သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်က ထိုင်ဝမ်ကို အန္တရာယ်တွင်းထဲ တွန်းပို့နေတယ်လို့ တရုတ်စွပ်စွဲ


United States China Taiwan
United States China Taiwan

အမေရိကန်နိုင်ငံဟာ ထိုင်ဝမ်ကိုခေတ်မီ စစ်လက်နက်တွေ ရောင်းချပေးပြီး အန္တရာယ်တွင်းထဲ တွန်းပို့နေ တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ စွပ်စွဲလိုက်ပါတယ်။ အမေရိကန်က စုစုပေါင်း ဒေါ်လာ ၄၄၀ ဒသမ ၂ သန်းတန်ဖိုးရှိ နောက်ဆုံးပေါ် စစ်လက်နက်တွေကို ထိုင်ဝမ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရကျွန်းကို အခုလတ်တလောမှာ ရောင်းချဖို့ ရှိနေတာပါ။

ယာဉ်၊ လက်နက်ငယ်၊ တိုက်ခိုက်ရေးလက်နက်နဲ့ ထောက်ပံ့ပို့ဆောင်ရေးပစ္စည်းတွေ အတွက် အပိုပစ္စည်း တွေနဲ့ အတူ ၃၀ မီလီမီတာ ခဲယမ်းမီးကျောက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို အမေရိကန် နိုင်ငံခြားရေးဌာန ထိုင်ဝမ်အတွက် ရောင်းချပေးဖို့အတည်ပြုခဲ့တာပါ။

"အမေရိကန်ဟာ တရုတ်နိုင်ငံရဲ့ အဓိကစိုးရိမ်ချက်တွေကို လျစ်လျူရှုပြီး တရုတ်ရဲ့ ပြည်တွင်းရေးကို ရိုင်းပြစော်ကားစွာနဲ့ ဝင်ရောက်စွက်ဖက်နေသလို ထိုင်ဝမ်ရေလက်ကြားမှာ တမင်သက်သက် တင်းမာမှုတွေ တိုးအောင် လုပ်နေတယ်" လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး Tan Kefei ကပြောပါတယ်။ ဒီအတွက်အမေရိကန်အစိုးရကိုသံတမန်နည်းအရမကျေနပ်ကြောင်း“ပြင်းပြင်းထန်ထန် ကန့်ကွက်” ထားတယ်လို့လည်း ဆိုပါတယ်။ ဒါဟာ “ထိုင်ဝမ်ကို ဘေးဥပါဒ်ချောက်ထဲ အရှိန်မြှင့်ပြီးတွန်းပို့လိုက်တာနဲ့ တူတယ်” လို့ ဗိုလ်မှူးကြီး Tan ရဲ့ ကြေညာချက်ကို ဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုဒ် မှာ ဖော်ပြထားပါတယ်။

အင်အားသုံးပြီး ထိုင်ဝမ်လွတ်လပ်ရေးယူမယ်ဆိုတာက ‘ဆန္ဒရှိတဲ့ စိတ်ကူးသက်သက်’ ဖြစ်ပြီး ကျရှုံးမှုနဲ့ ကြုံတွေ့ရမှာဖြစ်ကြောင်း၊ တရုတ်ဘာသာစကားနဲ့ ‘စံ’ အသုံးအနှုန်းဝေါဟာရတွေကို သုံးပြီး ထုတ်ပြန်ချက် မှာ ရေးသားထားပါတယ်။ ဒါ့အပြင် “တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အနေနဲ့ အသင့်အနေ အထားနဲ့ အမြဲရှိနေပြီး ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်အေးချမ်းရေးအတွက် အမြဲထိန်းသိမ်းထားမှာ ဖြစ်ကြောင်း ဗိုလ်မှူးကြီး Tan က သတိပေးထားပါတယ်။

တရုတ်က ထိုင်ဝမ်ကျွန်းကို သူ့ပိုင်နက်အဖြစ်ရှုမြင်ပြီး လိုအပ်ရင်အင်အားသုံးသိမ်းပိုက်မယ်လို့ အခိုင်အမာ ဆိုထားတာပါ။ အမေရိကန်ကလည်း ထိုင်ဝမ် လွတ်လပ်ရေးကိုတရားဝင် အသိအမှတ် ပြုတာမျိုး မရှိဘဲတရုတ် ပြည်မကြီးကို အခြေခံတဲ့ “တရုတ် တပြည်ထောင်” မူဝါဒကိုပဲ ဆက်လက် ထိန်းသိမ်းထား သလို ထိုင်ဝမ်ကျွန်းနဲ့ သံတမန်ဆက်ဆံရေးတရားဝင် ထူထောင်ထားတာမျိုးတော့ မရှိပါဘူး။

တဖက်မှာလည်း အမေရိကန် အနေနဲ့ ထိုင်ဝမ်ကျွန်း လုံခြုံရေးကို ခြိမ်းခြောက်တဲ့ “စိုးရိမ်ဖွယ် အခြေ အနေ” တွေကိုအပြည့်အဝ ကာကွယ်ပေးနိုင်ဖို့ ဥပဒေပြဌာန်းပြီး အကာအကွယ်ပေးထားတဲ့အတွက် စစ်လက်နက် ရောင်းချတာတွေ လုပ်ပေးသလို ထိတွေ့ ဆက်ဆံနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG