သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြရုရှားအတိုက်အခံခေါင်းဆောင် ထောင်ရက် ၃၀ ပြစ်ဒဏ်ချခံရ


အတိုက်အခံနိုင်ငံရေး ခေါင်းဆောင် Alexei Navalny ကိုတရားရုံးပြင်ပတွင်တွေ့ရစဉ်
အတိုက်အခံနိုင်ငံရေး ခေါင်းဆောင် Alexei Navalny ကိုတရားရုံးပြင်ပတွင်တွေ့ရစဉ်

ရုရှားနိုင်ငံမှာ အကျင့်ပျက်ခြစားမှုတွေကို ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့လူအင်အား ထောင်နဲ့ချီပြီး လမ်းမတွေပေါ် မနေ့ကထွက်ခဲ့ ကြပါတယ်။ ဒီကိစ္စနဲ့ဆက်စပ်ပြီး အတိုက်အခံနိုင်ငံရေး ခေါင်းဆောင် Alexei Navalny အပါအဝင် ဆန္ဒပြသူ ရာနဲ့ချီ အဖမ်းခံခဲ့ကြရပြီး ခွင့်ပြုချက်မရပဲဆန္ဒပြမှုနဲ့ မစ္စတာ Navalny ကို ထောင်ရက် ၃၀ ချလိုက်ပါတယ်။ အခုလိုဖမ်းဆီးမှုကို အမေရိကန်ပြည်ထောင်စုက အပြစ်တင်ရှုတ်ချလိုက်ပါတယ်။ ဒီအကြောင်း ဗီအိုအေ သတင်းထောက် Daniel Schearf ရုရှားနိုင်ငံမြို့တော် မော်စကိုကပေးပို့တဲ့ သတင်းကို ကိုကျော်အောင်လွင်က ပြောပြပေးပါမယ်။

ရုရှားသမ္မတ Vladimir Putin နဲ့သူ့အပေါင်းအပါတွေရဲ့အကျင့်ပျက်ခြစားမှုတွေကို ဆန့်ကျင်တဲ့ဆန္ဒပြမှုတွေ မနေ့က ရုရှားနိုင်ငံတဝှမ်းဖြစ်ပွါးခဲ့ပြီး အတိုက်အခံခေါင်းဆောင် Alexei Navalny နဲ့ ရာနဲ့ချီတဲ့ဆန္ဒသူတွေကို ရုရှားရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

"ကျမတို့ ပါးစပ်ပိတ်ပြီးမနေနိုင်ဘူး။ အာဏာပိုင်တွေဆီက အဖြေကိုထွက်လာအောင်လုပ်မယ်။ အာဏာပိုင်တွေက သူတို့ရဲ့ပြစ်မှုတွေအားလုံးကို ထုတ်ပြောလာအောင် ကျနော်တို့လုပ်ကြမယ်" လို့ အမည်မဖေါ်လိုတဲ့ဆန္ဒပြသူ အမျိုးသမီးတဦး က ရုရှားလိုပြောခဲ့တာပါ။

အတိုက်အခံခေါင်းဆောင် Alexei Navalny ရဲ့ တွစ်တာ လူမှုကွန်ယက်ကနေ သူ့ကိုဖမ်းပြီးအချုပ်ထဲထည့်နေတဲ့ဓါတ်ပုံ တပုံထွက်လာပါတယ်။ Alexei Navalnyဟာ လာမယ့်နှစ်ရွေးကောက်ပွဲမှာ သမ္မတအဖြစ်ဝင်အရွေးခံဖို့ကြေညာထားတဲ့ သူပါ။ မနေ့က မော်စကိုမြို့မှာ ဆန္ဒပြမှုတွေမစခင် သူ့ရဲ့အိမ်အပြင်ဖက်မှာ မစ္စတာ Navalny အဖမ်းခံခဲ့ရတာပါ။

"ရုရှားရဲ့စီးပွါးရေးကိုဖျက်ဆီးနေတဲ့ ဒေါ်လာကုဋေနဲ့ချီအကျင့်ပျက်ခြစားမှုတွေကို ကျနော်တို့လူငယ်တွေက မကြိုက်ပါ ဘူး။ လူငယ်တွေက နိုင်ငံရေးမှာ အတက်ကြွဆုံးဖြစ်ပြီးတော့ ဆန္ဒပြပွဲမှာ မပါတဲ့လူတွေရဲ့အခွင့်အရေးတွေကိုပါကြိုးစားပြီး ကာကွယ်နေပါတယ်” လို့ဆန္ဒပြသူတဦးက ရုရှားလို ပြောသွားခဲ့တာပါ။

မနေ့က တနင်္လာနေ့ဟာ ရုရှားနေ့လို့ခေါ်တဲ့ အားလပ်ရက်ပါ။ ဒီရုရှားနေ့ကျင်းပတဲ့လှုပ်ရှားမှုတွေကို အနှောက်အယှက် ဖြစ်စေမဲ့ ဆန္ဒပြသူတွေကို ဟန့်တားရလိမ့်မယ်လို့ရဲတွေက ပြောပါတယ်။

အခုလိုရုရှားက အကျင့်ပျက်ခြားစားမှုဆန့်ကျင်ရေး ဆန္ဒပြသမားတွေကိုဖမ်းဆီးခဲ့တာနဲ့ပါတ်သက်ပြီး အမေရိကန်အစိုးရ ကတော့ အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပြီးဖမ်းဆီးခံရသူအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

"ရုရှားနိုင်ငံတဝှမ်းဇွန်လ၁၂ရက်နေ့က ြငိမ်းချမ်းစွာဆန္ဒပြခဲ့ကြသူ ရာနဲ့ချီပြီးဖမ်းဆီးခံခဲ့ရတာကို အမေရိကန်ပြည်ထောင်စုက ပြင်းပြင်းထန်ထန်ရှုပ်ချပါတယ်။ငြိမ်းချမ်းစွာဆန္ဒပြသူတွေ၊ လူ့အခွင့်အရေးစောင့်ကြည့်သူတွေ၊ သတင်းထောက်တွေကို ဖမ်းဆီးခြင်းဟာ ဒီမိုကရေစီစံတန်ဘိုးတွေကို ဆန့်ကျင်ရာရောက်ပါတယ်။ အခြေအနေတွေကို အမေရိကန်ပြည်ထောင်စုက နီးနီးကပ်ကပ်စောင့်ကြည့်နေပြီးငြိမ်းချမ်းစွာ ဆန္ဒပြလို့ဖမ်းဆီးခံခဲ့ရသူတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့တောင်းဆိုပါတယ်။ "လို့ အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် ရှောင် စပိုက်ဆာ ပြောခဲ့တာပါ။

မြို့တော်မော်စကို အပါအဝင် စိန့်ပီတာ စဘက်နဲ့တခြားမြို့တွေက အကျင့်ပျက်ခြစားမှုဆန့်ကျင်ရေးဆန္ဒပြမှုတွေမှာ အနည်းဆုံးလူ ၆၀၀ကျော် အဖမ်းခံခဲ့ကြရပါတယ်။ မော်စကိုမြို့မှာတော့ ရဲတွေက ဆန္ဒပြသူတွေကို တွန်းထုတ်တာတွေ ငရုတ်ကောင်းရေတွေ နဲ့မျက်နှာကိုပက်တာတွေနဲ့ နံပတ်ဒုတ်တွေနဲ့ရိုက်နှက်တာတွေပါလုပ်ခဲ့ကြပါတယ်။

ဒီဆန္ဒပြမှုတွေဟာ သမ္မတပူတင်အစိုးရအပေါ် အတိုက်အခံခေါင်းဆောင်နဲ့သူ့ကိုထောက်ခံသူတွေရဲ့ အကဲစမ်းစိန်ခေါ်မှု တခုလည်းဖြစ်ပါတယ်။ အခုနောက်ဆုံးရထားတဲ့သတင်းတွေအရတော့ အဖမ်းဆီးခံခဲ့ရတဲ့ မစ္စတာ Navalnyကို ခွင့်ပြုချက် မရပဲ ဆန္ဒပြမှုနဲ့မော်စကိုတရားရုံးကနေ ထောင်ဒဏ်ရက်သုံးဆယ်ချမှတ်လိုက်တယ်ဆိုတာပဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG