သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်၊ ကနေဒါ၊ EU ဒဏ်ခတ်မှု ရုရှား ငြိမ်မခံနိုင်


ရုရှားနိုင်ငံ Moscow မြို့ရှိ Kremlin အပြင်ဘက်ကနေ မြင်ရတဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန အဆောက်အဦးပုံ (ဒီဇင်ဘာ၊ ၁၀၊ ၂၀၁၈)
ရုရှားနိုင်ငံ Moscow မြို့ရှိ Kremlin အပြင်ဘက်ကနေ မြင်ရတဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန အဆောက်အဦးပုံ (ဒီဇင်ဘာ၊ ၁၀၊ ၂၀၁၈)

ရုရှားက ၂၀၁၈ ခုနှစ်မှာ ယူကရိန်းသင်္ဘော ၃ စင်းကို တိုက်ခိုက်ခဲ့တာ၊ ခရိုင်းမီးယားဒေသကို ရုရှားပိုင်အဖြစ် သွတ်သွင်းခဲ့တာတွေအပြင် ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ရုရှားရဲ့ လုပ်ရပ်တွေအပေါ် အမေရိကန်၊ ကနေဒါ၊ ဥရောပသမဂ္ဂတို့က ပိတ်ဆို့ ဒဏ်ခတ် အရေးယူထားတာကို ငြိမ်ခံနေမှာ မဟုတ်ကြောင်း ရုရှားက ပြောလိုက်ပါတယ်။

ယူကရိန်းနိုင်ငံမှာ ရုရှားက ရန်လိုတဲ့လုပ်ရပ်တွေ ဆက်ရှိနေတာကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားနိုင်ငံက လူပုဂ္ဂိုလ် ၆ ဦးနဲ့ အဖွဲ့အစည်း ၈ ခုကို ပစ်မှတ်ထား အရေးယူလိုက်ကြောင်း မနေ့တုန်းကပဲ အမေရိကန် ဘဏ္ဍာရေးဌာနက ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့တာပါ။

နိုင်ငံတကာမှာ လိုက်နာရမယ့် စည်းကမ်းတွေကို ချိုးဖောက်နေပြီး၊ ယူကရိန်းနိုင်ငံရဲ့ အချုပ်အခြာကို ထိပါးဖို့ ရုရှားရဲ့ ကြိုးပမ်းမှုတွေကို တုံ့ပြန်ဖို့ အဓိပ္ပါယ်ပြည့်ဝတဲ့ ပစ်မှတ်ထား ဒဏ်ခတ်မှုတွေကို မဟာမိတ် EU ကနေဒါ နိုင်ငံတွေနဲ့ ပူးတွဲ အကောင်အထည် ဖော်လိုက်တာ ဖြစ်ကြောင်းလည်း ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin ကကြေညာချက်မှာ ပြောဆိုထားပါတယ်။

ဒဏ်ခတ် အရေးယူလိုက်တဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေရဲ့ ပိုင်ဆိုင်မှုတွေ၊ အကျိုးစီးပွားတွေကို တားမြစ်သွားမှာ ဖြစ်သလို အမေရိကန် နိုင်ငံသားတွေ အနေနဲ့လည်း လုပ်ငန်းတွေ လုပ်ကိုင်ခွင့်ရှိမှာ မဟုတ်ကြောင်းလည်း ကြေညာချက်က ဖော်ပြခဲ့တာပါ။

အရေးယူခံရသူ စာရင်းမှာ ပါဝင်သူတွေ ၅၀ ရာခိုင်နှုန်းနဲ့ အထက် ပိုင်ဆိုင်တဲ့ လုပ်ငန်းတွေကိုလည်း ဥပဒေအရ တားမြစ်သွားမှာ ဖြစ်ပါတယ်။ ယူကရိန်းအပေါ် ရုရှားရဲ့ ရန်လိုတဲ့လုပ်ရပ်တွေကို အမေရိကန်နဲ့ မဟာမိတ်တွေက လက်ခံမှာ မဟုတ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားတာပါ။

အကဲခတ်တွေကတော့ ဒဏ်ခတ်မှုတွေကို ပူးပေါင်းချမှတ်ခဲ့တာဟာ ကောင်းတဲ့ လုပ်ရပ်အဖြစ် မြင်ကြပေမဲ့လည်း အချိန်အတော်ကြာမှ ချမှတ်နိုင်ခဲ့တဲ့အပေါ် အားမလို အားမရ သဘောထားတွေကို ပြောဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG