သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲနီးလာချိန် ထိုင်ဝမ်ကျွန်းတဝိုက် တရုတ်စစ်ရေးလှုပ်ရှားမှု တိုးလာ  


China Taiwan
China Taiwan

တရုတ်လေယာဉ်တချို့က ထိုင်ဝမ်ရေလက်ကြားရဲ့ ဗဟိုမျဉ်းကို ဖြတ်ကျော်ဝင်ရောက်တာအပါအဝင် ကျွန်းတဝိုက်မှာ တရုတ်စစ်လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေ စနေ့နေ့က တွေ့ရကြောင်း ထိုင်ဝမ်က ပြောပါတယ်။ ထိုင်ဝမ်မှာ ရွေးကောက်ပွဲကျင်းပဖို့ သုံးပတ်ပဲလိုချိန်မှာ တရုတ်ပြည်မကြီးဘက်က စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။

စနေနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁:၃၀ ကတည်းက J-10၊ J-11 နဲ့ J-16 တိုက်လေယာဉ်တွေအပါအဝင် တရုတ်စစ်ဘက်လေယာဥ်တွေကို ထိုင်ဝမ်ကျွန်းရဲ့ မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ အနောက်တောင်ဘက်က လေပိုင်နက်တွေမှာ တွေ့ရကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ထိုင်ဝမ်ဘက်ကလည်း အခြေအနေကို စောင့်ကြည့်ဖို့ တပ်ဖွဲ့တွေ စေလွှတ်ထားတယ်လို့ ဆိုပါတယ်။

တရုတ်တိုက်လေယာဉ် ၁၀ စင်းက ထိုင်ဝမ်ရေလက်ကြားက ဗဟိုမျဉ်းနဲ့ အနီးတဝိုက်ကို ဖြတ်ကျော်ခဲ့သလို တရုတ်စစ်သင်္ဘောတွေနဲ့ ပူးတွဲပြီး အသင့်အနေအထားနဲ့ ကင်းလှည့်နေတာပါ။ အဲဒီဗဟိုမျဥ်းက တရားဝင်သဘောမဟုတ်ပေမယ့် အရင်ကတော့ နှစ်ဘက်ကြား ကန့်သတ်မျဥ်း အဖြစ် သတ်မှတ်ထားပေမယ့် အခုအခါမှာတော့ တရုတ်လေယာဉ်တွေ ပုံမှန်လိုလိုပျံသန်းလေ့ရှိပါတယ်။

ထိုင်ဝမ်ကျွန်းကို တရုတ်ဘက်က သူပိုင်နက်အဖြစ်သတ်မှတ်ထားပြီး ကျွန်းအနီးမှာ ပုံမှန် တရုတ်စစ်တပ်ကင်းလှည့်တာတွေနဲ့ စစ်ရေးလေ့ကျင့်တာတွေ လုပ်နေတာ လေးနှစ် ရှိနေပြီဖြစ်ပါတယ်။ ထိုင်ဝမ်အနီး လတ်တလော စစ်ရေးလှုပ်ရှားမှုတွေ တိုးလာတာနဲ့ ပတ်သက်လို့တော့ တရုတ်အစိုးရဘက်က သတင်းမထုတ်ပြန်သေးပါဘူး။

အရင်ကတော့ စစ်ရေးလှုပ်ရှားမှုတွေလုပ်တိုင်း ထိုင်ဝမ် ခွဲထွက်ရေးသမားတွေနဲ့ အမေရိကန်တို့ကြား “ပူးပေါင်းဆောင်ရွက်မှု” ကို တားဆီးနိုင်ဖို့နဲ့ တရုတ်ရဲ့ ပိုင်နက်နယ်မြေ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ ရည်ရွယ်ထားကြောင်း တရုတ်ဘက်က ပြောလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG