သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၄ ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲ


အမေရိကန်၊ ထိုင်ဝမ်၊ တရုတ် အလံ
အမေရိကန်၊ ထိုင်ဝမ်၊ တရုတ် အလံ

မြို့တော် - ထိုင်ပေ

လူဦးရေ - ၂၃.၉ သန်း

၂၀၂၂ စုစုပေါင်းပြည်တွင်းထုတ်ကုန် - ဒေါ်လာ ၇၆၀.၄ ဘီလျံ

တရုတ်ကမ်းလွန်ပင်လယ်ထဲမှာ ကိုယ်ပိုင်အုပ်ချုပ်မှုနဲ့ရပ်တည်တဲ့ ထိုင်ဝမ်ကျွန်းဟာ မြေအကျယ်အဝန်းအားဖြင့် သေးငယ်တယ်ဆိုပေမဲ့ ကမ္ဘာ့စီးပွားရေးနယ်ပယ်မှာ ဩဇာလွှမ်းမိုးနိုင်တဲ့ အနေအထားမှာရှိပါတယ်။ ကမ္ဘာမှာ သုံးစွဲနေတဲ့ တပိုင်းလျှပ်ကူးပစ္စည်း ၇၀% ကျော်နဲ့ နည်းပညာအဆင့်မြင့် မိုက်ခရိုချစ်ပ်တုံး ၉၀% လောက်ကို ထိုင်ဝမ်ကုမ္ပဏီတွေက ထုတ်လုပ်တာပါ။

ထိုင်ဝမ်ဟာ သူ့နယ်မြေရဲ့ တစိတ်တပိုင်းဖြစ်တယ်ဆိုပြီး ပြောဆိုနေတဲ့ တရုတ်အောက်မှာ မဟုတ်ပဲ ထိုင်ဝမ်ရဲ့ လွတ်လပ်ရေးကိစ္စက အမေရိကန်အစိုးရနဲ့ တရုတ်အစိုးကြား ၂၀၂၄ ခုနှစ်ထဲထိ ပါလာတဲ့ အဓိကပြဿနာတခု ဖြစ်ပါတယ်။

ဇန်နဝါရီလအတွင်းကျင်းပမယ့် ထိုင်ဝမ်မှာက သက်တမ်းပြည့်သွားပြီဖြစ်တဲ့ သမ္မတချိုင်အင်ဝမ်က မပါတော့ပါဘူး။ ယှဉ်ပြိုင်သူတွေကြားမှာ ရှေ့ဆုံးကပြေးနေတဲ့၊ လက်ရှိဒုသမ္မတ လိုင်ချင်းတယ် Lai Ching-te ကို မဲမထည့်ဖြစ်အောင် တရုတ်က သတင်းမှားတွေဖြန့်နေတယ်လို့ သမ္မတက သတိပေးပါတယ်။

ဒီမိုကရက်တစ်တိုးတက်ရေးပါတီ DPP ကို ဦးဆောင်ဦးရွက်ပြုတဲ့ မစ္စတာလိုင် ထိုင်ဝမ်ရဲ့ အချုပ်အခြာအာဏာပိုင်စိုးမှုနဲ့ ပတ်သတ်ပြီး အရင်က ပြောခဲ့တာတွေကို တရုတ်မှာ အရမ်းစိတ်ဆိုးကြပါတယ်။ လိုင်ရဲ့ ယှဉ်ပြိုင်ဘက်တွေကတော့ တရုတ်အစိုးရနဲ့ ပတ်သက်ရင် ပိုပျော့ပြောင်းတဲ့သဘောထားနဲ့ ရပ်တည်ပါတယ်။

ထိုင်ဝမ်ရဲ့ မဟာမိတ်ရင်းတွေထဲမှာ အမေရိကန် ပါဝင်ပါတယ်။ တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်က ခြေလှမ်းပိုစိတ် လှုပ်ရှားမှုတွေတိုးလာချိန်မှာ၊ ထိုင်ဝမ်ကို ကျူးကျော်တာမျိုး လုပ်လာရင် အမေရိကန်က အကာအကွယ်ပေးမယ်လို့ သမ္မတ ဘိုင်ဒန်က ကတိပြုထားပါတယ်။ ထရမ့်ကတော့ အစ္စရေးနဲ့ ယူကရိန်း ကိစ္စတွေမှာလိုပဲ မတင်မကျပဲ လုပ်နေပါတယ်။

ထိုင်ဝမ်ရွေးကောက်ပွဲမှာ မစ္စတာလိုင်သာအနိုင်ရရင် တရုတ်နဲ့ ထိုင်ဝမ်ကြား တင်းမာမှု အထွဋ်အထိပ်ရောက်ကာ စစ်ဖြစ်နိုင်တယ်ဆိုပြီး လေ့လာအကဲခတ်သူတချို့ စိတ်ပူနေတယ်လို့ စတင်ဆန် စင်တာ၊ တရုတ်အစီအစဉ် ညွှန်ကြားရေးမှူး ယွန်ဆန်က ပြောပါတယ်။

ယွန်ဆန်ကတော့ “တရုတ်သမ္မတ ရှီကျင်းပင်မှာ သူ့ထက်အရေးကြီးတဲ့ ကိစ္စတွေ ကိုင်တွယ်ဖို့ ရှိပါတယ်” လို့ ၂၀၂၄ ခုနှစ်မှာ တရုတ်ကွန်မြူနစ်ပါတီ ကိုင်တွယ်ရမယ့် ကိစ္စတွေနဲ့ ပတ်သတ်ပြီး ပြောသွားပါတယ်။ ဒါပေမဲ့ ဒီလိုဆိုလိုက်လို့ မစ္စတာလိုင်ရဲ့ အုပ်ချုပ်မှု နောက် ၄ နှစ် ကာလအတွင်း တရုတ်နဲ့ ထိုင်ဝမ်ကြား ဆက်ဆံရေး ပိုကောင်းလာမှာလည်း မဟုတ်ပါဘူး။ မစ္စတာလိုင်နဲ့ ညှိနှိုင်းလုပ်ဆောင်ဖို့ တရုတ်က ယူဆထားကြောင်း ယွန်ဆန်က ပြောပါတယ်။

တရုတ်သမ္မတရှီကလည်း နှစ်သစ်ကူးမိန့်ခွန်းမှာ တရုတ်နဲ့ ထိုင်ဝမ် ပေါင်းစည်းသွားရမှာ သေချာပါတယ်လို့ အချိန်ကာလကိုတော့ ချန်ထားခဲ့ပြီး ပြောသွားပါတယ်။ အမေရိကန် ထောက်လှမ်းရေးအေဂျင်စီ CIA အကြီးအကဲ ဝီလျံဘန်းစ်ကတော့ တရုတ်သမ္မတရှီက ထိုင်ဝမ်ကို အနိုင်သိမ်းပိုက်ဖို့ ၂၀၂၇မှာ အသင့်ဖြစ်နေအောင် ပြင်ဆင်နေတယ်ဆိုတာ ထောက်လှမ်းသိရှိထားကြောင်း ပြောထားပါတယ်။

၂၀၂၄ခုနှစ်အတွင်း တခြားနိုင်ငံမှာကျင်းပတဲ့ရွေးကောက်ပွဲများအကြောင်းကိုလည်း ဆက်လက်တင်ပြပေးသွားပါမယ်။

XS
SM
MD
LG