သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားစစ်လက်နက် မြန်မာကိုတင်ပို့မှု ကန်စိုးရိမ်ချက် အခြေအမြစ်မရှိဟု ရုရှားတုံ့ပြန်


ရုရှားနိုင်ငံလုပ် SU-30 အမျိုးအစား ဂျက်တိုက်လေယာဉ်
ရုရှားနိုင်ငံလုပ် SU-30 အမျိုးအစား ဂျက်တိုက်လေယာဉ်

မြန်မာနိုင်ငံကို ရုရှားက စစ်လက်နက်ပစ္စည်း တင်ပို့တာဟာ မြန်မာနိုင်ငံရဲ့ ကာကွယ်ရေးစွမ်းရည် တိုးမြှင့်ဖို့အတွက်သာ ရည်ရွယ်ကြောင်းနဲ့ အမေရိကန်ရဲ့ စိုးရိမ်မှုတွေဟာ အခြေအမြစ် မရှိကြောင်း ရုရှားကတုံ့ပြန် ပြောဆိုလိုက်ပါတယ်။

ရုရှားနိုင်ငံလုပ် SU-30 အမျိုးအစား ဂျက်တိုက်လေယာဉ် ၆ စင်း၊ မြန်မာနိုင်ငံကို ရောင်းချမယ့် အစီအစဉ်အပေါ် စိုးရိမ်ကြောင်းနဲ့ ပြန်လည်စဉ်းစားဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တိုက်တွန်းခဲ့ပြီး နောက်တရက်ဖြစ်တဲ့ ဒီကနေ့မှာပဲ ရုရှားက တုံ့ပြန်ပြောဆိုလိုက်တာပါ။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Heather Nauert ကတော့ မြန်မာနိုင်ငံကို လက်နက်ရောင်းချမယ့် အစီအစဉ်ဟာ လူ့အခွင့်အရေး ပြဿနာတွေ ကြုံနေရတဲ့ နေရာတွေမှာ ရုရှားက လက်နက်နဲ့ဖြေရှင်းတာကို အားပေးဖို့ ကြိုးစားတဲ့ နောက်ထပ်လုပ်ရပ်တခုအဖြစ် မနေ့တုန်းက ဝါရှင်တန်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ပြဿနာတွေ ပေါ်နေချိန်မှာ ရုရှားအနေနဲ့ ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ ပါဝင်ကူညီရမယ့်အစား လက်နက်နဲ့ အားပေးဖို့ ကြိုးစားနေတယ်လို့လည်း ပြောဆိုခဲ့တာပါ။

ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံရဲ့ ကာကွယ်ရေး စွမ်းရည် မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ အရပ်သားတွေ အတိဒုက္ခရောက်အောင် ခြိမ်းခြောက်ရာ ရောက်နိုင်တဲ့ အခြေအနေတွေကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆက်စပ် ပြောဆိုတာဟာ စိတ်ကူးယဉ် ပြောဆိုရာရောက်ကြောင်း ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန် တုန့်ပြန်ခဲ့ပါတယ်။

ရုရှားနိုင်ငံလုပ် SU-30 အမျိုးအစား ဂျက်တိုက်လေယာဉ် ၆ စင်းကို ရောင်းချမယ့် အစီအစဉ်ကိုတော့ ရုရှားကာကွယ်ရေးဝန်ကြီး Sergey Shoigu ရဲ့ မကြာသေးခင်က မြန်မာနိုင်ငံ ခရီးစဉ်မှာပဲ သဘောတူညီချက် ရရှိခဲ့ကြတာပါ။ အမေရိကန် အစိုးရ အနေနဲ့ကတော့ မြန်မာနိုင်ငံက စိုးရိမ်စရာ အခြေအနေတွေကြောင့် မြန်မာစစ်တပ်ကို သင်တန်းတွေ၊ လက်နက်တွေနဲ့ စစ်ဘက်ဆိုင်ရာ နည်းပညာ အကူအညီမပေးဖို့ မူဝါဒကို ကာလကြာရှည် ကိုင်စွဲထားခဲ့ကြောင်းနဲ့ ဒီမူဝါဒကို နိုင်ငံတကာ အသိုင်းအဝန်းကလည်း လက်ခံထားကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Heather Nauert က ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG