သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သူရဦးရွှေမန်းကို ပြည်ခိုင်ဖြိုးခေါင်းဆောင် နေရာက ဖယ်ရှား


ပါတီ ကိုယ်စားလှယ်လောင်း သတင်းစာရှင်းလင်းပွဲ တက်ရောက် လာတဲ့ သူရဦးရွှေမန်း။
(သြဂုတ် ၁၂၊ ၂၀၁၅)
ပါတီ ကိုယ်စားလှယ်လောင်း သတင်းစာရှင်းလင်းပွဲ တက်ရောက် လာတဲ့ သူရဦးရွှေမန်း။ (သြဂုတ် ၁၂၊ ၂၀၁၅)

အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီခေါင်းဆောင် သူရဦးရွှေမန်းကို ပါတီရဲ့ အဆင့်မြင့်ရာထူးကနေ ဖယ်ရှားလိုက်ကြောင်း ဒီကနေ့ပဲ တရားဝင် ကြေညာ လိုက်ပါတယ်။ မကြာခင် ရွေးကောက်ပွဲတွေ ကျင်းပတော့မယ့် အချိန်မှာ ပါတီကို ပြန်လည်ဖွဲ့စည်းဖို့ ရည်ရွယ်တယ်လို့ ပြည်ခိုင်ဖြိုး ပါတီက ပြောဆို ခဲ့ပေမဲ့၊ ဒါဟာ အာဏာရ ပါတီတွင်းမှာ သဘောထား ကွဲလွဲမှုဖြစ်တယ် လို့လည်း ပါတီဝင်တချို့က ပြောဆိုခဲ့ကြတာပါ။ အကြောင်းစုံ ကိုတော့ နေပြည်တော် က ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မှာ ကိုယ်တိုင်သွားရောက် သတင်းယူနေတဲ့ မမေခ က ပြောပြပေးမှာ ဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်နေရာကနေ သူရဦးရွှေမန်းကို ဖယ်ရှားခဲ့ တာဟာ နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်မီ ပါတီကို အင်အားတောင့်တင်းစေဖို့သာ ဖြစ်တယ်လို့ ပါတီတာဝန်ရှိသူတွေ က ပြောဆိုခဲ့ကြတာပါ။ ပါတီရဲ့ ဖွဲ့စည်းပုံအရ မူလကတည်းက ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ သမ္မတဦးသိန်းစိန် ဆက်လက် တာဝန်ယူထားပြီး၊ သူရဦးရွှေမန်းရဲ့ ဒုတိယဥက္ကဋ္ဌ ရာထူးကိုတော့ ဦးဌေးဦးကို လွဲှပြောင်းပေးလိုက်ကြောင်း နေပြည်တော်က သတင်းစာ ရှင်းလင်းပွဲမှာ ဗဟိုကော်မတီဝင် ဒေါက်တာမောင်မောင်ဌေး ပြောဆိုလိုက်တာပါ။

“ သူရဦးရွှေမန်းသည် ပါတီရဲ့ ဒုဥက္ကဋ္ဌ တာဝန်ဖြစ်ပါတယ်။ သို့သော် ပါတီဒုဥက္ကဋ္ဌ တာဝန်ကို ပြီးခဲ့တဲ့ ၂၀၁၀မှာ နိုင်ငံတော်သမ္မတကြီးက သူက ပါတီအလုပ် လုပ်လို့မရတဲ့အတွက် သူ့ရဲ့ ပါတီဥက္ကဋ္ဌ တာဝန်ကို ခေတ္တ တာဝန်ပေးအပ်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်းပဲ ဒီကနေ့ ကာလမှာတော့ ဦးရွှေမန်းအနေနဲ့က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ရော၊ ပြည်ထောင်စု လွှတ်တော် နာယက တာဝန်ရော ကြီးလေးတဲ့ နိုင်ငံတော်ရဲ့ တာဝန်တွေကို အဓိကထားပြီး တာဝန် ထမ်းဆောင်နေရ တာဖြစ်တဲ့အတွက် ကျနော်တို့ပါတီရဲ့ ရှေ့ပိုင်းမှာ မကြာခင်မှာ ဆောင်ရွက်ရတော့မယ့် ပါတီရွေးကောက်ပွဲ အောင်နိုင်ရေး လုပ်ငန်းစဉ်တွေမှာ ပိုမိုပြီးတော့ ထိထိရောက်ရောက်နဲ့ စည်းရုံးနိုင်အောင် ဆိုပြီးတော့မှ ကျနော်တို့က ဒီဟာကို အခု အသစ်ပြန်လည်ဖွဲ့စည်းခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဗဟိုအလုပ်အမှုဆောင်အသစ်ထဲမှာတော့ သူမပါတော့ဘူး။ သို့သော် သူက အခုလက်ရှိမှာလည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌလည်းဖြစ်တယ်။ ပြည်ထောင်စု လွှတ်တော် နာယကလည်း ဖြစ်ပါတယ်။ နောက်တခုကတော့ ပြည်ခိုင်ဖြိုးပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အနေနဲ့လည်း စာရင်းပေးသွင်းထားတာလို့သိရပါတယ်။ ”

ဖွဲ့စည်းပုံအခြေခံအရ နိုင်ငံတော်သမ္မတဟာ ပါတီအလုပ်လုပ်ဆောင်ခွင့်မရှိရဆိုတဲ့ အချက်ကြောင့်သာ သမ္မတအနေနဲ့ ပါတီဥက္ကဋ္ဌ နေရာကို ၂၀၁၀မှာ လက်ရှိ ဥက္ကဋ္ဌနေရာမှ ဖယ်ရှားခံရတဲ့ ဦးသူရရွှေမန်းကို ယာယီလွှဲအပ်ခြင်းဖြစ်ကြောင်းလည်း ဒေါက်တာမောင်မောင်ဌေးကပြောပါတယ်။

မနေ့တုန်းကပဲ ပြည်ခိုင်ဖြိုးပါတီက ညီလာခံတရပ်ကျင်းပပြီး၊ မကြာခင် ကျင်းပမယ့် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းတွေအဖြစ် ပါဝင်ယှဉ်ပြိုင်မယ့်သူတွေကို တရားဝင် ထုတ်ပြန်ကြေညာခဲ့တာပါ။

ပါတီဌာနချုပ်ရုံးကို လုံခြုံရေးအာဏာပိုင်တွေ ဝိုင်းဝန်းထားခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့အတူ ညနက်ပိုင်းအထိ ပါတီတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးမှ အပြောင်းအလဲတွေ အခုလို ပေါ်ပေါက်ခဲ့တာပါ။ သူရဦးရွှေမန်းကိုလည်း နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားတယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ ပြည်ခိုင်ဖြိုးပါတီကတော့ ဒါနဲ့ပတ်သက်လို့ တစုံတရာ အတည်ပြု ပြောဆိုခဲ့ခြင်း မရှိပါဘူး။

မနေ့ညကတည်းက ပြည်ခိုင်ဖြိုးပါတီကို ညအချိန်မတော် ရဲအင်အားနဲ့ဝင်ရောက်ကာ လုံခြုံရေး အင်အားယူကာ စည်းဝေးပွဲတွေ ညတွင်းချင်း လုပ်ဆောင်ခဲ့တာနဲ့ ပတ်သတ်ပြီး ဗဟိုလုပ်မှုဆောင် ကော်မတီဝင် ဦးသန်းထွန်း က မှတ်ချက် တစုံတရာ မပေးခဲ့ပါဘူး။ လုံခြုံရေးရယူတာကလည်း ပါတီ ကိုယ်စားလှယ်တွေရှိတဲ့အတွက်သာ လုံခြုံရေးယူတာလို့ပြောဆိုထားပါတယ်။

“ သူက စီစဉ်တာ မဟုတ်ဘူး။ ကျနော်တို့ရှိတဲ့ပါတီ ဗဟိုကော်မတီတွေက ဒီထဲမှာပါတယ်။ ဗဟိုကော်မတီအဖွဲ့ကနေပြီးတော့မှ ဆောင်ရွက်တာဖြစ်ပါတယ်။ ကျနော်တို့ ဒုဥက္ကဋ္ဌ ဦးဌေးဦးလေ ၊ ဦးဌေးဦးနဲ့ ကျနော်တို့ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံတွေ နောက် ဒုတိယ ဥက္ကဋ္ဌနောက် ဗဟိုအကြံပေးတွေနဲ့ ဗဟိုကော်မတီဝင်တွေ ညှိနှိုင်းဆွေးနွေးပြီးတော့မှ ပါတီကို ယခုထက် စည်းလုံးညီညွတ်မှုရှိဖို့နဲ့ လူကြီးလူငယ် လူလတ်တွေနဲ့ အင်ပြည့်အားပြည့် ဆောင်ရွက်နိုင်ဖို့အတွက် ပါတီကို ပြင်ဆင်ဖွဲ့စည်းဖို့ လိုအပ်တယ်လို့ သုံးသပ်တဲ့အတွက် ဒါလုပ်တာပါနော်။”

ဒါပေမယ့် အခြေအနေတွေကို မျက်မြင်ကြုံရတဲ့ ပါတီအဖွဲ့ဝင်တဦးကတော့ လက်ရှိ ဦးသူရရွှေမန်း အခြေအနေက ကျန်းမာရေးကြောင့် အနားယူနေတယ်လို့ ပြောဆိုခဲ့ပေမဲ့၊ ပါတီတွင်းမှာ တင်းမာမှု အခြေအနေတွေလည်း ရှိနေတယ်လို့လည်း ပြောပါတယ်။

“ ဖမ်းတယ် ဆီးတယ်လို့ ဘာတို့ဆိုတာက ဖမ်းတာဆီးတာတို့ ထိန်းသိမ်းတာတို့ ဒါတွေ မဟုတ်ပါဘူးခင်ဗျ။ ပြောင်းလဲတယ်ဆိုတာတော့ ဘာရည်ရွယ်ချက်နဲ့ ပြောင်းလဲတယ် ဆိုတာတော့ မသိရဘူး။ ဒါပေမဲ့ အင်အားသုံးပြီးတော့ ပြောင်းလဲတဲ့သဘော သက်ရောက်သွားတာပေါ့ဗျာ။ စစ်အင်အား ရဲအင်အားတွေ နဲ့ ကျနော်တို့ ပါတီဌာနချုပ်ကို လာပြီးတော့ ဝိုင်းပြီးတော့ အဝင်အထွက်တွေကို စစ်ဆေးတယ်။ အစိုးရအဖွဲ့က တာဝန်ရှိတဲ့လူကြီးတချို့ ရောက်လာတယ်။ ရောက်လာပြီးတော့ မနေ့ညကနေ မနက်ပိုင်းအထိတောင် အစည်းအဝေးလုပ်တယ်။ အဲ့တော့ အဲ့သလို အပြောင်းအလဲ လုပ်တာတွေ ဟာ သမ္မတကြီးရဲ့ အစီအမံနဲ့ လုပ်တယ်လို့ သိရတယ်။ သူရဦးရွှေမန်းနဲ့ ဦးမောင်မောင်သိမ်းက အစည်းအဝေး လုပ်တဲ့အထဲမှာ မပါဘူး။”

ပြည်ခိုင်ဖြိုးထုတ်ပြန်ချက်အရ သူရဦးရွှေမန်းနေရာကို ဦးဌေးဦး၊ အထွေထွေတွင်းမှုးနေရာကို ဦးမောင်မောင်သိမ်းအစား ဦးတင်နိုင်သိန်း တို့ကို လွှဲအပ်ထားပါတယ်။ အသစ်ဖွဲ့စည်းမှုမှာ သမ္မတနဲ့နီးစပ်တဲ့ ဝန်ကြီးတွေဖြစ်ခဲ့တဲ့ ဦးအောင်မင်း၊ ဦးခင်ရီ၊ဦးစိုးသိန်း၊ ဦးသက်နိုင်ဝင်း၊ ဒေါ်ဝင်းမော်ထွန်း၊ ဦးပိုက်ထွေး၊ ဦးလှဌေးဝင်းနဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ တို့က ဗဟိုအလုပ်မှုဆောင် အနေနဲ့ ပါဝင်လာပါတယ်။ ဒီပြင် ဦးအောင်မင်းဇနီး ဒေါ်ဝေဝေသာကလည်း ဗဟိုအလုပ်မှုဆောင်ထဲမှာပါဝင်လာပါတယ်။


XS
SM
MD
LG