငံရေးအကဲခတ်က သုံးသပ်လိုက်ပါတယ်။ လက်ရှိ ထိုင်းဘုရင်မင်းမြတ် Maha Vajiralongkorn ရဲ့ အသက် ၆၇ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အမတော်ဟာ Thai Raksa Chart ပါတီကို ကိုယ်စားပြု ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း ဒီကနေ့ပဲ ကြေညာလိုက်တာပါ။

ပညာတတ်တဦးလည်းဖြစ်၊ အရည်အချင်း ပြည့်ဝသူလည်းဖြစ်တဲ့ မင်းသမီး Ubolratana ဟာ အသင့်တော်ဆုံး ပုဂ္ဂိုလ်တဦးဖြစ်တာကြောင့် ပါတီကိုယ်စားပြု ရွေးချယ်ဖို့ ကော်မတီဘုတ်အဖွဲ့က သဘောတူခဲ့တာ ဖြစ်ကြောင်း Thai Raksa Chart ပါတီခေါင်းဆောင် Preechapol Pongpanich ကကြေညာလိုက်တာ ဖြစ်ပါတယ်။

အခုလို ထိုင်းတော်ဝင် မိသားစုဝင်တဦးအနေနဲ့ အစဉ်အလာမဟုတ်ဘဲ ရွေးကောက်ပွဲဝင်ဖို့ ကြေညာလိုက်တဲ့ အပေါ် ထိုင်းနိုင်ငံရေးလေ့လာအကဲခတ်နေသူ ဦးအောင်သူငြိမ်းကို ဆက်သွယ်မေးမြန်းကြည့်တော့ သူက အခုလိုဖြေပါတယ်။

ဦးအောင်သူငြိမ်း။ ။ စိတ်ဝင်စားစရာတော့ ကောင်းပါတယ်။ ဒီအမျိုးသမီးကလေ၊ သူက နည်းနည်းလေး ပေါ်ပြူလာဖြစ်ချင်တဲ့သဘောလည်းရှိတယ်ပေါ့နော်၊ သူက။ အဲဒီအခါကျတော့ နိုင်ငံရေးမှာ ဝင်ပါလာတဲ့သဘောမျိုးတော့ တွေ့ရတယ်။ ဒါပေမယ့် သူဝင်ပြိုင်တဲ့ ကိုယ်စားပြုတဲ့ပါတီက သိပ်ပြီးတော့ အားကောင်းတဲ့အနေအထားမျိုးတော့ မရှိဘူးဗျ။ ဝန်ကြီးချုပ်တော့ မရနိုင်ဘူးဗျ။ ဒါပေမယ့် လွှတ်တော်အမတ်တွေ ဘာတွေ ဖြစ်လာနိုင်တယ်။ နောက်တခုကကျတော့ အဲဒီပါတီအနေနဲ့ကတော့ နည်းနည်းလေး လူစိတ်ဝင်စားမှု ပိုရနိုင်တယ်လို့ထင်တယ်။

မဆုမွန်။ ။ အခုလောလောဆယ်မှာတော့ တိမ်းရှောင်နေရတဲ့ဝန်ကြီးချုပ်ရဲ့ပါတီနဲ့ ဆက်နွယ်နေတဲ့ ပါတီတခုမှာ ဝင်ပြိုင်မယ်ဆိုတော့ ဒီအပေါ်မှာရော ဘယ်လိုမျိုးသက်ရောက်မှုရှိမယ်လို့ သုံးသပ်မိလဲရှင့်။

ဦးအောင်သူငြိမ်း။ ။ ကျနော်ကတော့ စိတ်ဝင်စားစရာကောင်းမယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တော်ဝင်မိသားစုရဲ့ နိုင်ငံရေးပတ်သက်လာတဲ့ကိစ္စတွေ ပါတယ်ပေါ့နော်။ နောက်တခုက ကျတော့လည်း ဒီအမျိုးသမီးက ကျနော်ကတော့ တခြားဘက်က ပြောမယ်ဆိုရင်တော့လည်း သိပ်ဖြစ်မယ်တော့ မထင်ဘူးပေါ့နော်။ ကိုယ်တိုင် ရုပ်ရှင်မင်းသမီးလုပ်ပြီးတော့ ရုပ်ရှင်ရိုက်ဖူးတာတွေ ရှိတယ်။ နောက်တခါကျတော့ ….Number One ဆိုတဲ့ လူငယ်တွေ အားကစားလုပ်ဖို့ -ဒီလိုကိစ္စမျိုးတွေကိုလည်း သူ ဦးဆောင်ပြီး လုပ်ခဲ့တာတွေတော့ ရှိပါတယ်။ နိုင်ငံရေးမှာတော့ သူဦးဆောင်ခဲ့တာတော့ မတွေ့ရဘူးပေါ့နော်။ ဝန်ကြီးချုပ်တော့ မဖြစ်လာဘူးထင်တယ်။ ဒါပေမယ့်လည်း လွှတ်တော်ထဲမှာတော့ ပါသွားလောက်မယ်တော့ ထင်ပါတယ်။

မဆုမွန်။ ။ အဲလိုအနေအထားမှာ ထိုင်းဘုရင်ရဲ့ အမတော်လည်းဖြစ်တဲ့ တော်ဝင်မိသားစုတယောက်အနေနဲ့ ဝင်ပြီးပြိုင်မယ့်အနေအထားကရော ယှဉ်ပြိုင်မှုတွေ ပိုပြီးအားကောင်းလာမယ့်အနေအထားမှာ ရှိလား။ ဒါမှ မဟုတ်လို့ရှိရင် ဝန်ကြီးချုပ်ရနိုင်မယ့် အလားအလာရောရှိလားရှင့်။

ဦးအောင်သူငြိမ်း။ ။ ဝေဖန်တဲ့သူတွေအများစုကတော့လေ အခု ရွေးကောက်ပွဲဟာ ရလဒ်ထွက်ပြီးသားဆိုတာမျိုး ပြောတာပေါ့။ ဘာဖြစ်လို့ ပြောလဲဆိုတော့ အထက်လွှတ်တော် ဆီးနိတ်လို့ ခေါ်တဲ့ဆီမှာ လူ ၂၅၀ ရှိတယ်။ အဲဒီ ၂၅၀ က ရွေးကောက်တင်မြှောက်တာ မဟုတ်ဘဲနဲ့ အခု လက်ရှိစစ်အစိုးရ ခန့်ထားတာပေါ့နော်။ နောက်တခု အောက်လွှတ်တော်မှာကျတော့ ကိုယ်စားလှယ် ၅၀၀ ရှိတယ်။ ၃၅၀ က မဲဆန္ဒနယ်တွေက ပြိုင်ရမယ်။ ၁၅၀ က ….ပါတီတွေ ကိုယ်စားပြုပြီးတော့ ပါတီကိုမဲပေးရမယ်လို့ …။ လက်ရှိ ဝန်ကြီးချုပ်က မဲ ၁၃၀ လောက်ရလို့ရှိရင်ကို ဝန်ကြီးချုပ်ဖြစ်ပြီ။ အဲဒီတော့ နောက်တခုက ပြိုင်မယ့် ပါတီတွေအတွက်ကျတော့ သူတို့က မဲ ၃၀၀ နဲ့ ၇၀ ကျော်ကျော်လောက်ရမှ ဝန်ကြီးချုပ်ဖြစ်မယ့် အနေအထားပေါ့နော်။ အဲဒီတော့ အခု လက်ရှိ ဝန်ကြီးချုပ်ပဲ ဝန်ကြီးချုပ် ပြန်ဖြစ်မယ်ဆိုတာမျိုးတွေများ တယ်။ နောက်တခုကကျတော့ သူတို့ လူထုစစ်တမ်းကောက်တဲ့အခါမှာလည်း အများစုက အခုလူပဲ ဝန်ကြီးချုပ် ပြန်ဖြစ်မယ်လို့ ထင်နေတာပေ့ါ။

ဒါကတော့ ထိုင်းတော်ဝင်မိသားစုဝင်တဦး ဝန်ကြီးချုပ်အဖြစ်နဲ့ ဝင်ရောက် အရွေးခံမယ့်အပေါ် ထိုင်းနိုင်ငံရေး လေ့လာနေတဲ့ ဦးအောင်သူငြိမ်းရဲ့ အမြင်ဖြစ်ပါတယ်ရှင်။

စစ်အာဏာသိမ်းထားဆဲ ထိုင်းနိုင်ငံရဲ့ စစ်တပ်ကျောထောက်နောက်ခံရှိတဲ့ လက်ရှိလက်ရှိဝန်ကြီးချုပ်ကို နိုင်ခြေနည်းပေမဲ့လို့ လူထုစိတ်ဝင်စားမှုပိုရှိလာမယ့်အနေအထားဖြစ်တယ်လို့ သုံးသပ်ခဲ့တာပါ။

အခုရွေးကောက်ပွဲဝင်မယ့် မင်းသမီး Ubolratana ဟာ အမေရိကန် ပြည်ထောင်စု မက်ဆာချူးဆက် စက်မှု တက္ကသိုလ်မှာ သင်္ချာနဲ့ ဇီဝဓာတု ဘာသာရပ်တွေကို သင်ယူခဲ့ပြီး ကယ်လီဖိုးနီးယားတက္ကသိုလ်ကနေ လူထုကျန်းမာရေး မဟာဘွဲ့ရခဲ့သူ ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်မှာ ထိုင်းနိုင်ငံကို အပြီးပြန်လာပြီး တော်ဝင်မိသားစု တာဝန်တွေယူခဲ့ပေမယ့် ရာထူးတာဝန် အပြည့်အဝ ပြန်လည်ရရှိတာမျိုး မရှိတဲ့အတွက် သူနဲ့ ပတ်သက်လို့ ဝေဖန်ပြောဆိုတဲ့သူတွေအနေနဲ့ တော်ဝင်မိသားစုကို ပုတ်ခတ်စော်ကားတဲ့ ဥပဒေနဲ့ အရေးယူခံရမှာတော့ မဟုတ်ပါဘူး။

တိုက်ရိုက် လင့်ခ်

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG