သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလား ပရိသတ် အကြိုက်တွေ့နေတဲ့ ရုရှားဟင်းလျာများ


ရုရှားနိုင်ငံက ကမ္ဘာ့ဖလားဘောလုံးပွဲကို လာကြည့်ကြတဲ့ တကမ္ဘာလုံးက ပရိသတ်တွေဟာ ဆိတ်စွပ်ပြုတ်၊ ကာဗီယာငါးဥ နဲ့ နွားပေါက်စရဲ့ လျှာ စတဲ့ ရုရှားဟင်းလျာတွေကို အကြိုက်တွေ့နေကြပါတယ်။ VOA သတင်းထောက် Mariama Diallo ရဲ့သတင်းလွှာကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

ကမ္ဘာ့ဖလားပွဲ မစခင်တုန်းက ရုရှားဟင်းလျာတွေဟာ လူသိနည်းလှပါတယ်။ အမဲပြုတ်ရည်နဲ့ချက်တဲ့ မုန်လာဥဟင်းရည်၊ အတ္တလန်တိတ် ငါးဆားနယ်၊ ကြက်ဥနဲ့ မာယိုးနိဇ်၊ ရုရုားရိုးရာ အာလူးဆလပ်နဲ့ အစာသွပ်ဖက်ထုတ်တွေကို ကမ္ဘာ့ပရိသတ်က နှစ်သက်ကြပြီး ဒီအစားသောက် တွေကတဆင့် ရုရှားယဉ်ကျေးမှုကိုပါ လေ့လာနိုင်ကြပါတယ်။ DAVID GREGORY ဟာ အင်္ဂလန်အသင်းကို လာရောက် အားပေးသူ ဖြစ်ပါတယ်။

"ကျနော်တို့က ရုရှားရိုးရာဟင်းတွေ မှာစားဖြစ်တယ်။ ကြပ်တိုက် အသားကင်၊ ပဲစွပ်ပြုတ်၊ ဆိပ်စတူးဟင်းတွေ စားဖြစ်ပါတယ်။ အရမ်း စားကောင်းပါတယ်၊ ယဉ်ကျေးမှုကလည်း မြင့်ပါတယ်။"

စားပွဲရဲ့ အခြားတဖက်မှာ ထိုင်စားနေတဲ့ အင်္ဂလန်အသင်း အားပေးသူတွေကတော့ သူတို့ ဆိပ်စွပ်ပြုတ်နဲ့ အသီးအရွက်တွေ စားကြောင်း အရမ်းကောင်းကြောင်း ပြောပါတယ်။ ဘရာဇီးပရိသတ်တဦးကတော့ ရုရှားဟင်းလျာတွေက သူ့ရဲ့ဇာတိမြေကို ပြန်သတိရစေတယ်လို့ ဆိုပါတယ်။

"ဒီ(ခါဇန်)မြို့က ရိုးရာဟင်းတမျိုးဖြစ်တဲ့ အာလူး၊ မုန်လာဥနီတွေပါတဲ့ အသားဟင်းတမျိုးကို ကျနော် မှာစားမိတော့ ဘရာဇီးမှာ စားနေကျဟင်း တမျိုးနဲ့ အတော်ဆင်တူတာ သတိထားမိပါတယ်။ အိမ်ပြန်ရောက်နေသလိုမျိုး ခံစားရပါတယ်။"

ဘရာဇီးဘောလုံးပရိသတ်ဟာ ရုရှားရဲ့ရိုးရာဟင်းတွေသာမကပဲ အခြားဟင်းလျာတွေပါ လိုက်ပြီး အရသာခံကြည့်နေကြတာပါ။ ဘရာဇီးနိုင်ငံ Sao Paulo မြို့က Marcello Magalhaes ကတော့ လှေငယ်ပုံစံမျိုး ချိဇ်တွေနဲ့ ဖုတ်ထားတဲ့ ပေါင်မုန့်ကို အကြိုက်တွေ့နေသူပါ။

"ဒီထဲမှာ ကြက်ဥအနှစ်ရယ် ချိဇ်ရယ် ထည့်ထားတော့ အရမ်း စားကောင်းပါတယ်။ ကောင်းလွန်းလို့ တခုပြီးတခု မှားစားနေမိပါတယ်။"

ဒီလိုပွဲတော်ကာလမှာ ဘီယာကတော့ မရှိလို့ မဖြစ်ပါဘူး။ အရက်ဆိုင်တခုတော့ ရုရှားရိုးရာ ရေနွေးကြိုတဲ့အိုးထဲမှာ ဘီယာထည့်ပြီး လာသောက်သူတွေ စိတ်ဝင်စားအောင် စီမံပေးထားတယ်လို့ ဆိုင်မန်နေဂျာကပြောပါတယ်။

"ကျနော်တို့ဆီမှာ ရေနွေးကြိုတဲ့အိုးကြီးရှိတော့ အဲဒီထဲကို ရေခဲထည့်တယ်၊ အထဲမှာ ဘီယာကို အအေးခံတယ်။"

ကမ္ဘာ့ဖလားပွဲတွေ ပြီးဆုံးခါ နီးပြီဖြစ်ပါတယ်။ ကိုယ့်တိုင်းပြည် အသင်းက နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ၊ ပရိသတ်ကတော့ အချိန်တန်ရင် ရုရှားမှာစားခဲ့ရတဲ့ ဟင်းအရသာကိုတွေးရင်း၊ တချို့လည်း ရုရှား vodka အရက်ပုလင်းကိုပါ ပိုက်လို့ အိမ်ပြန်ကြရမှာဖြစ်ကြောင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG