သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၄ ရုရှား ရွေးကောက်ပွဲ


ရုရှားနိုင်ငံ မော်စကိုမြို့တော်မှာရှိတဲ့ ခရင်မလင်နန်းတော် (ဇူလိုင် ၉၊ ၂၀၁၈)
ရုရှားနိုင်ငံ မော်စကိုမြို့တော်မှာရှိတဲ့ ခရင်မလင်နန်းတော် (ဇူလိုင် ၉၊ ၂၀၁၈)

မြို့တော် - မော်စကို
လူဦးရေ - ၁၄၄ သန်း
၂၀၂၂ စုစုပေါင်းပြည်တွင်းထုတ်ကုန် - ဒေါ်လာ ၂.၂၄ ထွီလျံ

လွန်ခဲ့တဲ့ ၂ နှစ်နီးပါးမှာ ယူကရိန်းကို ဝင်ရောက်ကျူးကျော်ပြီးနောက်ပိုင်း ကတည်းက ယူကရိန်းရဲ့ မဟာမိတ်တွေကြောင့် ရုရှားဟာ ကမ္ဘာမှာ ပိတ်ဆို့ဒဏ်ခတ်မှု အခံရဆုံး နိုင်ငံဖြစ်ပါတယ်။ စီးပွားရေးလည်ပတ်မှု ထိခိုက်ပြီး အခုဆို အများဆုံးကုန်သွယ်ဖက်ဖြစ်တဲ့ တရုတ်နဲ့လည်း ပိုနီးကပ်သွားစေခဲ့တာပါ။

ငွေကြေးဖောင်းပွမှုနှုန်း အထူးမြင့်မားနေတဲ့ကြားမှာပဲ ၂၀၂၄ ရွေးကောက်ပွဲမှာ သမ္မတပူတင် အာဏာလက်လွှတ်ရမှာ မဟုတ်ဘူးလို့ အကဲခတ်တွေက ရှုမြင်ပါတယ်။ သူ့ရဲ့ နိုင်ငံရေးပြိုင်ဘက်တွေလည်း ထောင်ကျရင်ကျ၊ ပျောက်ရင်ပျောက်၊ မသင်္ကာစရာ အခြေအနေနဲ့ သေရင်ရင် ဖြစ်ကုန်ကြတာပါ။

“ရုရှားမှာ ရွေးကောက်ပွဲတွေက ဟိုးအရင်ကတည်းက တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားတာ ဖြစ်တယ်” လို့ ဂျွန်ဟော့ကင်းစ် တက္ကသိုလ်က ဆိုဗီယက်သမိုင်း ပါမောက္ခ ဆာဂေး ရတ်ဒ်ချန်ကိုက ပြောပါတယ်။ တကယ်လို့ ပူတင်သာ နောက်ထပ် ၆ နှစ်အတွက် အနိုင်ရသွားမယ်ဆိုရင် “ရုရှားအစိုးရက ယူကရိန်းမှာ ရက်စက်မှုတွေ ဆက်လက် ကျူးလွန်ပြီး ပြည်တွင်းမှာတော့ အာဏာရှင်ဆန်တဲ့ မူဝါဒတွေကို ပိုပြီးတောင်ကျင့်သုံးပါဦးမယ်” လို့လည်း သုံးသပ်ပါတယ်။

ယူကရိန်းနဲ့ စစ်ပွဲမှာ ဘယ်လောက်အောင်မြင်မှု ရမလဲဆိုတာကတော့ အမေရိကန်မှာ တက်လာမယ့်သမ္မတ ဘယ်သူဖြစ်မလဲဆိုတာအပေါ် မူတည်ပါတယ်။

သမ္မတ ဘိုင်ဒန် ပြန်အရွေးခံရမယ်ဆိုရင် “သူဟာ ယူကရိန်းမှာ အောင်မြင်မှု တစုံတရာ ရဖို့ စစ်ရေးနည်းနဲ့ ဆက်လက်လုပ်ဆောင်ပါလိမ့်မယ်” လို့ မစ္စတာ ရတ်ဒ်ချန်ကိုက ပြောတာပါ။

“တဘက်မှာလည်း ထရမ့်သာအနိုင်ရသွားရင် ယူကရိန်းကို သူလက်လွှတ်ပေးလိုက်ပြီး ရုရှားပြောတဲ့နည်းနဲ့ ဒီပဋိပက္ခကို အမြန်ဆုံး ဖြေရှင်းလိုက်မလားဆိုတာက တကယ်မေးခွန်းထုတ်စရာပါ” လို့လည်း ပြောသွားပါတယ်။

ထရမ့်ရဲ့ အမေရိကန်အောက်လွှတ်တော်ထဲက မဟာမိတ်တွေက ဒီပဋိပက္ခမှာ ယူကရိန်းဘက်က တိုးတက်မှု နှေးကွေးနေတာကို စိတ်မရှည်နိုင်ကြတော့ပဲ “ပူတင်ကလည်း အမေရိကန်ပြည်ထောင်စုကို သူ့ အနောက်မဟာမိတ်တွေနဲ့ တည်ပြီး ကစားဖို့ စိတ်ဝင်စားနေပါတယ်” လို့လည်း သုံးသပ်ပါတယ်။

အမေရိကန်လွှတ်တော်က ၂၀၂၃ ဒီဇင်ဘာမှာ သဘောတူခွင့်ပြုလိုက်တဲ့ ဥပဒေအရ နေတိုးအဖွဲ့ထဲကနေ အမေရိကန်တပ်တွေ ပြန်ရုပ်သိမ်းဖို့ အတွက် အထက်လွှတ်တော်ရဲ့ ခွင့်ပြုချက်လိုပါတယ်။ ဒီလိုဆိုရင် သမ္မတထရမ့် နောက်တကြိမ်ပြန်အနိုင်ရလည်း အရင်က ခြိမ်းခြောက်ထားဖူးသလို သူ့ တဦးတည်းဆုံးဖြတ်ချက်နဲ့ နေတိုးအဖွဲ့ဆီကနေ အမေရိကန်တပ်တွေကို ပြန်ရုတ်သိမ်းလို့ မရနိုင်ပါဘူး။ ဒါပေမဲ့ သမ္မတထရမ့်က နေတိုးအဖွဲ့နဲ့ ပတ်သတ်ရင် အယုံအကြည်ကင်းမဲ့တာကြောင့် ပူတင်ဖြစ်စေချင်သလို အနောက်မဟာမိတ်တွေနဲ့ အမေရိကန်ကြား ချိန်သားမကိုက်တဲ့ အခြေအနေတွေ၊ ကွဲပြားမှုတွေ ဖြစ်လာနိုင်ပါတယ်။

XS
SM
MD
LG