သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွယ်လွန်သူ ရုရှားအတိုက်အခံခေါင်းဆောင် ဂုဏ်ပြုသူ ၄၀၀ ကျော် ဖမ်းဆီးခံရ


အတိုက်အခံခေါင်းဆောင် Alexei Navalny အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ကျင်းပခဲ့ကြသူကို ရုရှားရဲတပ်ဖွဲ့ဖမ်းဆီး (ဖေဖေါ် ဝါရီ ၁၇၊ ၂၀၂၄)
အတိုက်အခံခေါင်းဆောင် Alexei Navalny အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ကျင်းပခဲ့ကြသူကို ရုရှားရဲတပ်ဖွဲ့ဖမ်းဆီး (ဖေဖေါ် ဝါရီ ၁၇၊ ၂၀၂၄)

အကျဉ်းထောင်တွင်း သေဆုံးခဲ့တဲ့ ရုရှားအတိုက်အခံခေါင်းဆောင် Alexey Navalny အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ကျင်းပခဲ့ကြသူ လူပေါင်း ၄၀၀ ကျော် ရုရှားမှာ ဖမ်းဆီးခံခဲ့ရကြောင်း လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တခုက ပြောလိုက်ပါတယ်။

ရုရှားသမ္မတ Vladimir Putin ကို အပြင်းအထန်ဝေဖန်သူ အတိုက်အခံခေါင်းဆောင်ကို မျှော်လင့်နေသူတွေအတွက် အသက် ၄၇ နှစ်အရွယ်မှာ ထောင်တွင်း ရုတ်တရက် သေဆုံးသွားတဲ့အတွက် တုန်လှုပ်စရာ ဖြစ်ခဲ့ရတာပါ။ ကွယ်လွန်သူ ရုရှား အတိုက်အခံခေါင်းဆောင်ကို အမှတ်တရ ဂုဏ်ပြုတဲ့ အခမ်းအနားတွေ၊ အောက်မေ့ဖွယ် အထိမ်းအမှတ်တွေနဲ့ နိုင်ငံရေးအရ ဖိနှိပ်ခံရသူတွေအတွက် ရည်စူးပြီး ပန်းတွေ၊ မီးထွန်းပွဲတွေကို ရုရှားနိုင်ငံက မြို့တွေမှာသာမက ကမ္ဘာ့နိုင်ငံတွေမှာပါ ကျင်းပခဲ့ကြပါတယ်။

နိုင်ငံရေးအရ ဖမ်းဆီးခံရသူတွေနဲ့ ပတ်သက်လို့ မှတ်တမ်းတင် ပြုစုနေပြီး ဥပဒေကြောင်းအရ အကူအညီပေးနေတဲ့ OVD-Info အဖွဲ့ကတော့ ရုရှားနိုင်ငံက ဒါဇင်နဲ့ချီတဲ့ မြို့တွေမှာ စနေနေ့ညအထိ ဖမ်းဆီးခံရသူ ၄၀၁ ယောက် ရှိခဲ့တယ်လို့ ပြောပါတယ်။ ရုရှားနိုင်ငံက ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ St. Petersburg မှာ အများဆုံးအဖြစ် ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့လည်း ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ရုရှား Orthodox ခရစ်ယာန်ဂိုဏ်းနဲ့ ပတ်သက်မှုမရှိတဲ့ Apostolic Orthodox ဂိုဏ်းက ဘုန်းတော်ကြီး Grigory Mikhnov-Voitenko လည်း ပါဝင်ခဲ့တာပါ။ ကွယ်လွန်သူ အတိုက်အခံခေါင်းဆောင်အတွက် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပမယ့် အစီအစဉ်ကို လူမှုကွန်ရက်မှာ ကြေညာခဲ့ပြီးနောက် စနေနေ့မနက်ပိုင်းမှာပဲ နေအိမ်အပြင်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ လူစုလူဝေးလုပ်ဖို့ စီစဉ်မှုနဲ့ အရေးယူခဲ့ပြီး ရဲစခန်းမှာ ထိန်းသိမ်းထားစဉ် ရုတ်တရက် နှလုံးရောဂါကြောင့် ဆေးရုံပို့လိုက်ရတယ်လို့လည်း OVD-Info အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG